(သုတကမ္ဘာဂျာနယ် အတွဲ (၆) အမှတ် (၈) တွင် ဖော်ပြပါရှိသော ဆောင်းပါး ဖြစ်ပါသည်။)
ရုရှား – ယူကရိန်းစစ်ပွဲကြောင့် ပြောင်းလဲတိုးတက်လာသော စစ်ဘက်နည်းပညာနှင့် အနာဂတ်စစ်ပွဲ အယူအဆများ
နိဒါန်း
လက်ရှိဖြစ်ပွါးနေသော ရုရှား – ယူကရိန်းစစ်ပွဲသည် ဒုတိယမြောက်နှစ် (၁၄ လ) အတွင်းသို့ ချဉ်းနင်း ဝင်ရောက်လာပြီ ဖြစ်ပါသည်။ ထိုစစ်ပွဲသည် လာမည့်လအနည်းငယ်အတွင်း ပြီးဆုံးနိုင်မည့် အရိပ်အယောင် လက်ရှိအခြေအနေတွင် မမြင်ရသေးပေ။ မည်သို့ပင်ဆိုစေကာမူ နှစ်ဘက်လုံး အသုံးပြုနေသည့် စစ်ဘက်နည်းပညာများ (အရွေ့၊ ဒီဂျစ်တယ်နှင့် ဆိုင်ဘာ စသည်) ၏ အောင်မြင်မှုများနှင့် ဆုံးရှုံမှုများအား ဝေဖန် ဆန်းစစ် အကဲဖြတ်ရန် လိုအပ်သကဲ့သို့ ကမ္ဘာတစ်ဝှမ်းရှိ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့်လည်း ဤပဋိပက္ခမှ သင်ခန်းစာ ဖော်ထုတ်နိုင်ရန် လိုအပ်ပါသည်။ အရေးကြီးသည့်အချက်တစ်ခုမှာ တပ်မတော်များက အသုံးပြုလျှက်ရှိသော သမားရိုးကျစစ်ရေးဆိုင်ရာ လက်နက်ပစ္စည်းကိရိယာများအား Crowdsourcing Apps များ အပါအဝင် ဈေးကွက်အတွင်းမှ ဝယ်ယူရရှိနိုင်သော ပလက်ဖောင်းများနှင့် စနစ်များဖြင့် ပေါင်းစပ်အသုံးပြုခြင်းဖြင့် ပိုမိုစွမ်းရည်ထက်မြက်လာကာ စစ်ပွဲဆိုင်ရာ တီထွင် ဆန်းသစ်မှု (စစ်ဆင်ရေးဆိုင်ရာ အယူအဆ) များ ပြောင်းလဲ တိုးတက်လာခြင်း ဖြစ်သည်။
ပြောင်းလဲလာသော စစ်ဆင်ရေးဆိုင်ရာ အယူအဆများ
ယခုစစ်ပွဲတွင် နောက်ဆုံးပေါ် လက်နက်ကိရိယာများအား ဈေးကွက်အတွင်း အလွယ်တကူ ရရှိနိုင်သော အဆင့်နိမ့် နည်းပညာများဖြင့် ပေါင်းစပ်အသုံးပြုခြင်းဖြင့် စစ်မြေပြင် အရေးသာမှု ရရှိရန် လုပ်ဆောင်နေကြောင်းလည်း မြင်တွေ့ကြရသည်။ ထို့အပြင် သမားရိုးက လက်နက်များအား ခေတ်မီလက်နက်စနစ်များနှင့် ပေါင်းစပ်အသုံးပြုကာ စစ်ဆင်ရေးဆင်နွှဲနေကြောင်း တွေ့နိုင်သည်။ ထင်ရှားသော ဥပမာတစ်ခုမှာ ရုရှားသည် ၎င်း၏ အမြောက်စနစ်များအား သမားရိုးကျ အမြောက်ကျည်များကိုသာမက ပဲ့ထိန်းကျည်များကိုပါ ထည့်သွင်းပစ်ခတ်ခြင်းနှင့် လူမဲ့ကင်းထောက်လေယာဉ်များဖြင့် အမြောက်အကဲကြည့်ခြင်း၊ ကျည်ကျပြင်ဆင်ခြင်းတို့ကို တွင်ကျယ်စွာ ပြုလုပ်ကြောင်း လေ့လာတွေ့ရှိနိုင်ပါသည်။ ထို့ကြောင့် ပုံသေပစ်မှတ်များကို သာမက ရွေ့လျားပစ်မှတ်များကိုပင် ရုရှားအမြောက်စစ်သည်များသည် အမြောက်ကျည်များဖြင့် လက်ဖြောင့်ရိုင်ဖယ် ပစ်ခတ်သကဲ့သို့ပင် တိကျစွာ ပစ်ခတ်နိုင်ကြောင့် တွေ့ရှိရပါသည်။
