အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (International Criminal Court) နှင့် လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေကို လေ့လာသုံးသပ်ခြင်းစာတမ်း

2

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (International Criminal Court) နှင့်
လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေကို လေ့လာသုံးသပ်ခြင်းစာတမ်း

PDF Download Link: Analysis on ICC and Current Myanmar’s Affairs

ယနေ့ မြန်မာနိုင်ငံသည် ရခိုင်အရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာက အာရုံစိုက်ခံရသည်အထိ ရောက်ရှိခဲ့သောအခြေအနေများ ဖြစ်ပေါ်ခဲ့ပြီး ပြည်ပဖိအားဒဏ်ကို အတော်ပင်ဆိုးရွားစွာ ခံစားရနေသည်ဟု ဆိုနိုင်ပါသည်။ အထူးသဖြင့် လုံခြုံရေးပိုင်းဆိုင်ရာ ကိစ္စရပ်များတွင် အဓိကတာဝန်ယူခဲ့ရသော မြန်မာ့တပ်မတော်ကို လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇ၀တ်မှုစသည့် ခေါင်းစဉ်များဖြင့် တရားရုံးတင် အပြစ်ပေးနိုင်ရန် ကြိုးပမ်းနေကြသည်ကိုလည်း တွေ့မြင်ရသည်။ မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ပြင်းပြင်းထန်ထန် ထိုးနှက်တိုက်ခိုက်ခံရသည့် အခြေအနေတစ်ရပ် ဟုလည်း သုံးသပ်ရမည့် အနေအထား ဖြစ်ပါသည်။ အဆိုပါ မြန်မာ့အရေး အခြေအနေများနှင့် ပတ်သက်ပြီး သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ သုံးသပ်ချက်စာတမ်းတစ်စောင် ပြုစုထုတ်ပြန်ရန် စီစဉ်လုပ်ဆောင် ခဲ့ပါသည်။ ယခုစာတမ်းတွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (International Criminal Court – ICC) ၏ နောက်ခံသမိုင်းကြောင်း၊ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ သဘောထားများ၊ အနာဂတ် မြန်မာ့အရေးအပေါ် သုံးသပ်ချက်များကို ကောက်နုတ်ထည့်သွင်း ပြုစုထားပါသည်။ လေ့လာလိုသူများ အတွက် လိုအပ်သလို အသုံးပြုနိုင်ရန် ဖြန့်ချိပေးလိုက်ပါသည်။

၁။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (International Criminal Court – ICC)

ကမ္ဘာတစ်ဝန်းမှ ပြစ်မှုထင်ရှားသော လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှု ကျူးလွန်မှုများကို တရားစွဲဆိုအပြစ်ပေးနိုင်ရန် ရည်ရွယ်ကာ ဖွဲ့စည်းထားခြင်းဖြစ်သည်။ ၁၉၉၃ ခုနှစ်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ယူဂိုစလားဗီးယားနိုင်ငံ၌ ဖြစ်ပွားခဲ့သော ရာဇ၀တ်မှုများအား စစ်ဆေး အပြစ်ပေးရန်အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (Ad-hoc Tribunal – International Criminal Tribunal for the former Yugoslavia – ICTY) ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ထိုတရားရုံးသည် သီးသန့်တရားရုံး Ad-hoc တစ်ခု ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ရဝမ်ဒါနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကာလများအတွင်း ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူနိုင်ရန် ၁၉၉၄ ခုနှစ်တွင် လုံခြုံရေးကောင်စီက ရဝမ်ဒါနိုင်ငံအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (International Criminal Tribunal of Rwanda – ICTR) ကို ထပ်မံဖွဲ့စည်းခဲ့သည်။

၁၉၉၈ ခုနှစ်တွင် အီတလီနိုင်ငံ၊ ရောမမြို့၌ ကုလသမဂ္ဂမှ ကြီးမှူးဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (International Criminal Court – ICC) ကို ဖွဲ့စည်းတည်ထောင်ရန်အတွက် သဘောတူစာချုပ်မူကြမ်း ရေးဆွဲသည့် ညီလာခံတစ်ရပ်ကို ကျင်းပခဲ့ကြသည်။ ထိုညီလာခံတွင် နိုင်ငံပေါင်း (၁၆ဝ) မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး တစ်လကျော်ကြာ ဆွေးနွေးညှိနှိုင်းကာ တက်ရောက်လာသည့် နိုင်ငံများထဲမှ နိုင်ငံပေါင်း (၁၂၃) နိုင်ငံမှ ထိုစာချုပ်ကို အတည်ပြုရန် ထောက်ခံမဲပေးခဲ့သည်။
သို့သော်လည်း အမေရိကန်နိုင်ငံအပါအဝင် တရုတ်၊ လစ်ဗျား၊ အီရတ်နှင့် အခြားနိုင်ငံ (၇) နိုင်ငံက ထိုစာချုပ်ကို ချုပ်ဆိုလက်မှတ်ရေးထိုးရန် ကန့်ကွက်မဲပေးခဲ့ကြပြီး နိုင်ငံပေါင်း (၂၁) နိုင်ငံက ကြားနေခဲ့သည်။ ယင်းစာချူပ်ကို ၁၉၉၈ ခုနှစ် ဇူလိုင်လ (၁၇) ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (International Criminal Court – ICC) ကို ဖွဲ့စည်း တည်ထောင်ရန်အတွက် လက်မှတ်ရေးထိုးခဲ့သည့် နေရာဖြစ်သော ရောမမြို့ကို အစွဲပြု၍ ရောမစာချုပ် (Rome Statute) ဟုလည်း ခေါ်ဆိုသည်။

စာချုပ်အရ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးကို ဖွဲ့စည်းထူထောင်နိုင်ရန်အတွက် နိုင်ငံပေါင်း (၆ဝ) က အတည်ပြု လက်မှတ်ရေးထိုးရန် သတ်မှတ်ထားခဲ့သည်။ ၂ဝဝ၂ ခုနှစ် ဧပြီလ (၁၁) ရက်နေ့တွင် နိုင်ငံပေါင်း (၆၆) နိုင်ငံက အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီးနောက် ၂ဝဝ၂ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့တွင် တရားရုံးကို စတင်ဖွဲ့စည်းနိုင်ခဲ့ပြီး နယ်သာလန်နိုင်ငံ၊ ဟိတ်မြို့ တွင် ရုံးစိုက်ကာ စတင်ဖွင့်လှစ်ခဲ့ပါသည်။

