(မြန်မာ့ရေးရာ အမှတ် (၂၀) ဇူလိုင်၊ ၂၀၂၂ တွင် ဖော်ပြပါရှိသော အထူးဆောင်းပါး ဖြစ်ပါသည်။)
ပထဝီစီးပွားရေးနှင့် မြန်မာ့အလားအလာ
ရန်သူ့တပ်မတော်အား တိုက်ပွဲဆင်နွှဲရခြင်း မရှိပဲ နှိမ်နင်း သိမ်းသွင်းနိုင်ခြင်းသည် အမြင့်မားဆုံးသော အောင်မြင်မှုဖြစ်သည်။
– ဆွန်ဇု
နိဒါန်း
မျက်မှောက်ကမ္ဘာတွင် ပထဝီဘောဂဗေဒ (Geoeconomics) နှင့် ပထဝီစီးပွားရေး (Geoeconomic) ဟူသော စကားရပ်များ ခေတ်စားလာသော်လည်း တိကျသော အဓိပ္ပာယ် ဖွင့်ဆိုမှု မရှိချေ။ သာမန်အားဖြင့် ပထဝီနိုင်ငံရေး (Geopolitics) ရည်မှန်းချက်များကို ရရှိရန်အတွက် စီးပွားရေးလက်နက်ကိရိယာများကို အသုံးချခြင်းဟု နားလည်နိုင်ပါသည်။ အခြားဖွင့်ဆိုမှုတစ်ခုကတော့ ပြောင်းပြန်ဖြစ်သည်။ စီးပွားရေးအကျိုးအမြတ် ရရှိရန် ပထဝီနိုင်ငံရေးအား မည်သို့ မည်ပုံ အလေးအနက်ထား အသုံးချခြင်းဟူ၍ ဖြစ်သည်။ ယေဘုယျအားဖြင့် ပထဝီစီးပွားရေးအား အပြည်ပြည်ဆိုင်ရာဘောဂဗေဒ၊ ပထဝီနိုင်ငံရေးနှင့် မဟာဗျူဟာတို့အကြား အပြန်အလှန် သက်ရောက်အားပြိုင်မှုဟု ဖွင့်ဆိုနိုင်သည်။
ပထဝီဘောဂဗေဒဟူသော ဝေါဟာရမှာ ၁၉၉၀ ပြည့်နှစ်တွင် Edward Luttwak ၏ စစ်အေးတိုက်ပွဲပြီးနောက် ပထဝီဘောဂဗေဒ စွမ်အားထက်မြက်စေရန် စစ်ရေးစွမ်းအား၏ အရေးပါမှုသည် နည်းလမ်းတစ်ခုဖြစ်ကြောင်း ဆောင်းပါးဖြင့် အဘိဓါန်များသို့ ဝင်ရောက်လာခဲ့သည်။
ပထဝီဘောဂဗေဒ ဝေါဟာရကို ကျယ်ပြန့်စွာ အသုံးပြုလာရသည် နောက်အကြောင်းရင်းတစ်ခုမှာ တရုတ်နိုင်ငံ တိုးတက်ပေါ်ထွန်းလာမှုကြောင့်ဖြစ်သည်။ တရုတ်သည် ၎င်း၏ အင်အားဖြန့်ကျက် (Power Projection)ရန်အတွက် စီးပွားရေးကို လက်နက်တစ်ခုအဖြစ် အသုံးချနေသည်။ နောက်ထပ်အကြောင်းရင်းနှစ်ခုလည်း ရှိသေးသည်။ အစိုးရ၏ အရင်းရှင်ဝါဒနှင့် အစိုးရပိုင် စီးပွားရေးလုပ်ငန်းကြီးများ ပြန်လည်သက်ဝင်အားကောင်းလာခြင်းသည် အစိုးရများ၌ စီးပွားရေးရင်းမြစ်များကို စိတ်ကြိုက်စီမံခန့်ခွဲ အသုံးပြုနိုင်ခြင်းကို ညွှန်းဆိုခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးလမ်းကြောင်း ချိတ်ဆက်မှုများနှင့် ငွေကြေးဈေးကွက်တို့သည် နက်ရှိုင်းစွာ ပေါင်းစပ်လျက်ရှိနေခြင်းတို့ကြောင့် ပထဝီဘောဂဗေဒအား ပိုမိုအားကောင်းလာစေသည်။
ပထဝီစီးပွာရေးဆိုင်ရာ အသုံးချကိရိယာများ
