One Belt, One Road (OBOR) စီမံကိန်း
16-5-2017
တရုတ်နိုင်ငံ၏ ၂၁ ရာစု ပိုးလမ်းမစီးပွားရေးလမ်းကြောင်း နှင့် ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းစီမံကိန်း အား Belt and Road စီမံကိန်းဟုခေါ်ဆိုကြပါသည်။ အဆိုပါ One Belt, One Road စီမံကိန်းသည် တရုတ်သမ္မတရှီကျင့်ဖျင် ချမှတ်ခဲ့သော စီမံကိန်းဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများ၊ ယူရေးရှားဒေသနိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်သည့် စီမံကိန်းတစ်ရပ် ဖြစ်သည်။
အဓိကအားဖြင့် အပိုင်း(၂)ပိုင်းပါဝင်ပြီး ကုန်းမြေအခြေပြု ပိုးလမ်းမကုန်သွယ်ရေး ခါးပတ်လမ်းကြောင်း (Silk Road Economic Belt) နှင့် သမုဒ္ဒရာအခြေပြုကုန်သွယ်ရေကြောင်းပိုးလမ်းမလမ်းကြောင်း (Maritime Silk Road) တို့ဖြစ်သည်။ အဆိုပါ မဟာဗျူဟာစီမံကိန်းသည် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့ရေးရာကိစ္စများတွင် ပိုမိုကျယ်ပြန့်သော အခန်းကဏ္ဍတွင် ပါဝင်နိုင်ရေးနှင့် ၄င်းတို့၏ သံမဏိထုတ်လုပ်ရေး ကဲ့သို့အရေးကြီးသောစီးပွားရေးကဏ္ဍများ တွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်ပင် ဖြစ်သည်။
အဆိုပါစီမံကိန်းအား ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် စတင်ထုတ်ဖော်ကြေငြာခဲ့ပြီး ဝန်ကြီးချုပ် လီခိုက်ကျင်းသည် ၄င်း၏ အာရှ၊ ဥရောပဒေသချစ်ကြည်ရေးခရီးစဉ်များတွင် နိုင်ငံတကာခေါင်းဆောင်များအား စီမံကိန်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
စီမံကိန်း၏နယ်ပယ်
One Belt One Road (OBOR) တွင်အဓိကနယ်ပယ်ကြီး (၆)ခုပါဝင်လျက် ရှိပါသည်။ ၄င်းနယ်ပယ်ကြီးများမှာ အောက်ပါအတိုင်းဖြစ်သည် –
(က) ယူရေးရှားပေါင်းကူးအသစ် – တရုတ်နိုင်ငံအနောက်ပိုင်းမှ ရုရှားနိုင်ငံအနောက်ပိုင်းသို့ လမ်းကြောင်း
(ခ) တရုတ် – မွန်ဂိုလီးယား – ရုရှားးစင်္ကြန် – တရုတ်နိုင်ငံတောင်ပိုင်းမှ ရုရှားအရှေ့ပိုင်းလမ်းကြောင်း
(ဂ) တရုတ် – ဗဟိုအာရှ – အနောက်အာရှစင်္ကြန် – တရုတ်နိုင်ငံအနောက်ပိုင်းမှ တူရကီ
(ဃ) တရုတ်- အင်ဒိုချိုင်းနားကျွန်းဆွယ်စင်္ကြန် – တောင်တရုတ်မှစင်ကာပူ
(င) တရုတ် – ပါကစ္စတန် စင်္ကြန် – အနောက်တောင်တရုတ်မှ ပါကစ္စတန်
(စ) ဘင်္ဂလားဒေ့ရှ် – တရုတ် – အိန္ဒိယ – မြန်မာ စင်္ကြန်- တောင်တရုတ်မှ အိန္ဒိယ
အထက်ပါလမ်းကြောင်းများသည် ကုန်းမြေအခြေပြု လမ်းကြောင်း(၆)ခုဖြစ်ပြီး ကုန်သွယ်ရေကြောင်း ပိုးလမ်းမစီမံကိန်းသည် တရုတ်ကမ်းရိုးတန်းမှ စင်ကာပူ၊ အိန္ဒိယတို့မှ တစ်ဆင့် မြေထဲပင်လယ်သို့ ဦးတည်ထား သည်။
တရုတ်နိုင်ငံ၏ စီမံကိန်းအပေါ်ချမှတ်ထားသည့် ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) သမိုင်းအမွေအနှစ်များ – ရှေးဟောင်းပိုးလမ်းမယဉ်ကျေးမှုအား ပြန်လည်အသက်သွင်းခြင်း၊