၂။ ICC က လက်ခံကိုင်တွယ်နိုင်သည့် ရာဇဝတ်ပြစ်မှု အမျိုးအစားများ

ယခုပေါ်ပေါက်လာသောတရားရုံးသည် လူမျိုးသုဉ်းသတ်ဖြတ်မှုများ (Genocide)၊ လူသားမျိုးနွယ် တစ်ခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုများ (Crimes against Humanity)၊ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုများ (War Crimes) တို့ကို ကျူးလွန်သည်ဟု စွပ်စွဲခံရသည့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် (သို့) အဖွဲ့အစည်းတစ်ရပ်ကို ခုံရုံးတင် အရေးယူနိုင်သည်။ ထိုအမှု (၃) မျိုးနှင့် အကျုံးမဝင်သည့် ကျန်သည့်အမှုများကို မတိုင်ကြားနိုင်ပေ၊ အရေးမယူနိုင်ပေ။ အထက်တွင် ဖော်ပြထားသော အချက် (၃) ချက်ထဲမှ တိုင်ကြားနိုင်သောအမှုများမှာ

(က) လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide)

လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide) ဆိုသည်မှာ နိုင်ငံသား၊ မျိုးနွယ်စု၊ လူမျိုးစု (သို့မဟုတ်) ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့များအားလုံးကို ဖျက်ဆီးရန် ရည်ရွယ်ချက်နှင့် ကျူးလွန်မှုများ (သို့မဟုတ်) အချို့အစိတ်အပိုင်းကို ဖျက်ဆီးရန် ရည်ရွယ်ချက်နှင့် ကျူးလွန်မှုများကိုဆိုလိုသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။
အပိုဒ် (၇) အရ လူမျိုးသုဉ်း သတ်ဖြတ်မှုနှင့် သက်ဆိုင်သော ပြစ်မှုအမျိုးအစား ၅ မျိုးမှာ-
(၁) လူတစ်စု၏ အဖွဲ့ဝင်များကို ပစ်မှတ်ထားသော သတ်ဖြတ်ခြင်း။
(၂) လူတစ်စု၏ အဖွဲ့ဝင်များကို ခန္ဓာကိုယ် သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ အန္တရာယ်ပြုခြင်း။
(၃) အသင်းအဖွဲ့တစ်ခုလုံး သို့မဟုတ် အချို့ကို စိတ်ပိုင်းဆိုင်ရာ ကျဆင်းပျက်စီးမှု ဖြစ်ပေါ်စေရန် တမင်တကာ ရည်ရွယ်၍ ထိုအုပ်စု၏ အသက်အန္တရာယ်ကို ထိပါးခြင်း။
(၄) လူတစ်စုအတွင်း၌ ကလေးမွေးဖွားမှုကို တားဆီးရန်ဟူသော ရည်ရွယ်ချက်ဖြင့် ချမှတ်သည့် သတ်မှတ်ချက်ကို လိုက်နာစေခြင်း။
(၅) ကလေးသူငယ်များကို လူအုပ်စုတစ်စုမှ အခြားလူအုပ်စုတစ်စုသို့ အတင်းအဓမ္မ ရွှေ့ပြောင်းခြင်း။

(ခ) လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေသည့် ရာဇ၀တ်မှုများ (Crimes against Humanity)
လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုများဆိုသည်မှာ မည်သည့်အရပ်သား လူထုကိုမဆို ဦးတည်၍ စနစ်တကျတိုက်ခိုက်သော (သို့မဟုတ်) ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်သော ကျူးလွန်မှုများဟု အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

အပိုဒ် (၇) အရ လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုများနှင့် သက်ဆိုင်သော ပြစ်မှုအမျိုးအစား (၁၁) ခုမှာ –
(၁) လူသတ်မှု၊
(၂) မျိုးဖြုတ်ခြင်း၊
(၃) ကျွန်ပြုခြင်း၊
(၄) ပြည်နှင်ဒဏ်ပေးခြင်း သို့မဟုတ် အတင်းအကျပ် ရွှေ့ပြောင်းခြင်း၊
(၅) ထောင်သွင်းအကျဉ်းချခြင်း (သို့မဟုတ်) အပြည်ပြည်ဆိုင်ရာ အခြေခံစည်းမျဉ်းများကို ချိုးဖောက်၍ လူတစ်ယောက်၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ပြင်းထန်စွာ ဆုံးရှုံးစေခြင်း၊
(၆) ညှဉ်းပမ်းနှိပ်စက်ခြင်း၊
(၇) မုဒိမ်းကျင့်ခြင်း၊ လိင်ကျေးကျွန်ပြုခြင်း၊ အတင်းအကျပ် ပြည့်တန်ဆာအဖြစ်စေခိုင်းခြင်း၊ ကိုယ်ဝန်ရှိစေခြင်း၊ ကိုယ်ဝန်မရရှိစေခြင်း၊ အခြားဆိုးရွားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊
(၈) သက်သေအထောက်အထားပြနိုင်သော မည်သည့်လူစုကိုမဆို ညှဉ်းပန်းနှိပ်စက် (သို့မဟုတ်) နိုင်ငံရေး၊ လူမျိုးရေး၊ အမျိုးသားရေး၊ မျိုးနွယ်စုရေး၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ လိင် စသည့်အုပ်စုများအား ညှဉ်းပန်းနှိပ်စက်ခြင်း၊
(၉) လူများအား အတင်းအကျပ် ပျောက်ဆုံးစေခြင်း၊
(၁၀) လူမျိုးအသားအရောင် ခွဲခြားရေးဆိုင်ရာဝါဒနှင့်ဆိုင်သော ရာဇဝတ်မှုများပြုလုပ်ခြင်း၊
(၁၁) တမင်တကာရည်ရွယ်၍ ကြီးစွာသောဆင်းရဲမှုကို ဖြစ်စေခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် ခန္ဓာကိုယ်ပိုင်း ဆိုင်ရာအရ ပြင်းထန်စွာ ထိခိုက်အနာတရဖြစ်စေခြင်း စသည့် အခြားလူမဆန်သည့် လုပ်ရပ်များကို ဆိုလိုသည်။

(ဂ) စစ်ရာဇဝတ်မှု (War Crimes)

စစ်ရာဇဝတ်မှုဆိုသည်မှာ ပြည်တွင်းစစ်ဖြစ်စေ၊ နိုင်ငံတကာစစ်ပွဲဖြစ်စေ၊ လက်နက်ကိုင် ပဋိပက္ခကာလအတွင်း စီမံကိန်းတစ်ခု၊ မူဝါဒတစ်ခု၏ အစိတ်အပိုင်းအနေဖြင့် ကျူးလွန်ခြင်း (သို့မဟုတ်) ထိုပြစ်မှုမျိုးကို ကျယ်ပြန့်သော ပမာဏတစ်ခု ကျူးလွန်ခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ စစ်ရာဇဝတ်မှုအတွက် ရေးဆွဲထားသော ဥပဒေအပိုဒ် (၈) အရ စစ်ရာဇဝတ်မှုနှင့်ပတ်သက်၍ အဓိကကျသော အောက်ပါ အချက် (၄) ချက်ကို ကျူးလွန်ပါက စစ်ရာဇဝတ်မှု မြောက်သည်ဟု ဆိုနိုင်သည်။
(၁) ၁၉၄၉ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်၊ ဂျီနီဗာသဘောတူညီချက်များ၏ ပြဋ္ဌာန်းချက်များကို လူအများ (သို့မဟုတ်) အရာဝတ္ထုများအပေါ် ပြင်းထန်စွာ ချိုးဖောက်မှုများ၊
(၂) စစ်ပွဲအတွင်းနှင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကျင့်သုံးရမည့် စစ်ဥပဒေကို ပြင်းထန်စွာ ချိုးဖောက်မှုများ၊
(၃) အပြည်ပြည်ဆိုင်ရာ လက္ခဏာဆောင်သည့် လက်နက်ကိုင်ပဋိပက္ခဖြစ်ရာတွင် ၁၉၄၉ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်ပါ ဂျီနီဗာသဘောတူညီချက် (၄) ရပ်နှင့် သက်ဆိုင်သည့် ပုဒ်မ (၃) ကို ပြင်းထန်စွာ ချိုးဖောက်မှုများဖြစ်သော ဖျားနာနေသော၊ ထိခိုက်ဒဏ်ရာရနေသော၊ ဖမ်းဆီး ချုပ်နှောင်ခြင်းခံရသော (သို့မဟုတ်) အခြားအကြောင်းကြောင့် စစ်မတိုက်နိုင်သော လက်နက်ချပြီးဖြစ်သည့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များတွင် တက်ကြွစွာ ပါဝင်တိုက်ခိုက်ခြင်း မရှိတော့သည့်သူများကို ဆန့်ကျင်တိုက်ခိုက် ကျူးလွန်မှုများ၊
(၄) အပြည်ပြည်ဆိုင်ရာ လက္ခဏာမဆောင်သည့် လက်နက်ကိုင်ပဋိပက္ခ (ပြည်တွင်းစစ်) များ အတွက် ကျင့်သုံးသော စစ်ဥပဒေကို ပြင်းထန်စွာ ချိုးဖောက်မှုတို့ ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ စစ်ရာဇဝတ်မှု မြောက်နိုင်သော အမှုများမှာ –
(၁) လူများကို သတ်ဖြတ်ခြင်း၊ မျိုးသုဉ်းစေခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် ရက်ရက်စက်စက် ဆက်ဆံခြင်း၊
(၂) လူတစ်ယောက်၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းအောင် ဆက်ဆံခြင်း၊ ဓားစာခံအဖြစ် ခေါ်ဆောင်ခြင်း၊
(၃) ရည်ရွယ်ချက်ရှိရှိဖြင့် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊
(၄) ဂျီနီဗာသဘောတူစာချုပ်က သတ်မှတ်ထားသည့် သင်္ကေတများပါရှိသည့် အဆောက်အဦများ၊ ပစ္စည်းများ၊ ဆေးဝါးဌာနများနှင့် ယာဉ်များကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးခြင်း၊
(၅) လူသားချင်းဆိုင်ရာ စာနာမှုဝန်ထမ်းများနှင့် ငြိမ်းချမ်းရေးတပ်ဖွဲ့များကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊
(၆) ဘာသာရေး၊ ယဉ်ကျေးမှု၊ အထိမ်းအမှတ်များ၊ ဆေးရုံများနှင့် လူနာများထားရှိသည့်နေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊
(၇) လိင်စော်ကားခြင်း၊ အတင်းအကျပ် ပြည့်တန်ဆာအဖြစ် စေခိုင်းခြင်း၊ ကိုယ်ဝန်ရစေခြင်း၊ သားကြောဖြတ်ခြင်းနှင့် အခြားပုံစံများဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊
(၈) အသက် (၁၅) နှစ်အောက် ကလေးများကို စစ်ပွဲများတွင် ပါဝင်စေခိုင်းခြင်း၊
(၉) ရပ်ရွာလူထုများကို လုံခြုံရေးအကြောင်းကြောင့် မဟုတ်ဘဲ ရွှေ့ပြောင်းခြင်း၊
(၁၀) ဒဏ်ရာရသည့် တစ်ဖက်တပ်သားများကို ရက်ရက်စက်စက် သတ်ဖြတ်ခြင်း၊
(၁၁) စစ်သုံ့ပန်းများကို တစ်ယောက်မကျန် သတ်ဖြတ်ခြင်း၊ ၎င်းတို့၏ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို ဖြတ်တောက်ခြင်း၊ ဆေး (သို့မဟုတ်) သိပံ္ပပညာ စမ်းသပ်မှုများကို လုပ်ဆောင်ခြင်း၊
(၁၂) လိုအပ်ချက်အရမဟုတ်ဘဲ လူထု၏ ကိုယ်ပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်း၊ သိမ်းပိုက်ခြင်း သည်လည်း စစ်ရာဇဝတ်မှုမြောက်သည်ဟု အသေးစိတ် ထပ်မံဖွင့်ဆိုထားသည်။