Robert Blackwill နှင့် Jennifer Harris တို့၏ In War by Other Means စာအုပ်တွင် ယနေ့ခေတ် ဦးဆောင်နေသော ပထဝီဘောဂဗေဒဆိုင်ရာ အသုံးချကိရိယာများမှာ –
(က)ကုန်သွယ်ရေး မူဝါဒ
(ခ)ရင်းနှီးမြှုပ်နှံမှု မူဝါဒ
(ဂ)စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုများ
(ဃ)ဘဏ္ဍာရေးနှင့် ငွေးကြေးဆိုင်ရာ မူဝါဒ
(င)စွမ်းအင်နှင့် လူသုံးကုန်များ
(စ)အထောက်အပံ့နှင့် ဆိုင်ဘာတို့ ဖြစ်သည်။
အထောက်အပံ့ (Aid) သည် ယခင်ကတည်းက ရှိသောအရာဖြစ်ပြီး၊ ဆိုင်ဘာ (Cyber) သည် အသစ်ဖြစ်ကာ၊ စွမ်းအင်သည် (Energy) သည်ကာ မတူညီသော ပတ်ဝန်းကျင်မှ လုပ်ဆောင်နေခြင်း ဖြစ်သည်။
နိုင်ငံတကာက ပထဝီစီးပွားရေးအား ကျင့်သုံးမှုများ
တရုတ်သည် ကမ္ဘာ့ပေါ်တွင် ပထဝီစီးပွားရေးအား ကျင့်သုံးရာတွင် အထင်ရှားဆုံးသော နိုင်ငံဖြစ်သည်။ ရုရှားနှင့် အမေရိကန်တို့သည်လည်း ထိုနည်းတူစွာ ကျင့်သုံးနေကြသည်။ အရှေ့တရုတ်ပင်လယ်အရေးကိစ္စဆိုင်ရာ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုအငြင်းပွားခြင်းဆိုင်ရာ ဂျပန်အစိုးရ၏ ဆုံးဖြတ်ချက်များနှင့် ပတ်သက်ပြီး တရုတ်သည် မကြာခဏဆိုသလို ဂျပန်ကား တင်သွင်းမှုများကို ရပ်ဆိုင်းခြင်းနှင့် ဂျပန်သို့ ရှားပါးသတ္တုတင်ပို့ခြင်းများကို တင်ပို့ခြင်းများအား ဖြတ်တောက်ခြင်းများ ပြုလုပ်လေ့ရှိသည်။ တရုတ်သည် ကုလသမဂ္ဂတွင် မိမိဘက်မှ မဲပေးသော အာဖရိကတိုက်နိုင်ငံများအား အကူအညီများ ထောက်ပံ့ပေးခြင်းဖြင့် ဆုချလေ့ရှိသည်။
ရုရှားသည်လည်း မဟာဗျူဟာ ရည်မှန်းချက်များ အောင်မြင်ရန်အတွက် စွမ်းအင်ကို အသုံးချလေ့ရှိသည်။ ရုရှားသည် ၂၀၀၈ ခုနှစ် နိုင်ငံရေးဆိုင်ရာ အငြင်းပွားမှုများဖြစ်နေစဉ် ဆောင်းရာသီအတွင်း ဥရောပသို့ တင်ပို့နေသော ဓာတ်ငွေ့ပိုက်လိုင်းအား ပိတ်ချလိုက်သည်။ ခရိုင်းမီးယားဒေသအား သိမ်းပိုက်ပြီး နောက်ပိုင်းတွင်းလည်း ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးမှု အကြီးအကျယ် ပြုလုပ်ပေးခဲ့သည်။
ခရိုင်းမီးယားအား ရုရှားက သိမ်းပိုက်ခြင်းကို တုံ့ပြန်ခြင်းအားဖြင့် အမေရိကန်နှင့် အပေါင်းအပါများက ယူကရိန်းသို့ တပ်များ ပေးပို့ရမည့်အစား ရုရှားအား ပိတ်ဆို့အရေးယူမှုများ ချမှတ်လုပ်ဆောင်လာခဲ့သည်။ အီရန်၏ နျူကလီးယားမူဝါဒများနှင့် ပတ်သက်ပြီး နိုင်ငံတကာက ပိတ်ဆို့အရေးယူရန် ကြိုးပမ်းမှုများတွင်လည်း အမေရိကန်က