(ခ) စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု၊
(ဂ) ခေတ်မီဆက်သွယ်ရေးနှင့် ကုန်သွယ်ရေးကွန်ယက်တည်ထောင်လိုခြင်း၊
(ဃ) ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအကောင်အထည်ဖော်လိုခြင်း၊
အဆိုပါစီမံကိန်းသည် အာရှနှင့် ဥရောပပေါင်းကူး ဆက်သွယ်ရေးအား အခြေပြုထားပြီး နိုင်ငံပေါင်း ၆၀ ခန့်အား အကျိုးသက်ရောက်မှု ရှိမည်ဖြစ်သည်။ အဆိုပါစီမံကိန်းအတွက်ရင်းနှီးမြှပ်နှံမှုတန်ဖိုးမှာ အချိန်ကာလ အတိုင်းအတာပေါ်မူတည်၍ အမေရိကန်ဒေါ်လာ ၄ ထရီလီယံမှ ၈ ထရီလီယံအထိ ကုန်ကျမည်ဖြစ်သည်။ ထိုစီမံကိန်းကြောင့် အမေရိကန်ပြည်ထောင်စု၏ ဒေသတွင်း အကျိုးစီးပွားများဖြစ်သော Trans-Pacific Partnership ၊ Transatlantic Trade and Investment Partnership စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုသဘောတူညီ ချက်များအား ချိန်ညှိပေးနိုင်မည် ဖြစ်သည်။
စီမံကိန်းသည် ဒေသတွင်းနိုင်ငံများကြား အခြေခံအဆောက်အဦ ကွာခြားချက်များအား လျော့ချပေး နိုင်မည်ဖြစ်ပြီး အာရှပစိဖိတ်ဒေသ ၊ ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများ၏ စီးပွားရေးဖွံ့ဖြိုးမှု အား အထောက်အကူပြုနိုင်မည်ဟု ဖော်ပြထားပါသည်။ World Pensions Council ၏ ခန့်မှန်းချက်အရ တရုတ် အပါအဝင် အာရှဒေသတစ်ခုတည်းအတွက် အခြေခံအဆောက်အဦ ပိုင်းဆိုင်ရာ ရင်းနှီးမြှပ်နှံမှုမှာ နောက်၁၀ နှစ် အတွင်း အမေရိကန်ဒေါ်လာ ၉၀ဝ ဘီလီယံအထိရှိနိုင်မည်ဖြစ်သည်။
အဓိကဆောင်ရွက်သွားမည့် လုပ်ငန်းနယ်ပယ်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) အဝေးပြေးလမ်းမကြီးများနှင့် အမြန်လမ်းမများ
(ခ) ရထားလမ်းကွန်ယက်များ
(င) ဆိပ်ကမ်းများ
(စ) ဓာတ်ငွေ့ပိုက်လိုင်းများ
(ဆ) အခြားစီမံကိန်းများ
ပိုးလမ်းမစီးပွားရေးခါးပတ် (Silk Road Economic Belt)
တရုတ်သမ္မတရှီကျင့်ပင်သည် ၂၀၁၃ ခုနှစ် စက်တင်ဘာနှင့် အောက်တိုဘာလများအတွင်း ဗဟိုအာရှနှင့် အရှေ့တောင်အာရှနိုင်ငံများသို့ သွားရောက်ခဲ့စဉ် စီမံကိန်းနှင့်ပတ်သတ်၍ ပူးပေါင်းဆောင်ရွက်ရေး တိုက်တွန်းခဲ့ သည်။
Belt အပိုင်းတွင် ရှေးခေတ်ပိုးလမ်းမဖြတ်သန်းရာဒေသနိုင်ငံများဖြစ်သည့် အာရှတိုက်အလယ်ပိုင်း၊ အနောက်အာရှ၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပဒေသများ ပါဝင်ပါသည်။ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အခြေခံအဆောက်အဦများ တည်ဆောက်ခြင်း၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် ပြည်ပကုန်သွယ်ရေး လုပ်ငန်း များအတွက် ရည်ရွယ်ထားကြောင်းသိရှိရသည်။ ရှေးခေတ်ပိုးလမ်းမ အစိတ်အပိုင်းများအပြင် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသများအထိ ၄င်းတို့၏ Silk Road Economic Belt အား ထပ်မံတိုးချဲ့ထားပါသည်။ မြောက်ပိုင်း Belt သည် ဗဟိုအာရှ ၄င်းမှ ရုရှား ထိုမှ ဥရောပသို့လည်းကောင်း၊ ဗဟို Belt သည် ဗဟိုအာရှ၊ အနောက်အာရှမှသည် ပါရှန်းပင်လယ်ကွေ့နှင့် မြေထဲပင်လယ်သို့လည်းကောင်း၊ တောင်ပိုင်း Belt သည် တရုတ် မှ အရှေ့တောင်အာရှ၊ တောင်အာရှနှင့် အိန္ဒိသမုဒ္ဒရာမှသည် ပါကစ္စတန်သို့ ဦးတည်ထားပါသည်။
ကုန်သွယ်ရေကြောင်းပိုးလမ်းမလမ်းကြောင်း (Maritime Silk Road)
ကုန်သွယ်ရေကြောင်းပိုးလမ်းမလမ်းကြောင်း (Maritime Silk Road) အား ၂၁ရာစု ကုန်သွယ်ရေကြောင်းပိုးလမ်းမလမ်းကြောင်း ( 21st Century Maritime Silk Road) ဟုလည်း ခေါ်ဆိုကြပါသည်။ အရှေ့တောင်အာရှ၊ သမုဒ္ဒရာပိုင်းနှင့် အနောက်အာဖရိကဒေသများ အကြားရင်းနှီးမြှပ်နှံမှုနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများအတွက် ရည်ရွယ်ထားပါသည်။ ကမ်းရိုးတန်းဒေသများအား အခြေတည်ထားပြီး တောင်တရုတ်ပင်လယ်၊ တောင်ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာများအား ဖြတ်သန်းထားပါသည်။
ကုန်သွယ်ရေကြောင်းပိုးလမ်းမလမ်းကြောင်း (Maritime Silk Road) အား သမ္မတရှီကျင့်ပင် ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံလွှတ်တော်တွင် မိန့်ခွန်းပြောကြားစဉ် စတင်မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါစီမံကိန်းအား ပိုးလမ်းမစီးပွားရေးခါးပတ် (Silk Road Economic Belt) စီမံကိန်း၏ ညီအမစီမံကိန်းအဖြစ် သတ်မှတ်ထားပါသည်။ စီမံကိန်းဝင်နိုင်ငံအများစုမှာ တရုတ်ဦးဆောင်သည့် Asian Infrastructure Investment Bank (AIIB) အဖွဲ့ဝင်နိုင်ငံများဖြစ်သည်။
အရှေ့အာဖရိက
အရှေ့အာဖရိကတွင် ဇန်ဇီဘာသည် စီမံကိန်းအတွက်အရေးကြီးသော အခန်းကဏ္ဍမှပါဝင်လျက် ရှိသည်။ အရှေ့အာဖရိတွင် လက်ရှိအချိန် ဆောင်ရွက်ပြီးစီးမှုအနေဖြင့် ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့မှ ယူဂန္ဒာနိုင်ငံ ကန်ပါလာသို့ ဆက်သွယ်ထားသည့် ခေတ်မီ Standard-gauge မီးရထားလမ်းအား ဖောက်လုပ်ပြီး ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် မေလတွင် တရုတ်ဝန်ကြီးချုပ် လီခိုက်ကျင်း သည် ကင်ညာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူ ညီချက်အား လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါသဘောတူညီချက်တွင် မွန်ဘာဆာမှ နိုင်ရိုဘီသို့ သွယ်ထားသည့် ၂,၇၀ဝ ကီလိုမီတာအရှည်ရှိ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၅၀သန်းတန်ဖိုးရှိ ရထားလမ်းဖောက်လုပ်ရန် ပါရှိသည်။ ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် တရုတ်နိုင်ငံ၏ Sinomach ကုမ္ပဏီသည် အမေရိကန်ပြည်ထောင်စု General Electric နှင့် နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးခဲ့သည်။ အဆိုပါနားလည်မှုစာချွန်လွှာတွင် အာဖရိက ဆာဟာရဒေသပိုင်းတွင် လေအားသုံးလျှပ်စစ်တာဘိုင် ဆောက်လုပ်ရေးစီမံကိန်းများ ပါဝင်ပါသည်။