၃။ နယ်သာလန်နိုင်ငံ၊ ဟိတ်မြို့မှ ICC ရုံးချုပ်

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးအား စတင်ဖွဲ့စည်းပြီးနောက်ပိုင်းတွင် ဒုတိယကမ္ဘာစစ်အတွင်း စစ်ဘေးဒဏ်ကြောင့် အပြစ်မဲ့ပြည်သူများ၏ လူ့အခွင့်ရေးဆိုင်ရာ ဆုံးရှုံးနစ်နာမှုများကို ပြန်လည်ကုစားနိုင်ရန်အတွက် အရေးယူအပြစ်ပေးမှုများကို လုပ်ဆောင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဟစ်တလာ ခေါင်းဆောင်သော နာဇီပါတီသည် ဂျူးလူမျိုး (၆) သန်းကျော် အပါအဝင် အခြားလူများအား လူသားချင်းမတရားမှုများဖြင့် ရက်စက်ခြင်း၊ နှိပ်စက်ညှဉ်းပန်းကာ သတ်ဖြတ်ခြင်းများ ပြုမူခဲ့ကြသည်။ အစွန်းရောက်အမျိုးသားရေးဝါဒကို ကျင့်သုံးသော နာဇီပါတီသည် ဂျူးလူမျိုးများ၊ ဂျစ်ပစီများ၊ ကိုယ်အင်္ဂါ ချို့တဲ့သူများ၊ လိင်တူချစ်သူများကိုပါ မျိုးဖြုတ်သတ်ရန် အစီအစဉ်ချမှတ်ခဲ့ကာ အပြစ်မဲ့ပြည်သူများစွာတို့ကို အဆိပ်ငွေ့များလွှတ်၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။

ထို့ကြောင့် စစ်အပြီးတွင် နာဇီစစ်ခေါင်းဆောင်များသာမက အရပ်သားတာဝန်ရှိသူများ အပါအဝင် စုစုပေါင်း လူအယောက် (၂ဝဝ) ကျော်ကို နုရင်ဘတ်မြို့တွင် စစ်ခုံရုံးတင် စစ်ဆေးကာ ထိုက်တန်သော အပြစ် အသီးသီးပေးခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း နုရင်ဘတ်ခုံရုံးတွင် ဥရောပ၌ စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့သော ထိပ်တန်းခေါင်းဆောင်များ၊ သံတမန်များနှင့် စစ်ဘက်အရာရှိကြီးများကို ၁၉၄၅ ခုနှစ်မှ ၁၉၄၆ ခုနှစ်အတွင်း စီရင်ချက်များချကာ အပြစ်ပေးနိုင်ခဲ့သည်။ ထို့အတူ အရှေ့အာရှတွင်လည်း ဂျပန်များ၏ ဖက်ဆစ်စနစ်ကြောင့် တာဝန်ရှိသူများကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ခုံရုံးတင်စစ်ဆေး အပြစ်ပေးခဲ့သည်။ တိုကျိုခုံရုံး၌ အရှေ့အာရှတွင် စစ်ရာဇ၀တ်မှုကျူးလွန်ခဲ့သော ဂျပန်ထိပ်တန်းခေါင်းဆောင်များ၊ သံတမန်များနှင့် စစ်ဗိုလ်ချုပ်များကို အပြစ်ပေးနိုင်ခဲ့သည်။ ယခုလက်ရှိအချိန်တွင်ပင် ဒုတိယကမ္ဘာစစ်အတွင်းမှ စစ်ရာဇဝတ်မှုနှင့် လူမျိုးသုဉ်း သတ်ဖြတ်သူများကို ဆက်လက်ရှာဖွေကာ အပြစ်ပေးစီရင်ခြင်းကိုလည်း လုပ်ဆောင်နေဆဲ ဖြစ်သည်။

စစ်အတွင်းကျူးလွန်သူများကို ခုံရုံးတင်စစ်ဆေး အရေးယူမှုများသာမက အလားတူ လူသားချင်း မတရားသဖြင့် ရက်စက်မှု၊ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်မှုများ ထပ်မံမပေါ်ပေါက်စေရန်အတွက် အလေးထား ဆောင်ရွက်လာခဲ့သည့် ခုံရုံးတစ်ခုလည်း ဖြစ်သည်။ သို့သော်လည်း အဆိုပါ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုတရားရုံးတွင် ကမ္ဘာစစ်အတွင်း စစ်ရှုံးသူများကိုသာ စီရင်ခဲ့ပြီး စစ်နိုင်သည့်နိုင်ငံများမှ ကျူးလွန်သူ တစ်ဦးကိုမျှ အရေးယူခဲ့ခြင်းမရှိဟု ထောက်ပြကြသည်။

၁၉၄၆ ခုနှစ်၊ နုရင်ဘတ်နောက်ပိုင်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (International Criminal Court – ICC) နှင့် လူသားဖြစ်မှု ဆန့်ကျင်သောပြစ်မှုများကို ကာကွယ်ရန် နိုင်ငံတကာပြစ်မှုဆိုင်ရာ ဥပဒေတစ်ခု လက်ခံစေရန်အတွက် (International Criminal Code Prohibiting Crimes against Humanity) ကို ပဲရစ်မြို့တွင် နိုင်ငံတကာ ညီလာခံတစ်ရပ် ကျင်းပပြီး ဆွေးနွေးခဲ့ကြသည်။

၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့တွင် လူမျိုးသုဉ်းသတ်ဖြတ်မှုကို ပြစ်မှုတစ်ခုခုအပေါ် ပြစ်ဒဏ်ပေးခြင်းနှင့် ကာကွယ်ခြင်း သဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide) ကို ICC ဆိုင်ရာ ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုလက်ခံခဲ့ပြီး၊ ယင်းစာချုပ်ကို အခြေခံ၍ တရားရုံး တည်ထောင်ရန် သင့်လျော်သော ပြဋ္ဌာန်းချက်များကို လေ့လာရန်အတွက် နိုင်ငံတကာဥပဒေကော်မရှင် (International Law Commission – ILC) ကို ကုလသမဂ္ဂ အထွေထွေညီလာခံက တာဝန်အပ်နှင်းခဲ့သည်။

၁၉၄၉ – ၁၉၅၄ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး၏ Draft Statute for an ICC တစ်ရပ်ကို ရေးဆွဲခဲ့ရာ အင်အားကြီးနိုင်ငံများက ဆန့်ကျင်ခဲ့ကြသည်။ ၁၉၅၄ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုတရားရုံးဖွဲ့ရန် အစီအစဉ်များ နှောင့်နှေးကြန့်ကြာနေခဲ့ကြပြီး တစ်ချိန်ထဲမှာပင် အစိုးရများက မိမိတို့ပြည်သူများအပေါ် လူ့အခွင့်အရေး အကြီးအကျယ်ချိုးဖောက်မှု၊ လက်နက်ကိုင်စစ်ပွဲများအတွင်း အပြစ်မဲ့ပြည်သူများအပေါ် ရက်ရက်စက်စက် သတ်ဖြတ်မှုများကို ကျူးလွန်လာခဲ့ကြသည်။ (ဥပမာ – ကမ္ဘောဒီယား၊ ကိုဆိုဗို၊ ယူဂိုဆလားဗီးယား၊ ရ၀မ်ဒါ၊ ဆီယာလီယွန်၊ ကင်ညာ၊ အရှေ့တီမောနိုင်ငံများ စသည်တို့ ဖြစ်သည်။)