ဦးဆောင်နေသည်။ ဒေါ်လာ အသာစီးရရှိနေမှုနှင့် နိုင်ငံတကာ ဘဏ္ဍာရေးစနစ်တွင် အမေရိကန်ဦးဆောင်မှုတို့ကြောင့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများသည် ထိရောက်မှု အတော်အတန်ရှိသည်ဟု ဆိုနိုင်သည်။ သမ္မတဒေါ်နယ်လ်ထရမ့် အစိုးရကာလအတွင်း နိုင်ငံ၏ မဟာဗျူဟာအကျိုးစီးပွားအတွက် ပထဝီဘောဂဗေဒအား အသုံးချမည်လားဟူသည့် မေးခွန်းမှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သည်။
၂၀၂၂ နှစ်ဦးပိုင်းမှ စတင်ကာ ယူကရိန်း၌ ဆင်နွှဲနေသော ရုရှား၏ အထူးစစ်ဆင်ရေးကြောင့် အမေရိကန်နှင့် ဥရောပနိုင်ငံများသည် ရုရှားအား ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်လာခဲ့သည်။ ရုရှားအနေဖြင့် စွမ်းအင်လက်နက်ကို ကိုင်စွဲကာ ဥရောပနိုင်ငံများသို့ တင်ပို့ရောင်းချနေသည့် ဓာတ်ငွေ့အား ပိတ်ဆို့ရန် လုပ်ဆောင်ခြင်းနှင့် ဓာတ်ငွေ့ တင်ပို့ရောင်းချမှုအား ရူဘယ်လ်ဖြင့် ပေးချေစေရန် လုပ်ဆောင်ခြင်းများ ပြုလုပ်ခဲ့သည်။ ဤသည်မှာ ပထဝီစီးပွားရေးအား ထိရောက်စွာ အသုံးချခြင်း ဖြစ်သည်။ သေချာသည်ကတော့ ပထဝီစီးပွားရေးနှင့် ပထဝီဘောဂဗေဒဟူသော စကားရပ်အား နောင်နှစ်ပေါင်းများစွာတိုင် ကြားနေရဦးမည် ဖြစ်သည်။
ပထဝီစီးပွားရေးနှင့် မြန်မာနိုင်ငံ
တည်ရှိနေပုံအရ မြန်မာနိုင်ငံသည် ပထဝီမဟာဗျူဟာအရ အရေးပါသောနေရာတွင် ရှိသည်ဟု ဆိုနိုင်သည်။ မိမိတို့နိုင်ငံတည်ရှိနေပုံအား အကျိုးအမြတ်ရယူ အသုံးချနိုင်ရန်မှာ အရေးကြီးသော အချက်ဖြစ်သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှကုန်းမကြီးတွင် မြေဧရိယာအရ အကျယ်ဆုံးဖြစ်သည်။ တောင်အာရှနှင့် အရှေ့တောင်အာရှအား ဆက်စပ်ပေးနေသော နေရာတွင်လည်း ရှိသည်။ ပိုမိုအရေးကြီးသည်မှာ ကမ္ဘာ့အင်အာကြီးနိုင်ငံဖြစ်သည့် တရုတ်နှင့် အိန္ဒိယတို့အကြား တည်ရှိနေခြင်းပင် ဖြစ်သည်။ အသုံးချတတ်မည်ဆိုလျှင် ဈေးကွက်ကြီးပင် ဖြစ်သည်။
တရုတ်က အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ခါးပတ်တစ်ကွင်းလမ်းတစ်စင်း စီမံကိန်း (Belt and Road Initiative – BRI) သည် စီးပွားရေးကို အခြေခံသည့် တရုတ်နိုင်ငံခြားရေးမူဝါဒဗဟိုချက်ဟု ဆိုရမည်။ BRI သည် သမ္မတရှီကျင့်ဖျင်၏ နိုင်ငံကြီး သံခင်းတမန်ခင်း (Major Country Diplomacy) အဓိက အစိတ်အပိုင်းဖြစ်သည်။ နိုင်ငံကြီး သံခင်းတမန်ခင်းဆိုသည်မှာ တရုတ်၏ ကြီးထွားလာသော အင်အားနှင့် အဆင့်အတန်းတို့အရ ကမ္ဘာ့ရေးရာများတွင် ဦးဆောင်မှု ပြုလုပ်နိုင်ရန် ရည်ရွယ်ဖော်ထုတ်ထားခြင်း ဖြစ်သည်။