တရုတ် – ပါကစ္စတန်စီးပွားရေးစင်္ကြန် (CPEC) နှင့် ဘင်္ဂလားဒေ့ရှ် – တရုတ် – အိန္ဒိယ – မြန်မာ (BCIM) စီးပွားရေး စင်္ကြန်ကို Belt and Road စီမံကိန်း၏ အနီးကပ်ဆုံး ကွန်ယက်များအဖြစ် သတ်မှတ်ထားသည်။ CPEC သည် ကုန်သွယ်ရေကြောင်းပိုးလမ်းမလမ်းကြောင်း နှင့် ပိုးလမ်းမစီးပွားရေးခါးပတ် တို့အကြား အရေးကြီးသော ဆက်သွယ်ရေးလမ်းကြောင်း ဖြစ်သည်။
တရုတ် – ပါကစ္စတန်စီးပွားရေးစင်္ကြန်(CPEC)
တရုတ် – ပါကစ္စတန်စီးပွားရေးစင်္ကြန် (CPEC) သည် ပါကစ္စတန်နိုင်ငံတွင်း အခြေခံအဆောက်အဦ များ တည်ဆောက်ရေး ဖြစ်သည်။ CPEC စီမံကိန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၇ ဘီလီယံတန်ဖိုး ရှိပါသည်။ အဆိုပါစီမံကိန်းတွင် ပို့ဆောင်ဆက်သွယ်ရေးကွန်ယက်များ၊ စွမ်းအင်စီမံကိန်းများ၊ အထူးစီးပွားရေးဇုန်စီမံကိန်းများ ပါဝင်ပါသည်။ CPEC စီမံကိန်းသည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စတင်အသက်ဝင်လာခဲ့ပြီး တရုတ်ကုန်တင်သင်္ဘာများသည် ပါကစ္စတန်နိုင်ငံ ဂွာဒါဆိပ်ကမ်းသို့ စတင်ဆိုက်ကပ်ခဲ့ကာ အာဖရိက နှင့် အနောက်အာရှသို့ ကူးသန်းရေးစတင်ခဲ့သည်။
Asian Infrastructure Investment Bank (AIIB)
Asian Infrastructure Investment Bank သည် အခြေခံအဆောက်အဦတိုးတက်ရေးလုပ်ငန်းစဉ် များအတွက် ရံပုံငွေအား ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် စတင်ချမှတ်ပေးခဲ့သည်။ ၂၀၁၅ခုနှစ်တွင် ယွမ်ငွေ ၁ ထရီလီယံအား အခြေခံအဆောက်အဦလုပ်ငန်းများအတွက် ချမှတ်ပေးခဲ့ကြောင်း တရုတ်အစိုးရက ကြေညာခဲ့သည်။ ၂၀၁၅ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် Asian Infrastructure Investment Bank ၏ စီမံကိန်းမူဘောင်အား ဘေကျင်းမြို့တွင် လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။
၂၀၁၄ခုနှစ် နိုဝင်ဘာလတွင် ပိုးလမ်းမစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၄၀ဘီလီယံအား သမ္မတ ရှီကျင့်ပင်မှ အတည်ပြုပေးခဲ့သည်။ ပါကစ္စတန်ရှိ Karot ရေအားလျှပ်စစ်စီမံကိန်းသည် ပိုးလမ်းမစီမံကိန်းတွင် ပထမဆုံးရင်းနှီးမြှပ်နှံခဲ့သောစီမံကိန်း ဖြစ်သည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် အစ္စလာမ်မာဘတ်မြို့နှင့် ကီလိုမီတာ ၅၀ ခန့်အကွာတွင် Karot ရေအားလျှပ်စစ်စီမံကိန်းအား စတင်အကောင်အထည်ဖော်ခဲ့သည်။ အဆိုပါစီမံကိန်းအား Sanxia ကုမ္ပဏီမှ ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။ တရုတ်အစိုးရအနေဖြင့် အဆိုပါစီမံကိန်းတွင် အမေရိကန်ဒေါ်လာ ၂၅၀သန်း ရင်းနှီးမြှပ်နှံသွားမည် ဖြစ်သည်။