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးအပြင် ကောင်းမွန်သော တရားဥပဒေ၏ ကင်းလွတ်ခွင့်များ ရရှိခံစားရေးအတွက် လုပ်ဆောင်ခဲ့သော လုပ်ဆောင်မှုများအနေဖြင့် အမှန်တရားကော်မရှင် (Truth Commission)၊ တောင်အာဖရိကနှင့် ယူဂိုဆလားဗီးယားတို့တွင် အထူးတရားခုံရုံး (ad Hoc Tribunal)၊ ရဝမ်ဒါတွင် နိုင်ငံတကာ တရားစီရင်မှုများဖြင့် လုပ်ဆောင်သော အထူးတရားရုံး (Hybrid Court applying International Criminal Law) တို့ကို ဖွဲ့စည်းကာ ကမ္ဘောဒီးယား၊ အရှေ့တီမော၊ ကိုဆိုဗို၊ ဆီယားလီယွန် ၁၉၉၁ – ၁၉၉၂ ခုနှစ် ဘော့စနီးယား – ဟာဇီဂိုးဗီးနားနှင့် ခရိုအေးရှား စစ်ပွဲတို့အတွင်း ရာဇဝတ်မှု ကျူးလွန်သူများကို အပြစ်ပေးအရေးယူနိုင်ရန်အတွက် လုပ်ဆောင်ခဲ့ကြသည်။

၎။ ICC နှင့် မြန်မာနိုင်ငံ

ယနေ့အချိန်တွင် မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်ရှိ ပဋိပက္ခများနှင့် ပတ်သက်ပြီး R2P (Responsibility to Protect) အရ အကာအကွယ်ပေးရန် တာဝန်ရှိသည်ဆိုကာ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံတကာမှ လုံခြုံရေးအဖွဲ့များ ဝင်ရောက်ပြီး ရခိုင်အရေးတည်ငြိမ်စေရန်အတွက် လုပ်ဆောင်ရမည်ဟု ကုလသမဂ္ဂတွင် ဖိအားပေး တင်ပြတောင်းဆိုနေကြသည်။ ထို့အပြင် မြန်မာ့တပ်မတော်မှ တာဝန်ရှိသူအချို့ကိုလည်း ရခိုင်ပြည်နယ် ပဋိပက္ခများအတွင်း နိုင်ငံတကာဥပဒေများကို ချိုးဖောက်ကျူးလွန်ခဲ့သည်ဟု စွပ်စွဲကာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (International Criminal Court – ICC) တွင် အရေးယူမှုများ လုပ်ဆောင်နိုင်ရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အနောက်အင်အားကြီး နိုင်ငံများမှ လောဆော်မှုများကို လုပ်ဆောင်နေကြသည်။

မြန်မာ့အရေးနှင့်ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (International Criminal Court – ICC) တွင် ခုံရုံးတင်စစ်ဆေးနိုင်ရန်အတွက် ရာဇဝတ်မှုအခြေခံသော သက်သေအထောက်အထား ကောက်ယူခြင်းကို နည်းအမျိုးမျိုးဖြင့် လုပ်ဆောင်လျက်ရှိရာ မြန်မာ့တပ်မတော်၏ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုများအပေါ် ဂြိုလ်တုဓာတ်ပုံများဖြင့် ထောက်လှမ်းခြင်း၊ ရာဇဝတ်မှု ကျူးလွန်နေသည်ဟု စွပ်စွဲပြသထုတ်ပြန်သော ဓာတ်ပုံများသည် မှန်ကန်မှု ရှိ၊မရှိ စစ်ဆေးခြင်း၊ ဗွီဒီယိုများ၊ အသံဖမ်းထားသော အခွေများ၊ အခြားအဖွဲ့အစည်းများ၏ တင်ပြမှုများနှင့် မျက်မြင်သက်သေ မှတ်တမ်းများ၊ ဆေးမှတ်တမ်းများ၊ သံတမန်များ၊ သတင်းဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့များနှင့် ကုလသမဂ္ဂဆိုင်ရာ ဝန်ထမ်းများ၏ အစီရင်ခံစာများ၊ လူသေမှတ်တမ်း၊ သင်္ချိုင်းများကို စစ်ဆေးခြင်းစသည်ဖြင့် နည်းမျိုးစုံကို အသုံးပြုကာ လုပ်ဆောင်နေပေသည်။ သို့ရာတွင် ပြန်လည်သုံးသပ်ရန်မှာ ကောက်ယူစစ်တမ်းပြုစုခဲ့သော အချက်အလက်များသည် မှန်ကန်တိကျမှု ရှိ၊ မရှိနှင့် ယုံကြည်ရန် ခိုင်မာခြင်း ရှိ၊ မရှိတို့ကို တိကျသေချာစွာ စစ်ဆေးဆုံးဖြတ်ရန် လိုအပ်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ရခိုင်အရေးကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်နှင့် တာဝန်ရှိသူများအား အရေးယူနိုင်လိမ့်မည်ဟုလည်း နိုင်ငံတကာရေးရာလေ့လာသူများက ခန့်မှန်း ပြောဆိုမှုများ ရှိနေသည်။ သို့သော်လည်း ICC သို့ တင်သွင်းနိုင်ရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အတည်ပြုမှုကို ရယူရန်လိုအပ်မည် ဖြစ်သည်။ မြန်မာနိုင်ငံအား ICC တွင် ပါဝင်လက်မှတ်ရေးထိုးသည့် နိုင်ငံများမှ အရေးယူနိုင်ရန် တင်ပြတောင်းဆိုထားသော်လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၁၂၃) နိုင်ငံမှ လက်ခံသဘောတူ ထားရှိသည့်ထဲတွင် မြန်မာနိုင်ငံအနေနှင့် ICC (Rome Statute) ၏ ဥပဒေများကို နားလည်သဘောပေါက်ကာ လိုက်နာဆောင်ရွက်ပါမည်ဖြစ်ကြောင်း လက်မှတ်ရေးထိုးထားခြင်း မရှိပေ။ ထို့အတွက် အရေးယူရန်ကိစ္စမှာ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်သည် များစွာအရေးကြီးသည်ဟု သုံးသပ်ရမည် ဖြစ်သည်။

