ရုရှားနိုင်ငံသည် အိန္ဒိယသို့ Ka-31 ရဟတ်ယာဉ်များ ဆက်လက်ပေးပို့ သွားမည်ဟုဆို
ရုရှားနိုင်ငံသည် Kamov Ka-31 သင်္ဘောတင် (ကုန်းပတ်အခြေစိုက်) ရေဒါတပ်ဆင်ပါရှိသည့် ရဟတ်ယာဉ်များ ပေးပို့ရာတွင် အိန္ဒိယနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နေကြောင်း နိုင်ငံပိုင်လက်နက်တင်ပို့ရောင်းချသူ Rosoboronexport ၏ CEO Alexander Mikheyev က သောကြာနေ့တွင် ပြုလုပ်သည့် HeliRussia-2022 ရဟတ်ယာဉ်ပြပွဲ၌ ပြောကြားခဲ့သည်။
“ဒီကိစ္စကို အိန္ဒိယနဲ့ ဆက်လက်လုပ်ဆောင်နေပါတယ်။ Ka-31 ဟာ ပြိုင်ဘက်ကင်း ကမ္ဘာ့တစ်ခုတည်းသော ကုန်းပတ်အခြေစိုက် ရေဒါပါ၊စောင့်ကြည့်ရေး ရဟတ်ယာဉ်လည်း ဖြစ်ပါတယ်။ ဝေဟင်နဲ့ ပင်လယ်ရေကြောင်း အခြေအနေကို ထိန်းချုပ်ခြင်းနဲ့ စီးပွားရေးဇုန်တွေနဲ့ ရေပြင်ဧရိယာတွေကို စောင့်ကြည့်ခြင်း၊ ထိန်းသိမ်း စောင့်ရှောက်ခြင်း လုပ်ငန်းတွေကို ပြီးပြည့်စုံစွာ ကိုင်တွယ်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်” ဟု အမှူဆောင် အရာရှိချုပ်က ပြောကြားခဲ့ပါသည်။
Ka-31 ရဟတ်ယာဉ် ၁၀ စင်း ပေးပို့ခြင်းနှင့် ပတ်သက်၍ အိန္ဒိယနှင့် ရုရှားတို့ ဆွေး နွေးမှုကို ဆိုင်းငံ့ထားသည်ဟု အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းရင်းမြစ်များကို ကိုးကား၍ ကာကွယ်ရေးသတင်း(Defense News)မဂ္ဂဇင်းက မေ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။ မီဒီယာများ၏ ဖော်ပြချက်အရ ယူကရိန်းတွင် ရုရှား၏ အထူးစစ်ဆင်ရေးနှင့် ငွေပေးချေမှု အခက်အခဲများကြောင့် ပေးပို့မှုများအပေါ် မသေချာမရေရာမှုများကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်းလည်း ဖြစ်သည်ဟုရေးသားဖော်ပြနေကြပါသည်။
အိန္ဒိယသည် Ka-31 ရဟတ်ယာဉ်များကို 2019 ခုနှစ် မေလတွင် ဝယ်ယူရန်အတွက် ရုရှားထံ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ကြားကာလတွင် ဆွေးနွေးညှိနှိုင်းမှုများ ရပ်တန့်သွားခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပြန်လည် စတင်ခဲ့သည်။ ရဟတ်ယာဉ် တစ်သုတ်လျှင် ဒေါ်လာသန်း ၅၂၀ ကုန်ကျမည်ဟု နှစ်ဖက် သဘောတူခဲ့ညီကြပြီး ဖြစ်သည်။
အိန္ဒိယရေတပ်သည် ၂၀၀၃-၂၀၁၅ ခုနှစ်အတွင်း ရုရှားထံမှ ဝယ်ယူထားသော Ka-31 ရဟတ်ယာဉ် ၁၄ စင်းကို လက်ရှိတွင် တပ်တော်ဝင်အသုံးပြုလျက် ရှိပါသည်။
Russia to go ahead with Ka-31 helicopters’ delivery to India, says arms seller အားဘာသာပြန်ဆို ထားပါသည်။
သက်ထူးခန့်ပိုင်(ရေနံချောင်း)
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့