One Belt One Road (OBOR) ၏ လားရာ
တရုတ်နိုင်ငံကနေ အာရှ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ ဥရောပကို ကုန်းလမ်း၊ ရေလမ်းတို့နှင့် ဆက်သွယ်မယ့် ခေတ်သစ်ပိုးလမ်းမကြီး သူတို့အခေါ် One Belt, One Road ခါးပါတ်လမ်းကြီးကြောင့် တကမ္ဘာလုံးအတွက် ကုန်သွယ်ရေးအကျိုးအမြတ်များ ရရှိမည်ဟု တရုတ်နိုင်ငံက ကြေငြာထားပါသည်။ သို့သော်လည်း တရုတ်တို့၏ အစီအစဉ်သည် ပွင့်လင်းမြင်သာမှု မရှိကြောင်း လေ့လာသူတွေက သုံးသပ်ထားကြပါသည်။ အထူးသဖြင့် အမေရိကန်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတွေအတွက် မည်ကဲ့သို့သော စီးပွားရေး အကျိုးအမြတ်များ ရနိုင်မှာလည်း ဆိုတာကလည်း မရှင်းလင်းပါ။ တရုတ်တို့၏ စီမံကိန်းဟာ တရုတ်အကျိုးကိုသာ ရှေ့ရှုထားပြီး နိုင်ငံတကာအလည်မှာ တရုတ်နိုင်ငံဟာ အင်အားကြီးသောနိုင်ငံဖြစ်တယ်ဆိုတာကို ပြသနိုင်ဖို့လုပ်ထားတဲ့ စီမံကိန်းဖြစ်တယ်လို့ China’s Asian Dream: Empire Building Along the New Silk Roadဆိုတဲ့စာအုပ်ကိုရေးသားသူ Tom Miller ကသုံးသပ်ထားပါသည်။
ယခင်ပိုးလမ်းမကြီးကြောင့် လွန်ခဲ့သည့်နှစ်ပေါင်း ရာနှင့်ချီကတည်းက ဥရောပအထိ တရုတ်ကုန်ပစ္စည်းများကို ကုန်သွယ်နိုင်သကဲ့သို့ ယခုကုန်းလမ်းတင်မက ရေလမ်းပါ ပါဝင်သည့် One Belt, One Road ခေတ်သစ်ပိုးလမ်းကြီးကြောင့် တရုတ်တို့၏ ကုန်သွယ်စီးပွားလုပ်ငန်းတွေကို ပြန်လည်ထိုးဖောက်နိုင်မည်ဟု တရုတ်ခေါင်းဆောင်တွေက တရုတ်ပြည်သူတွေကို ပြောကြားထားပါသည်။
နိုင်ငံတကာတွင်လည်း စီမံကိန်းတွင် ပူးပေါင်းပါဝင်နေသော နိုင်ငံတွေအနေနဲ့ အရှုံးမရှိစေရဘူးဆိုပြီး ဆွဲဆောင်နေပါသည်။ သို့သော်လည်း ဒီစီမံကိန်းအပေါ် သံသယရှိနေကြတဲ့နိုင်ငံတွေလည်း အများအပြားရှိနေသည်ဟု Reuters သတင်းဌာန သတင်းထောက် Ben Blanchard ကပြောပါသည်။
အနောက်နိုင်ငံများအနေဖြင့်လည်း ဤစီမံကိန်းနှင့် ပါတ်သက်ပြီး ဘာမှသေသေချာချာမသိရှိကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာပါသည်။ ဒီစီမံကိန်းဟာ တရုတ်နိုင်ငံအကျိုးအတွက်ပဲ ဖြစ်တယ်။ ကမ္ဘာကို တရုတ်က လွှမ်းမိုးနိုင်ဖို့ ကြိုစားသည့် စီမံကိန်းဖြစ်သည်ဟု အချို့ကလည်း ယုံကြည်နေကြပါသည်။ ထိုစွပ်စွဲမှုတွေအားလုံးကို တရုတ်ကတော့ ခိုင်ခိုင်မာမာငြင်းဆန်နေပြီး သူတို့ ရည်ရွယ်ချက်အပေါ် နားလည်မှုလွဲနေတာသာဖြစ်သည်ဟု တရုတ်တို့က ပြောကြားထားပါသည်။ ကုန်းလမ်းကနေ ဆက်သွယ်မည့် One Belt ရေလမ်းကနေဆက်သွယ်မည့် One Road စီမံကိန်းနှင့် ပတ်သက်ပြီး ပထဝီနိုင်ငံရေးအရ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါသည်။