ရခိုင်အရေးနှင့်ပတ်သက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်မှုများရှိသည့်အတွက် မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်းမှ တာဝန်ရှိသည်ဆိုကာ ICC သို့ တရားစွဲဆို အပြစ်ပေးနိုင်ရေးသည် အရေးကြီးသည်ဆိုသည့်အမြင်များ ရှိနေကြသည့် နိုင်ငံများကိုလည်း တွေ့ရသည်။ သို့သော်လည်း ထိုကိစ္စများ၏ သဘောသဘာဝနှင့် အမှန်တကယ်ဖြစ်လာနိုင်သည့် အလားအလာ မည်မျှရှိသည်ဆိုသည်မှာ ခန့်မှန်းရန် ခက်ခဲနေဆဲပင်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဒုတိယဆယ်စုနှစ်အတွင်း တရားရုံးများအတွက် မျှော်လင့်ချက်များထက် စိန်ခေါ်မှုများစွာတို့ကိုသာ ရင်ဆိုင်နေဆဲ ဖြစ်ပါသည်။

ICC အနေဖြင့် ၎င်း၏ သဘောတူညီချက်စာချုပ်အရ ပါဝင်လက်မှတ်ရေးထိုးထားသည့် နိုင်ငံသည် ၎င်း၏ အချုပ်အခြာအာဏာ နယ်နိမိတ်အတွင်း ရာဇတ်ဝတ်မှု ကျူးလွန်လျှင်သော်လည်းကောင်း၊ နိုင်ငံအတွင်းမှ ပြည်သူများမှ တရားစွဲဆိုလျှင်သော်လည်းကောင်း၊ ကုလသမဂ္ဂမှ လွှဲပြောင်းပေးအပ်သည့် တရားစီရင်ရေးအမှုများတွင်လည်းကောင်း အလိုအလျှောက် တရားစီရင်ပိုင်ခွင့်ရှိသည်။ အပြည်ပြည်ဆိုင်ရာ ရာဇတ်ဝတ်မှုခုံရုံးတွင် တရားခံအား ဖမ်းဆီးနိုင်သည့် ရဲတပ်ဖွဲ့အင်အား မရှိသောကြောင့် သက်ဆိုင်ရာနိုင်ငံအတွင်းရှိ ရဲတပ်ဖွဲ့များမှ တရားခံအားဖမ်းဆီးကာ တရားရုံးသို့ လွှဲပြောင်း ပေးအပ်မှသာလျှင် တရားစီရင်ပိုင်ခွင့်ကို ဆက်လက်လုပ်ဆောင်နိုင်သည်။

မြန်မာနိုင်ငံအနောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ရခိုင်အရေး ပဋိပက္ခနှင့် ပတ်သက်၍ မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်းတာဝန်ရှိသူများအား ဘင်္ဂါလီများအပေါ်တွင် ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများအတွက် နိုင်ငံတကာ ခုံရုံးသို့တင်၍ တရားစွဲဆိုသွားရန် ဗြိတိန်ပါလီမန်အမတ် (၁၀၂) ယောက်မှ လက်မှတ်ရေးထိုး တောင်းဆိုမှုများ ရှိခဲ့သည်။ ပဋိပက္ခများ စတင်ဖြစ်ပွားသည့် အချိန်မှစ၍ မြန်မာ့တပ်မတော်အား နိုင်ငံတကာမှ ဖိအားပေးမှုများရှိလာခဲ့ကာ ကုလသမဂ္ဂ အစီရင်ခံစာတွင် မြန်မာ့တပ်မတော်၏ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချက်များကြောင့် ဘင်္ဂါလီလူမျိုးအများအပြား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်လာကြောင်း ထည့်သွင်းရေးသားထားသည်။ ထို့အပြင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှလည်း ရခိုင်ပြည်နယ်အတွင်း မွတ်ဆလင်လူနည်းစုအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုများ ရှိနေကြောင်း စွပ်စွဲပြောကြားမှုများလည်း ပေါ်ထွက်ခဲ့သည်။ ယင်းအခြေအနေများအပေါ် အခြေပြု၍ မြန်မာ့တပ်မတော်အပေါ်တွင် နိုင်ငံတကာမှ ဘင်္ဂါလီအရေးကိစ္စနှင့်ပတ်သက်၍ ဖိအားပေးမှုများ ပိုမို များပြားလာခဲ့သည်။ သို့သော် ICC ဆိုင်ရာ သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသည့် မြန်မာနိုင်ငံအပေါ် အရေးယူမည့် လုပ်ဆောင်ချက်မှာ အကန့်အသတ်များ ရှိနေနိုင်ကြောင်း ခန့်မှန်းရသည်။

၅။ အထွေထွေ သုံးသပ်ချက်များ

မြန်မာနိုင်ငံ၏ ရခိုင်အရေးကိစ္စတွင် အဓိကဖိအားများကို ဗြိတိန်နိုင်ငံမှ အဓိကဦးဆောင်နေကြောင်း လေ့လာတွေ့ရှိရသည်။ ဗြိတိန်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် (၆) ကြိမ်တိုင်တိုင် မြန်မာနိုင်ငံအား အရေးယူနိုင်ရေး ကြိုးပမ်းခဲ့သည်။ ဗြိတိန်လွှတ်တော်ရှိ နိုင်ငံခြားရေးရာကော်မတီ (Foreign Affairs Committee – FAC) နှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (International Development Committee – IDC) တို့က ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး ဆွေးနွေးကြားနာမှုများ ပြုလုပ်ကာ ဖိအားပေးနိုင်ရန် လုပ်ဆောင်နေပါသည်။ ၎င်းတို့၏ ဆွေးနွေးချက်များသည် အချက်အလက်အမှားများပေါ် အခြေခံထားပြီး ရခိုင်ဒေသဖြစ်စဉ်များအပြင် မြန်မာနိုင်ငံအရှေ့မြောက်ဒေသရှိ ပဋိပက္ခများကိုလည်း လူ့အခွင့်အရေးချိုးဖောက်မှု ခေါင်းစဉ်အောက်တွင် ဖိအားပေး အရေးယူနိုင်ရန် ကြိုးစားနေကြသည်။