ထို့အပြင် Tupolev Tu-95 Bear ကဲ့သို့ စတင်ထုတ်လုပ်ချိန်မှ နှစ်ပေါင်း ၇၀ သက်တမ်းရှိ ပန်ကာတပ် ဗုံးကြဲလေယာဉ်ကြီးများက Kh-101 ကဲ့သို့သော ဒုံးလိမ္မာများအား တပ်ဆင်ပစ်ခတ်ခြင်းသည် ဤစစ်ပွဲအတွင်း ထင်ရှားသောဖြစ်ရပ် ဖြစ်ပါသည်။
တင့်၊ အမြောက်နှင့် ဒုံးများ
ပထမအချက်မှာ သမားရိုးကျ အဆင့်မြင့်ပလက်ဖောင်းများဖြစ်သော တင့်ကားများ၊ ယန္တရားတင် ခြေလျင်တပ်ဖွဲ့များ၊ အမြောက်များနှင့် တိကျပဲ့ထိန်းလက်နက်များဖြစ်သည့် ရေဒါဖျက်ဒုံးများအား ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေခြင်း ဖြစ်ပါသည်။ ယူကရိန်းတပ်မတော်ဘက်မှ အဆိုအရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဆင်နွှဲသော ကိဗ်ယက်ထိုးစစ်အား ရုရှားတပ်မတော်၏ သီးခြားခွဲထုတ် နည်းဗျူဟာ တပ်ရင်း (Separate Battalion Tactical Group) ၁၀ ရင်းက ဦးဆောင် ဆင်နွှဲခြင်း ဖြစ်သည်။ အဆိုပါ စစ်ကြောင်းသည် ၅၆ ကီလိုမီတာရှည်လျားကာ တင့်ကား အစီး ၁၀၀၀၊ သံချပ်ကာတိုက်ယာဉ် ၂၄၀၀ နှင့် စစ်သည် ၁၀၀၀၀ တို့ဖြင့် ဖွဲ့စည်းထားသည်။ ထို့အပြင် ရိက္ခာ၊ စားသုံးဆီ၊ စက်သုံးဆီနှင့် ခဲယမ်းများ တင်ဆောင်လာသော ထောက်ပံ့နှင့် ပို့ဆောင်ရေးယာဉ် ဒါဇင်ပေါင်းများစွာလည်း ပါဝင်နေသောကြောင့် ယာဉ်ကြောပိတ်ဆို့မှုပင် ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရပါသည်။
ယခုစစ်ပွဲ၏ ထင်ရှားသောအချက်မှာ ရုရှားတို့သည် Kh-47M2 Kinzhal အသံလွန်ဒုံးပျံအား စစ်ပွဲတွင် ပထမဆုံး အသုံးပြုသော နိုင်ငံဖြစ်လာသည်။ ၂၀၂၃ ခုနှစ် မေလ ၁၆ ရက် Kinzhal ဒုံးပျံသည် ယူကရိန်းမြို့တော် ကိဗ်ယက်အား ကာကွယ်ပေးထားသည့် အမေရိကန်ထုတ် MIM-104 Patriot လေကြောင်းရန်ကာကွယ်ရေးစနစ်အား ဖျက်စီးပစ်နိုင်ခဲ့ပါသည်။ အမေရိကန်တို့ဘက်ကမူ အဆိုပါ တိုက်ခိုက်မှုကြောင့် ၎င်း၏ Patriot စနစ်မှာ အနည်းငယ်သာ ထိခိုက်ခဲ့ပြီး ဆက်လက်အသုံးပြုနိုင်သည်ဟု ဆိုသော်လည်း Kinzhal အသံလွန်ဒုံးပျံအား မည်သည့် လေကြောင်းရန်ကာကွယ်ရေးစနစ်ကမျှ ကြားဖြတ်ဟန့်တားနိုင်ခြင်း မရှိဟူသော ယူဆချက်များ ထွက်ပေါ်လာခဲ့ပါသည်။