BRI ၏ ရည်ရွယ်ချက်မှာ ဒေသတွင်း ပေါင်းစည်းဆက်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးရန် ဖြစ်သည်။ ၂၀၁၃ ခုနှစ်က စတင်သော ထိုစီမံကိန်းတွင် ပါဝင်ရန် ၂၀၂၂ ခုနှစ် မတ်လအထိ နိုင်ငံပေါင်း ၁၄၆ နိုင်ငံက လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။ ကုန်းလမ်းပေါ်မှ စီးပွားရေးဆက်သွယ်မှုအား ပိုးလမ်းမစီးပွားရေး ခါးပတ် (Silk Road Economic Belt) ဟုတ် ခေါ်ဆိုပြီး ရေလမ်းမှဆက်သွယ်မှုအား ၂၁ ရာစု ရေကြောင်းပိုးလမ်းမကြီး (21st Century Maritime Silk Road) ဟု ခေါ်ဆိုသည်။ BRI သည် စီပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရည်ရွယ်သည် ဆိုသော်လည်း တရုတ်တွင် အခြားသောမဟာဗျူဟာ ရည်မှန်းချက်များ ရှိနေပါလိမ့်မည်။ ဥပမာအားဖြင့် ရေကြောင်းပိုးလမ်းမကြီးတစ်လျှောက် တည်ဆောက်မည့် ပင်လယ်ရေနက် ဆိပ်ကမ်းများသည် အနာဂတ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေတပ်) မှ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးတပ်ဖွဲ့ (Carrier Strike Group) များ ထောက်ပံ့ဖြည့်တင်းရေးအတွက် ဆိပ်ကမ်းများ ဖြစ်ကောင်း ဖြစ်လာနိုင်ပါသည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေတပ်) သည် ၂၀၃၀ ပြည့်နှစ်အရောက်တွင် ရေပြာရေတပ် (Blue Water Navy) အဖြစ် ရည်မှန်းတည်ဆောက်နေရာ မကြာမီ တတိယမြောက် လေယာဉ်တင်သင်္ဘောကြီးအား ရေချတာ့မည် ဖြစ်ပါသည်။ အင်အားဖြန့်ကျက်ခြင်း (Power Projection) ပြုလုပ်ရာတွင် ရေတပ်၏ စွမ်းအားမှာ အရေးကြီးပါသည်။
ထိုခါးပတ်တစ်ကွင်း လမ်းတစ်စင်း စီမံကိန်း၏ အစိတ်အပိုင်းဖြစ်သော တရုတ် – မြန်မာ စီပွားရေးစင်္ကြန် (China – Myanmar Economic Corridor – CMEC) အား အကောင်အထည်ဖော်ရန် နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားပြီးလည်း ဖြစ်သည်။ အသုံးချတတ်မည်ဆိုပါက နှစ်နိုင်ငံလုံးအတွက် Win – Win အခြေအနေ ဖြစ်ပါမည်။ CMEC တွင် ပါဝင်မည့် စီမံကိန်းများသည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ရာ စနစ်တကျ အကောင်အထည်ဖော် လုပ်ဆောင်ရန် လိုအပ်ပါသည်။