လမ်းကြောင်းပေါ်တွင် ရှိသော ဖွံ့ဖြိုးဆဲနိုင်ငံအတော်တော်များများသည် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ၊ အခြေခံအဆောက်အဦများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရရှိရန်ကြိုဆို၊ စိတ်အားသန်လျက် ရှိပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများကို မက်လုံးတွေပေးပြီး ဆွဲဆောင်နေသည့် တချိန်ထဲမှာ အမေရိကန်ကဲ့သို့သော ဖွံ့ဖြိုးပြီးနိုင်ငံတွေကိုလည်း တက်တက်ကြွကြွ အပြည့်အစုံဆွေးနွေး ရှင်းပြမှုတွေ လုပ်ရန် လိုအပ်ကြောင်း ဘေဂျင်းအခြေစိုက် Tsinghua-Carnegie Center for Global Policy က ညွန်ကြားရေးမှူး Paul Haenle မှ ပြောကြားထားပါသည်။
One Belt One Road (OBOR)၏ ပထဝီနိုင်ငံရေးအပေါ်အကျိုးသက်ရောက်မှုများ
၂၁ရာစုကုန်သွယ်ရေကြောင်းပိုးလမ်းမလမ်းကြောင်း (Maritime Silk Road)
• တရုတ်စွမ်းအင်လုံခြုံမှု၊ ကုန်သွယ်ရေကြောင်းလုံခြုံမှု၊ ပင်လယ်ဓားပြ တိုက်ဖျက်ရေး အကြောင်းးပြချက် များနှင့်အတူ တရုတ်ရေတပ်အင်အားကို ပိုမိုဖြန့်ကျက်လာနိုင်ခြင်း၊
• တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့၏ ရေတပ်ပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန်လာနိုင်ခြင်း၊
• တရုတ်နှင့်အိန္ဒိယတို့၏ ကုန်သွယ်ရေကြောင်းပြိုင်ဆိုင်မှု မြင့်တက်လာနိုင်ခြင်း၊
• တောင်တရုတ်ပင်လယ်အငြင်းပွားမှု ပြင်းထန်လာနိုင်ခြင်း၊
• မြေထဲပင်လယ်နှင့် အရှေ့အာဖရိကကမ်းရိုးတန်းတလျှောက် နေတိုး၏ လွှမ်းမိုးမှုအား စိန်ခေါ်နိုင်ခြင်း
တရုတ် – မွန်ဂိုလီးယား – ရုရှားစင်္ကြန်
• တရုတ် – မွန်ဂိုလီးယား – ရုရှားဆက်ဆံရေး တိုးမြှင့်နိုင်ခြင်း
• မွန်ဂိုးလီးယား၏ ပင်လယ်ထွက်ပေါက်ရရှိလာနိုင်ခြင်း
တရုတ် – ပါကစ္စတန် စင်္ကြန်
- မလက္ကာရေလက်ကား၏ အရေးပါမှုအား လျော့ချနိုင်ခြင်း၊
• ပါကစ္စတန်ရှိ အမေရိကန်၏ အနေအထားအား ပိုမိုအားနည်းစေနိုင်ခြင်း၊
• ပါကစ္စတန်နှင့် အိန္ဒိယ၏ တင်းမာမှုပိုမိုမြင့်တက်လာနိုင်ခြင်း၊
ဘင်္ဂလားဒေ့ရှ် – တရုတ် – အိန္ဒိယ – မြန်မာ စင်္ကြန်
- ဘင်္ဂလားပင်လယ်အော်အတွင်း တရုတ်တို့၏ သြဇာမြင့်တက်လာနိုင်ခြင်း၊
• မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံရရှိစေခြင်း၊
• မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွင် တရုတ်၏ အခန်းကဏ္ဍ ပိုမိုကျယ်ပြန့်လာနိုင်ခြင်း၊
• အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်ဆက်ဆံရေးတွင် တရုတ်အနေဖြင့် ဝင်ရောက်စွက်ဖက်နိုင်ခြင်း၊
တရုတ် – အင်ဒိုချိုင်းနား စီးပွားရေးစင်္ကြန်
- အာဆီယံဒေသတွင်း စွမ်းအင်လုံခြုံရေးရရှိနိုင်ခြင်း၊
• တောင်တရုတ်ပင်လယ်အငြင်းပွားမှုများအား လျော့ချနိုင်ခြင်း၊