ဗြိတိန်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့အစည်းများ ၀င်ရောက်ခွင့်ရရှိရန်၊ UN Fact Finding Mission အား မြန်မာမှ လက်ခံစေရန်၊ ကိုဖီအာနန် ကော်မရှင်၏ အကြံပြုချက်များကို အမြန်ဆုံး အပြည့်အ၀ အကောင်အထည်ဖော်ရန်စသည့် ကိစ္စရပ်များကို ဆက်လက်ဖိအားပေး လုပ်ဆောင်လာမည်ဟု ခန့်မှန်းရပါသည်။ ထို့အပြင် မြန်မာ့တပ်မတော်ကို လူမျိုးသုဉ်း သတ်ဖြတ်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းစသည့် ခေါင်းစဉ်များအောက်မှ ICC သို့ တင်ပို့တရားစွဲဆိုရန် ကြိုးပမ်းခြင်း၊ တပ်မတော်နှင့် ဆက်စပ်မှုရှိသည့် စီးပွားရေးလုပ်ငန်းများကို ပိတ်ဆို့ခြင်း၊ တပ်မတော်၏ လက်နက်ဝယ်ယူမှု ပိတ်ပင်ထားသည်ကို သက်တမ်းတိုးခြင်းများ ဆက်လက်လုပ်ဆောင်နေမည်ဟု သုံးသပ်နိုင်ပါသည်။

မြန်မာနိုင်ငံ၏ အနီးကပ်ဆုံးမိတ်ဖက်ဟု သုံးသပ်ရမည့် တရုတ်နိုင်ငံအနေဖြင့်လည်း ရခိုင်အရေးကိစ္စတွင် ဘောင်တစ်ခုအတွင်းမှသာ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်နေကြောင်း တွေ့မြင် ရမည်ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် မဟာဗျူဟာကျသည့် မြန်မာနိုင်ငံအပေါ် အကူအညီပေးခြင်းအပြင် နိုင်ငံတကာမျက်နှာစာတွင် ၎င်း၏ပုံရိပ်အား တိုးတက်လာစေရေးကိစ္စရပ်များအကြား လိုအပ်သလို လှုပ်ရှား ကစားနေမည်ဟု ခန့်မှန်းရပါသည်။ မြန်မာနိုင်ငံအနေဖြင့် တရုတ်တို့၏ အကူအညီအား အချိန်အတိုင်းအတာ တစ်ခုထိ လိုအပ်နေမည်ဖြစ်ပြီး ယင်းအကူအညီကို မည်သည့်တန်ဖိုးဖြင့် ဖလှယ်ရယူမည်နည်းဆိုသည်မှာ လေးလေးနက်နက် စဉ်းစားရမည့် ကိစ္စဖြစ်သည်။ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား သမိုင်းကြောင်းများအရ တရုတ်တို့၏ အကူအညီကို မည်မျှအထိ ရယူမည်ဆိုသည်နှင့် မည်မျှအထိ ယုံကြည်စွာ ပူးပေါင်းဆောင်ရွက်မည် ဆိုသည်မှာ အရေးကြီးသောအချက်ဖြစ်ကြောင်း သုံးသပ်ရပါသည်။

ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအတွက် ဖိအားများကိုသာ ပေးနေမည့် အနေအထားဟု သုံးသပ် ရပါသည်။ ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ ပြည်ပသတင်းမီဒီယာများနှင့် ပြည်ပရှိ ဘင်္ဂါလီအရေး လှုပ်ရှားသူများထံမှသာ သတင်းများရယူ ဆောင်ရွက်ခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ ထို့အပြင် (၇၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးတွင် OIC မှ တင်သွင်းသည့် မြန်မာနိုင်ငံဆိုင်ရာ Country Specific Resolution အဆိုမူကြမ်းကို OIC နှင့် အနီးကပ်ညှိနှိုင်းခဲ့ပြီး အဆိုမူကြမ်းကိုလည်း ထောက်ခံခဲ့ကြောင်း တွေ့ရှိရပါသည်။ ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအပေါ် ရခိုင်အရေးနှင့်ပတ်သက်ပြီး ဖိအားပေးမှုများ ဆက်လက်လုပ်ဆောင်ဖွယ်ရှိပြီး OIC နိုင်ငံများ၏ သဘောထားနှင့် တူညီစွာပင် ဖိအားပေးလာနိုင်သည်ဟု သုံးသပ်ရပါသည်။

အမေရိကန်နိုင်ငံအနေဖြင့်မူ ယခင်က မြန်မာနိုင်ငံအပေါ် အထူးတလည် စိတ်ဝင်စားခြင်းမျိုး ပြသခဲ့ခြင်းမရှိဘဲ ယခုအခါရပ်တည်ချက်များ ပြောင်းလဲလာသည်ဟု သုံးသပ်ရပါသည်။ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် နစ်ကီဟာလေသည် မြန်မာနိုင်ငံအပေါ် ဖိအားပေး၍ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် လိုလားသူဖြစ်ကြောင်း တွေ့ရှိရသည်။ ယခုအခါ အမေရိကန်နိုင်ငံသည် ရိုက်တာသတင်းထောက် နှစ်ဦး ဖမ်းဆီးခံထားရသည်ကို အကြောင်းပြုပြီး မြန်မာ့အရေးတွင် ပိုမိုပါဝင်စွက်ဖက်လာသည်ကို တွေ့မြင်ရပါသည်။ ထို့အပြင် အင်အားကြီးထွားလာသော တရုတ်နိုင်ငံကို ထိန်းချုပ်ရေးအတွက်လည်း မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များအပေါ် ၀င်ရောက်စွက်ဖက်နေမည်ဟု ယူဆရပါသည်။