အိန္ဒိယအား ကြည့်မည်ဆိုပါက ယခင်ဝန်ကြီးချုပ် နာဆင်မ်ဟာရောင်း အစိုးရလက်ထက် ၁၉၉၁ ခုနှစ်တွင် အရှေ့မျှော်မူဝါဒ (Look East Policy) အရ အရှေ့တောင်အာရှနိုင်ငံများနှင့် စီးပွားရေးနှင့် မဟာဗျူဟာဆက်ဆံရေး တိုးမြှင့်ရန် ကြိုးပမ်းလာခဲ့သည်။ လက်ရှိဝန်ကြီးချုပ် နာရင်ဒရာ မိုဒီလက်ထက်တွင် အရှေ့နှင့် ထိတွေ့ဆက်ဆံသည့် မူဝါဒ (Act East Policy) အဖြစ် တိုးချဲ့လုပ်ဆောင်လာခဲ့ပါသည်။ ထို့အပြင် ထိုမူဝါဒ၏ အစိတ်အပိုင်းအဖြစ် အိမ်နီးချင်း ပထမမူဝါဒ (Neighbourhood First Policy) အားလည်း ချမှတ်ခဲ့ပါသည်။ ထိုမူဝါဒများ အကောင်အထည်ဖော်နိုင်ရန်အတွက် အိန္ဒိယ၏ အရှေ့ဖက်အိမ်နီးချင်း အရှေ့တောင်အာရှ နိုင်ငံဖြစ်သော မြန်မာသည် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေပါသည်။ ထိုမူဝါဒများအရ ကုလားတန်မြစ် ဘက်စုံစီမံကိန်း (Kaladan Milti – Model Transit Transport Project) နှင့် အိန္ဒိယ – မြန်မာ – ထိုင်း သုံးနိုင်ငံ အမြန်လမ်းမကြီး စီမံကိန်း (Inida – Myanmar – Thailand Trilateral Highway) တို့ကို အကောင်အထည်ဖော်သွားမည် ဖြစ်ပါသည်။ အသုံးချတတ်မည် ဆိုပါက မိမိတို့ နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်သည်။
ပထဝီစီးပွားရေးတွင် အရေးပါသော မြန်မာ့စွမ်းအင်ကဏ္ဍအား လေ့လာကြည့်မည်ဆိုလျှင် ၂၀၁၃ ခုနှစ်က အာရှ – ပစိဖိတ်ဒေသတွင်း စွမ်းအင်တင်ပို့ရောင်းချသည့် အဓိက (၅) နိုင်ငံတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ဒေသတွင်း ဒုတိယမြောက် အများဆုံး သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချသည့် နိုင်ငံလည်း ဖြစ်ပါသည်။ မြန်မာအတွက် စွမ်းအင်ကဏ္ဍသည် မဟာဗျူဟာမြောက် ထုတ်ကုန်လုပ်ငန်းတစ်ခုအဖြစ် မှတ်ယူရမည် ဖြစ်သည်။ မကြာသေးမီက ဓာတ်ငွေ့သိုက်များ ထပ်မံတွေ့ရှိမှုသည် နိုင်ငံ့စီးပွားရေး တိုးတက်မှုကို အထောက်အကူ ပြုနိုင်စေမည် ဖြစ်သည်။ မိမိတို့နိုင်ငံအတွက် ပထဝီဘောဂဗေဒတွင် မည်သည်က မဟာဗျူဟာမြောက် လုပ်ဆောင်နိုင်သည်ကို သိရှိထားရန်လည်း လိုအပ်ပါသည်။
၂၀၁၅ခုနှစ်တွင် စတင်အကောင်အထည်ဖော်သည့် မြန်မာနိုင်ငံ အမျိုးသား ပို့ကုန် မဟာဗျူဟာအရ ဦးစားပေးကဏ္ဍ (ကုန်စည်) (Priority Sector – Goods) တွင် ဆန်၊ ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံ၊ ရေထွက်ပစ္စည်း၊ အထည်အလိပ်နှင့် အဝတ်အထည်၊ သစ်နှင့် သစ်တောထွက်ပစ္စည်းတို့ ဖြစ်ပြီး ဦးစားပေးကဏ္ဍ (ဝန်ဆောင်မှု) (Priority Sector – Services) တွင် ခရီးသွားလုပ်ငန်း ဖြစ်သည်။ ဖွံ့ဖြိုးရန် အလားအလာရှိသည့်ကဏ္ဍ (Emerging Sector) တွင် ရော်ဘာ ဖြစ်ပါသည်။ ဦးစားပေးကဏ္ဍများအား အထောက်အကူပြု ဝန်ဆောင်မှုကဏ္ဍ (Cross-Sector) များမှာ ကုန်သွယ်မှုဆိုင်ရာ ငွေကြေးဝန်ဆောင်မှု၊ ကုန်သွယ်မှုသတင်းအချက်အလက်နှင့် ကုန်သွယ်မှုမြှင့်တင်ရေး၊ အရည်အသွေးစီမံခန့်ခွဲခြင်းနှင့် ကုန်သွယ်မှု လျင်မြန်ချောမွေ့ခြင်းနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး တို့ဖြစ်သည်။ ဦးစားပေးကဏ္ဍများအလိုက် အကောင်အထည်ဖော်ရမည်များကို စနစ်တကျ လုပ်ဆောင်ရန် လိုအပ်သကဲ့သို့ စွမ်းအင်ကဏ္ဍကဲ့သို့ ကဏ္ဍသစ်များကိုလည်း ဦးစားပေးကဏ္ဍတွင် ထပ်မံဖြည့်သွင်းသင့်ပါသည်။ ၎င်းအပြင် Cross-Sector များသည် ပထဝီစီးပွားရေးတွင် အရေးပါသော အကြောင်းအချက်များလည်း ဖြစ်သည်။
နိဂုံး
ပထဝီစီးပွားရေးနယ်ပယ်သည် လာမည့်ဆယ်စုနှစ်ပေါင်းများစွာအထိ နိုင်ငံများအကြား အပြိုင်အဆိုင်အများဆုံး ဖြစ်လာမည့် နယ်ပယ် ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတည်ဆောက်ရေးနှင့် ပထဝီနိုင်ငံရေး ရည်မှန်းချက်များ အောင်မြင်ရန် အကောင်အထည်ဖော်ရာ၌ စီးပွားရေးလက်နက်၏ အရေးပါပုံကို ကောင်းစွာနားလည်သဘောပေါက်ရန် လိုအပ်သကဲ့သို့ ၎င်းတို့၏ အကန့်အသတ် အတားအဆီးများအားလည်း ထည့်သွင်းစဉ်းစားထားရမည် ဖြစ်သည်။ လာမည့်အနာဂတ်တွင်လည်း အင်အားကြီးနိုင်ငံများ၏ ဘက်ပေါင်းစုံမှ ပြိုင်ဆိုင်မှုမှာ ယခုထက် ပိုမိုများပြားလာမည် ဖြစ်ပါသည်။ ထိုကြောင့် မိမိတို့ကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် မိမိတို့ ရပ်တည် ဖွံ့ဖြိုးရေးအတွက် စီးပွားရေးဆိုင်ရာ မူဝါဒများကို မိမိတို့ ပထဝီနိုင်ငံရေး ရည်မှန်းချက်များနှင့် ကိုက်ညီစေရန် ချမှတ်ခြင်း၊ ချမှတ်ထားသော ရည်မှန်းချက်များအား တိကျစွာ အကောင်အထည်ဖော်ခြင်းနှင့် အခါအားလျှော်စွာ ပြန်လည် သုံးသပ်ပြင်ဆင်ခြင်း၊ ဦးတည်ရာ မပျောက်ပျက်စေရန် ထိန်းကြောင်း ပဲ့ကိုင်ခြင်းတို့ကို လုပ်ဆောင်သွားရမည် ဖြစ်ပါသည်။
ဒေါက်တာ နိုင်ဆွေဦး
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့