• ဖိလစ်ပိုင်အား အမေရိကန်ပြည်ထောင်စုနှင့် ခွဲထုတ်နိုင်ခြင်း၊
• မြန်မာ၊ ထိုင်းနှင့် လာအိုတို့၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများတွင်ပါဝင်စွက်ဖက်နိုင်ခြင်း၊
တရုတ်အလယ်ပိုင်းနှင့် အနောက်အာရှစီးပွားရေးစင်္ကြန်
- ဗဟိုအာရှဒေသတွင်း အီရန်အပေါ်အားထားမှုကိုမြှင့်တင်နိုင်ခြင်း၊
• ရုရှားနှင့် တရုတ်နိုင်ငံတို့အကြား ဖြစ်နိုင်ချေရှိသော တင်းမာမှုများအတွက် အသာစီးရယူနိုင်ခြင်း၊
• တူရကီနှင့် တရုတ်ဆက်ဆံရေးတိုးမြှင့်နိုင်ခြင်း၊
• ပင်လယ်ကွေ့နိုင်ငံများ အသင်း (GCC) အပေါ် အီရန်၏ ခြိမ်းခြောက်မှုအား ပိုမိုအားပေးနိုင်ခြင်း၊
• အတ္တလန်တိတ်ဒေသနိုင်ငံများကြား ဆက်ဆံရေးအား ပိုမိုရှုပ်ထွေးစေခြင်း၊
• ရုရှားဦးဆောင်သည့် ရုရှား၊ အီရန်၊ အိန္ဒိယတို့၏ တောင်မြောက်ပို့ဆောင်ရေးစင်္ကြန်အား ယှဉ်ပြိုင်နိုင်ခြင်း၊
ယူရေးရှားပေါင်းကူးအသစ်
• ဥရောပတွင် ရုရှား၏ လွှမ်းမိုးမှု တိုးမြှင့်လာနိုင်ခြင်း၊
• ကုန်းတွင်းပိတ် ကာဇစ္စတန်နိုင်ငံအနေဖြင့် ရုရှားအပေါ်မှီခိုမှု ပိုမိုမြင့်တက်လာနိုင်ခြင်း
• အမေရိကန်နှင့် ဥရောပဆက်ဆံရေးအား သပ်လျှိုသည့်အနေအထား ရောက်ရှိလာနိုင်ခြင်း
မြန်မာနိုင်ငံနှင့် OBOR
၂၀၁၆ ခုနှစ် နိုဝင်ဘာ နောက်ဆုံးပတ်တွင် မန္တလေးမြို့၌ ကျင်းပသည့် အစည်းအဝေး၌ တရုတ် ကောင်စစ်ဝန်ချုပ် ဝမ်ဂျောင်ရင်က ယင်းတို့ဘက်မှ မြန်နှုန်းမြင့် ရထားလမ်းသည် တရုတ်- မြန်မာ နယ်စပ်မြို့ ရွှေလီမှ မြန်မာဘက် ခြမ်းသို့ ဝင်လာနိုင်ရေး အတွက် ဆောက်လုပ်ရေး လုပ်ငန်းများကို စတင်နေပြီဟု ပြောကြားခဲ့ပါသည်။ ထိုရထားလမ်းသည် မူဆယ်၊ လားရှိုး၊ မန္တလေး၊ ရန်ကုန်နှင့် မော်လမြိုင်မြို့တို့မှ တစ်ဆင့် ထိုင်းနိုင်ငံသို့ ဖြတ်ကျော် ဝင်ရောက်မည် ဖြစ်သည်။ တစ်နာရီ မိုင် ၂ဝဝ နှုန်းဖြင့် မောင်းနှင်မည့် ယင်းမြန်နှုန်းမြင့် ရထား လမ်းသာ တကယ်တမ်း လက်တွေ့ အကောင်အထည်ပေါ်သွားပါက တရုတ်ပြည် ယူနန်နယ်စပ်မှ ရန်ကုန်မြို့သို့ နာရီ အနည်းငယ် အတွင်း ရောက်ရှိမည် ဖြစ်သည်။
ယင်းရထားလမ်း စီမံကိန်းသည် အာရှနှင့် ဥရောပအကြား ဖြတ်သန်း ကုန်သွယ်မည့် One Belt, One Road စီမံကိန်း၏ တစ်စိတ်တစ်ဒေသ ဖြစ်ကာ အိန္ဒိယသမုဒ္ဒရာ ကိုလည်းဖြတ်၊ အာဖရိကကိုလည်း ဖြတ်၍ ဥရောပနှင့် ရုရှားအထိ ဖြန့်ကြက်မည့် တရုတ်တို့၏ မဟာဗျူဟာ ပိုးလမ်းမ စီမံကိန်းကြီး ဖြစ်သည်။ တရုတ်တို့သည် မြန်မာနိုင်ငံ၌ လက်ရှိအချိန်ထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံအဖြစ် နေရာယူထားလျက် ရှိသည်။