ရခိုင်ပဋိပက္ခများနှင့် အဓိကဆက်စပ်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကမူ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက်နေပြီး အာဆီယံနိုင်ငံများသို့လည်း ချဉ်းကပ်ကာ ဘင်္ဂလားဒေ့ရှ်အတွက် အသာစီးရရှိမည့် အခွင့်အရေးများကို ဖော်ဆောင်နေကြောင်း တွေ့ရှိရပါသည်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတားရက်စ်ထံသို့ ဘင်္ဂါလီအရေးကိစ္စကို လုံခြုံရေးကောင်စီသို့ တင်ပြပေးမှုအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်သို့ လာရောက်လည်ပတ်ပြီး ဘင်္ဂါလီများနှင့် တွေ့ဆုံနိုင်ရန် ဖိတ်ကြားခဲ့ကြောင်း ပြောဆိုခဲ့သည်ဟု သိရှိရသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးသည်လည်း ရုရှားနိုင်ငံသို့ သွားရောက်စဉ် ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ရန်၊ အကူအညီပေးရန်၊ မြန်မာနိုင်ငံအပေါ် ဖိအားပေးရန်တို့ကို ရုရှားနိုင်ငံခြားရေးဝန်ကြီးအား ပြောကြားခဲ့သည်ဟု သိရှိရသည်။ ထို့အပြင် မြန်မာ – ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် Safe Zone ပေါ်ပေါက်လာရေး၊ မြန်မာဘက်မှ လုံခြုံရေးတာဝန်ရှိသူများအား ICC သို့ တင်ပို့တရားစွဲဆိုနိုင်ရေး၊ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်များ ၀င်ရောက်နိုင်စေရေးတို့ကို ဦးတည်လှုပ်ရှားနေသည်ဟု သုံးသပ်ရပါသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (United Nations Security Council – UNSC) မှ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်ကို သုံးသပ်ရပါမူ ရခိုင်အရေးနှင့်ပတ်သက်ပြီး ကြိုတင်ဆုံးဖြတ်ထားသည်များကို အတည်ပြုရန်သာ ဦးစားပေးခဲ့သည်ဟု ယူဆနိုင်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှ ပဋိပက္ခများကိုလည်း ထည့်သွင်းပြောဆိုလာခြင်းကိုလည်း တွေ့ရှိရသည်။ ခရီးစဉ်အပြီးတွင် နယူးယောက်၌ ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ရာ ဘင်္ဂါလီများအတွက် Safe Zone ရရှိရေး၊ နိုင်ငံသားပြုခွင့်နှင့် လွတ်လပ်စွာ သွားလာခွင့်ရရှိရေး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လိင်အကြမ်းဖက်မှုများ ကျူးလွန်ခြင်းကို စိုးရိမ်မိခြင်း အစရှိသည့် အချက်များအပေါ် ဆွေးနွေးခဲ့သည်ဟု သိရသည်။ ထို့ကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် ဗြိတိန်နိုင်ငံတို့ ပူးပေါင်းပြီး မြန်မာ့တပ်မတော်အပေါ် ဖိအားပေးခြင်းများ ပိုမိုလုပ်ဆောင်လာမည်ဟု သုံးသပ်နိုင်ပါသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့်မူ ဖိအားပေးမှုများအပေါ် အတတ်နိုင်ဆုံး ခုခံကာကွယ်ရန်မှတစ်ပါး အခြားနည်းလမ်းကို လုပ်ဆောင်နိုင်ဖွယ်မရှိပါ။ လှုပ်ရှားတုံ့ပြန်နိုင်စွမ်း အလွန်နည်းပါးနေသည့် မီဒီယာပိုင်း၊ ပြန်ကြားရေးပိုင်းတို့ကို ပိုမိုအားကောင်းစေရန် ပြင်ဆင်ပြီး မိမိဘက်မှ အခြေအနေမှန်များကို နိုင်ငံတကာသို့ တင်ပြနိုင်ရန်မှာ အရေးကြီးကိစ္စ ဖြစ်ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့်လည်း သံတမန်ပိုင်းဆိုင်ရာ လှုပ်ရှားဆောင်ရွက်သင့်သည်များကို မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ဆောင်ရွက်ရန် လိုအပ်ပါမည်။ အကယ်၍ နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ် တောင်းဆိုချက်မူကြမ်းများ ထုတ်ပြန်ခဲ့ပါက မိမိနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးစေမည့် အချက်အလက်များ၊ ကာကွယ်ရေးဆိုင်ရာ အားနည်းချိနဲ့စေမည့် အချက်အလက်များကို ထုတ်နုတ်ကန့်ကွက်ရန်ကိုသာ အဓိကဦးတည် ဆောင်ရွက်ရမည်ဟု သုံးသပ်ရပါသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဖိအားနှင့် စွပ်စွဲအရေးယူမှုများကို ခုခံကာကွယ်ရန်မှာ –
၁။ မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်တို့သည် အတူဆွေးနွေး၍ ပူးပေါင်းလက်တွဲပြီး တွန်းလှန်နိုင်ရန် လိုအပ်ပါမည်။
၂။ နိုင်ငံတကာမှ ထင်ကြေးပေးစွပ်စွဲနေသည့် စွပ်စွဲချက်များ ဟုတ်မှန်ခြင်းမရှိကြောင်း သက်သေ အထောက်အထားများနှင့် ပြန်လည်ချေပနိုင်ရန် ပြင်ဆင်ထားသင့်ပါသည်။
၃။ ICC ၏ ကြိုးပမ်းနေမှုများသည် UN Security Council ၏ Resolution လမ်းကြောင်းပေါ် ရောက်ရှိမသွားအောင် ကာကွယ်ရန် လိုအပ်ပါမည်။
၎။ မြန်မာနိုင်ငံအနေဖြင့် မိမိ၏မိတ်ဖက်နိုင်ငံအနေဖြင့် တရုတ်နှင့်ရုရှားအပေါ် မှီခိုအားထားနေရမှုသည်လည်း အချိန်အတိုင်းအတာတစ်ခုအထိသာ ရရှိနိုင်မည်ကို ကြိုတင်သိမြင်ထားပြီး အခြားနည်းလမ်းများကိုလည်း စဉ်းစားပြင်ဆင်ထားသင့်ပါသည်။
၅။ မြန်မာနိုင်ငံကို အရေးယူခြင်းမှ ကာကွယ်နိုင်ရန် လုပ်သင့်လုပ်ထိုက်၊ ဖြစ်သင့်ဖြစ်ထိုက်သော လုပ်ငန်းဆောင်တာမှန်သမျှကို အဆင်သင့်အနေအထား ပြင်ဆင်လုပ်ဆောင်ထားရန် လိုအပ်ပါမည်။
အချုပ်အားဖြင့်ဆိုပါက မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ ဖိအားသက်ရောက်မှုများသည် ယခင်အစိုးရများ လက်ထက်ကထက် ပိုမိုတိုးပွားလာဖွယ်ရှိပြီး ဘက်စုံထောင့်စုံမှ နိုင်ငံရေးဆိုင်ရာ ထိုးနှက်ချက်များလည်း သက်ရောက်လာမည်ဟု ခန့်မှန်းရပါသည်။ မိမိနိုင်ငံတော်၏ တည်ရှိမှုနှင့် အချုပ်အခြာအာဏာကို ကာကွယ်ရန်မှာ လက်ရှိအစိုးရ၊ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးက လက်တွဲပူးပေါင်း ပါဝင်ဆောင်ရွက်ရမည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း တင်ပြရင်း ဤကောက်နုတ်ချက်စာတမ်းကို နိဂုံးချုပ်အပ်ပါသည်။
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့
TISS – Myanmar

Share.

About Author

2 Comments

Leave A Reply