အမေရိကန်လုပ် HIMARS စနစ်များ ထပ်မံဖျက်ဆီးနိုင်ခဲ့ဟု ရုရှားပြော
ရုရှားနိုင်ငံသည် ယူကရိန်းအနောက်ပိုင်း၌ တနင်္ဂနွေနေ့က တိုက်ခိုက်မှုတစ်ခုအတွင်း အမြောက်ကြီးများ အပါအဝင် အမေရိကန်မှ ထောက်ပံ့ပေးသော ဟိုင်းမားစ်လက်နက်များကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
M777 ဟော့ဗစ်ဇာအမြောက်များအတွက် ခဲယမ်းကျည်များနှင့် HIMARS ဒုံးပျံများ အများအပြားထားရှိသော သိုလှောင်ရုံများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။
ခဲယမ်းများကို သိုလှောင်ထားသည့် Bogdanovtsy ရွာအပြင်ဘက် သင်္ဘောကုန်တင်စခန်းတစ်ခုတွင် “ပင်လယ်ပြင်အခြေပြု တိကျသော တာဝေးပစ်လက်နက်များ” နှင့် ထိမှန်ဖျက်ဆီးနိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်သည် မော်စကိုနှင့် ပဋိပက္ခတွင် ကိယက်ဗ်၏ အကြီးမားဆုံး ကျောထောက်နောက်ခံဖြစ်ပြီး ဇူလိုင် ၂၂ ရက် အထိ ယူကရိန်းတွင် HIMARS ဒုံးပစ်လောင်ချာ ၁၆ စင်း ထောက်ပံ့ပေးနိုင်ခဲ့သည်။
ဇူလိုင်လ ၅ ရက်မှ ၂၀ ရက်အတွင်း အဆိုပါအတွဲလိုက်ဒုံးပျံစနစ် ၄ ခုကို ရုရှားစစ်တပ်က ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောကြားထားခဲ့သည်။ သို့သော်လည်း ယူကရိန်းက အဆိုပါပြောဆိုချက်များကို သတင်းမှားများအဖြစ် ငြင်းဆိုခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်ကုန်က ကိယက်ဗ်ကို လာရောက်လည်ပတ်ခဲ့သော အမေရိကန်အောက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့ကော်မတီအကြီးအကဲ အဒမ်စမစ်က ဝါရှင်တန်နှင့် ၎င်း၏မဟာမိတ်များသည် ယူကရိန်းအား မိုဘိုင်းလ် အမြောက်/ ဒုံးပျံစနစ် (HIMARS)နှင့် အတွဲလိုက်ပစ်ဒုံးပျံစနစ်များ (MLRS) အပါအဝင် နောက်ထပ် ဒုံးပျံစနစ်များ ၂၅ စင်းမှ ၃၀ အထိ ထောက်ပံ့ပေးရန် စီစဉ်ထားကြောင်း ပြောကြားခဲ့ပါ သည်။
ဇူလိုင်လအစောပိုင်းတွင် ယူကရိန်းကာကွယ်ရေးဝန်ကြီး Aleksey Reznikov က ၎င်းတို့သည် ထိရောက်သော ကာကွယ်ရေးစနစ်ကိုဖန်တီးရန် HIMARS ဒုံးပျံစနစ် ၅၀ ခန့်နှင့် “ထိရောက်သော တန်ပြန်ထိုးစစ်အတွက် အနည်းဆုံး ၁၀၀ စီးခန့်” လိုအပ်မည်ဖြစ်ကြောင်းလည်း အခိုင်အမာပြောကြားခဲ့သည်။
သက်ထူးခန့်ပိုင်
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့