ယခု One Belt, One Road စီမံကိန်းကြီးသာ မြန်မာနိုင်ငံသို့ ဖြတ်သန်းဝင်ရောက် လာမည်ဆိုပါက စီးပွားရေးအရ အကျိုးအမြတ် ရနိုင်သော်လည်း တရုတ်တို့အနေဖြင့် သဘာဝ ပတ်ဝန်းကျင်အပေါ် အလေးထားမှု နှင့်ပတ်သက်၍ စဉ်းစားရဦးမည် ဖြစ်သည်။ ရထားလမ်း ဖောက်ခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင်နှင့် ဒေသခံများအပေါ် အကျိုးသက်ရောက်မှု မည်မျှရှိနိုင်မည် ဆိုသည်ကို အသေးစိတ် စိစစ်မည်ဟု မြန်မာနိုင်ငံဘက်က ဆိုထားပြီး တရုတ်တို့ဘက်ကမူ ထိုလမ်းကြောင်း ဖောက်လုပ်ခွင့် ရရှိရေးကို စိတ်အား ထက်သန်လျက် ရှိသည်။ မြန်မာနိုင်ငံတွင် ထုတ်ယူနိုင်သည့် သဘာဝ သယံဇာတများမှာ များစွာ ကျန်ရှိ နေသေးပြီး ယခု စီးပွားရေးဈေးကွက် ပွင့်လင်းလာသည့် နိုင်ငံတစ်ခု ဖြစ်သောကြောင့် စီးပွားရေး လုပ်ငန်းမြှုပ်နှုံလိုသည့် ပြည်ပနိုင်ငံများ၏ စိတ်ဝင်စားမှုကို ခံနေရသည်။ အထူးသဖြင့် အရှေ့တောင်အာရှတွင် အမြန်ဆုံး စီးပွားရေးဇုန်တစ်ခု အဖြစ် အောင်မြင်စွာ ထူထောင်နိုင်သည့် သီလဝါအထူး စီးပွားရေးဇုန် ကဲ့သို့ ကာလတိုအတွင်း လုပ်ငန်း လည်ပတ်နိုင်ခြင်း နှင့် တရုတ်တို့၏ ရှယ်ယာအများစု ရရှိထားသည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းလည်း ရှိနေသောကြောင့် မြန်မာနိုင်ငံကို One Belt, One Road ကုန်သွယ်ရေး စီမံကိန်းတွင် မပါပါအောင် တရုတ်တို့ ဆွဲထည့်ထားခြင်း ဖြစ်သည်။
အမေရိကန်တို့က ပစိဖိတ် ဖြတ်ကျော် ကုန်သွယ်ရေး (TPP) ကို နိုင်ငံပေါင်း ၁၂ နိုင်ငံနှင့် နိုင်ငံဖြတ်ကျော် ကုန်သွယ်ရေး အစီအစဉ်စတင်ခဲ့ရာတွင် ကမ္ဘာ့စီးပွားရေး၏ ၂၅ ရာခိုင်နှုန်းကို ကိုင်တွယ်မောင်းနှင် နိုင်ရန် စီမံကိန်း ဆွဲထားခြင်း ဖြစ်သည်။ ယခု တရုတ်တို့ကလည်း နိုင်ငံပေါင်း ၆ဝ နှင့် ကမ္ဘာ့စီးပွားရေး၏ အလယ်ဗဟိုကို ကိုင်တွယ် မောင်းနှင်နိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ တရုတ်တို့၏ အဓိကပစ်မှတ် သည် အမေရိကန်ကို ကျော်တက်ပြီး ကမ္ဘာ့ပထမ ဟူသော နေရာကို ယူထားနိုင်ရေး ဖြစ်သည်။ ထို့ကြောင့် ရေတိုစီမံကိန်း များအစား One Belt, One Road ကဲ့သို့ ရေရှည်စီမံကိန်းများကို တရုတ်တို့ ပိုသဘောကျခြင်း ဖြစ်သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် လူဦးရေသန်း ၁၃ဝဝ ကျော်ရှိသော ၄င်းနိုင်ငံ၏ စီးပွားရေးကို အကောင်းဆုံး အကောင် အထည်ဖော်ပြီး အမေရိကန်ကို ကျော်တက်နိုင်ရန် ကြိုးစားနေသူ ဖြစ်ကာ ပြည်တွင်း ဆင်းရဲမှု ပပျောက်ရေးကိုလည်း ရေရှည်စီမံကိန်း များနှင့် ဆောင်ရွက် နေသူလည်း ဖြစ်သည်။
ယခု One Belt, One Road စီမံကိန်းကိုလည်း ရှီကျင့်ဖျင်က စတင် အကောင်အထည် ဖော်ခြင်းဖြစ်သည်။ တရုတ်တို့ အတွက် မြန်မာနိုင်ငံသည် အရေးပါဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်နေသည်။ ထို့ကြောင့် ၄င်းတို့၏ မဟာဗျုဟာ စီမံကိန်းကြီး ဖြစ်သည့် One Belt, One Road တွင် မြန်မာနိုင်ငံကို ထည့်သွင်းရေးဆွဲ ထားခြင်းဖြစ်ကြောင်း တင်ပြ လိုက်ရပါသည်။
ကြယ်နီ