ထွက်ပေါ်လာသောပုံများအရ Patriot ဒုံးသယ်ယာဉ်တစ်စီးမှာ ဆိုးဆိုးရွားရွားထိခိုက်သည်ဟု သုံးသပ်ရပါသည်။ ဤသို့ အသံလွန်ဒုံးပျံအား အသုံးပြုတိုက်ခိုက်ခြင်းသည် ပထမဆုံးမဟုတ်ဘဲ ရုရှား – ယူကရိန်းစစ်ပွဲ အစပိုင်းတွင်လည်း အသုံးပြုဖူးသကဲ့သို့ စစ်ပွဲအတွင်းတွင်လည်း အသုံးပြုဘူးပါသည်။ သို့သော် ၎င်းဒုံးပျံများ၏ တန်ဖိုးကြီးမြင့်မှုနှင့် ထုတ်လုပ်ချိန်တို့ကြောင့် အရေးကြီးပစ်မှတ်များကိုသာ အကန့်အသတ်ဖြင့် အသုံးပြု တိုက်ခိုက်နေရကြောင်း သုံးသပ်ပါသည်။
ယူကရိန်းဘက်အား လေ့လာကြည့်လျှင် ယူကရိန်းတပ်မတော်သည် အမေရိကန်က ထောက်ပံ့ပေးထားသော Lockheed Martin High Mobility Artillery Rocket System (HIMARS) စနစ်များအား ထိရောက်စွာ အသုံးပြုခဲ့ပါသည်။ HIMARS စနစ်များသည် ရုရှားတို့၏ ရှေ့တန်းကွပ်ကဲမှု ဌာနချုပ်များ၊ လက်နက်ခဲယမ်း စုပုံရေး နေရာများ၊ ထောက်ပို့ဂိုထောင်များနှင့် ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းများအား ထိရောက်စွာ ချေမှုန်း ဖျက်စီးပစ်နိုင်ကြောင်း တွေ့ရသည်။ HIMARS စနစ်များသည် သမားရိုးက အမြောက်များထက် တာဝေး ပိုမိုပစ်ခတ်နိုင်ခြင်းနှင့် အလွယ်တကူ မောင်းနှင် ရွှေ့ပြောင်းနိုင်ခြင်းတို့ကြောင့် နေရာစုံမှ ပစ်ခတ်နိုင်ခြင်း စသည့် အားသာချက်များ ရှိသည်။ (သို့သော် ဒုံးများ၏ တန်ဖိုးမှာ ကြီးမြင့်ခြင်းကြောင့် ယူကရိန်းတို့အနေဖြင့် စစ်ပွဲအစပိုင်း ကာလများတွင်သာ အသုံးပြုနိုင်ခဲ့ပြီး ယခုအခါ HIMARS များအား အသုံးပြု ပစ်ခတ်နိုင်ခြင်း မရှိသည်မှာ လပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည်။) ပင်လယ်ပြင်တွင်လည်း သင်္ဘောဖျက်ဒုံးများသည် ရေပေါ်စစ်ဆင်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ရုရှား ပင်လယ်နက်ရေတပ်၏ အလံဆောင် စစ်ရေယာဉ်ဖြစ်သော မာစကာဗာ စစ်သင်္ဘောကြီးအား ယူကရိန်းရေတပ်က သင်္ဘောဖျက်ဒုံးများဖြင့် ပစ်ခတ် နှစ်မြှုပ်နိုင်ခဲ့ကြောင်း တွေ့ရသည်။
ဆိုင်ဘာ စစ်မြေပြင်
ဒုတိယအချက်မှာ လက်တွေ့စစ်မြေပြင်နှင့် နှိုင်းစာလျှင် လူအများ၏ အာရုံစူးစိုက်ခံရမှု နည်းပါးသည့် ဆိုင်ဘာ စစ်မြေပြင်ဖြစ်သည်။ ရုရှားဟက်ကာများသည် ဆိုင်ဘာနယ်ပယ်အား ထိရောက်စွာအသုံးပြုကာ စစ်ဆင်ရေးစီမံချက်များ၊ လျာထားပစ်မှတ်များ၊ တပ်တည် တပ်လှုပ်များနှင့် စစ်ဆင်ရေးများ အပေါ် လွှမ်းမိုးသော အခြေအနေများစသည့် အရေးပါသော အချက်အလက်များကို စုဆောင်းနိုင်ကြပါသည်။ ထို့အပြင် ဟက်ကာများသည် ယူကရိန်းသမ္မတ ဇီလန်းစကီး၏ လက်ရှိတည်နေရာအား အချိန်နှင့် တစ်ပြေးညီ ရှာဖွေဖော်ထုတ်ခြင်း၊ ယူကရိန်းတပ်များအား အချိန်နှင့် တစ်ပြေးညီ တိကျစွာ ပစ်မှတ်ထား တိုက်ခိုက်နိုင်ရန် လုပ်ဆောင်ခြင်းနှင့် အထူးသဖြင့် အနောက်တိုင်းက ထောက်ပံ့ပေးထားသည့် တန်ဖိုးကြီးမားသော လက်နက်စနစ်များ၏ တပ်တည်အား ဖော်ထုတ်ခြင်းတို့ကို လုပ်ဆောင်နိုင်ကြပါသည်။ ထိုနည်းတူစွာပင် အီလက်ထရောနစ် စစ်ဆင်ရေး၊ ဂြိုလ်တုဓာတ်ပုံ ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း၊ လူသားဖြင့် ထောက်လှမ်းခြင်းနှင့် ဆက်သွယ်ရေး ကြားဖြတ်ဖမ်းယူခြင်းစသည့် ဆိုင်ဘာနယ်ပယ် မဟုတ်သော ထောက်လှမ်းရေး နည်းနာများသည်လည်း ရုရှားတို့အတွက် အလွန်ပင် အသုံးဝင် အကျိုးရှိကြောင်း တွေ့ရှိရပါသည်။
လူမဲ့ပလက်ဖောင်းများ
တတိယအချက်အနေဖြင့် လူမဲ့ပလက်ဖောင်းများဖြစ်သော လူမဲ့လေယာဉ်များ (UAVs) ၊ လူမဲ့ရေယာဉ်များ (USVs) ၊ ဒရုန်းများနှင့် ဝေ့ဝိုက်ပျံသန်းတိုက်ခိုက်ရေး လက်နက်စနစ်များ (Loitering Munitions) များသည် အရေးပါသော အခန်းကဏ္ဍက ပါဝင်နေသည်။ ရုရှားနှင့် ယူကရိန်း နှစ်ဘက်လုံးသည် UAV များအား ပစ်ခတ်တိုက်ခိုက်ရေးတာဝန်နှင့် ထောက်လှမ်းရေး၊ စောင့်ကြည့်ရေးနှင့် ကင်းထောက်ခြင်း (ISR) တာဝန်များ အပါအဝင် မြောက်မြားစွာသော လုပ်ငန်းတာဝန်များအတွက် အသုံးပြုနေကြသည်။
ရုရှားတို့သည် ထောက်လှမ်းရေးနှင့် တိုက်ခိုက်ရေးတို့အတွက် အီရန်လုပ် Mohajer-6 ဘက်စုံသုံး ဒရုန်းများ၊ Shahed 131 နှင့် 136 အသေခံ ကာမီကာဇေ ဒရုန်းများအား အောင်မြင်စွာ အသုံးပြုနေသည်။ ၎င်းတို့သည် ဒုံးလိမ္မာ (Cruise Missile) များ ထက်စာလျှင် ဈေးနှုန်းသက်သာပါသည်။ ရုရှားသည် Shahed 136 Loitering Munition စနစ် ၂၄၀၀ ကျော်အား ယူကရိန်းတွင် အသုံးပြုရန် ရရှိထားပြီး ဖြစ်သည်ဟု သုံးသပ်ရသည်။
ယူကရိန်းရေတပ်၏ Gyurza M အတန်းအစား စစ်ရေယာဉ်တစ်စီးအား ရုရှားတပ်မတော်က Lancet စနစ်ဖြင့် ပစ်ခတ်နှစ်မြှုပ်နိုင်ခြင်းသည် ရေတပ်နှင့် ကမ်းရိုးတန်း စစ်ဆင်ရေးတွင် နယ်ပယ်သစ်တစ်ခု တိုးလာခြင်း ဖြစ်သည်။ Lancet အား အဓိကအားဖြင့် မြေပြင်မှ လူသားက တိုက်ရိုက် ထိန်းချုပ်မောင်းနှင်သည့် စနစ်ကို အသုံးပြုပြီး ပစ်မှတ်ရှာစနစ်မှ ဗီဒီယိုအား Line-of-sight data link ဖြင့် ထိန်းချုပ်သူထံ ပြန်လည်ပေးပို့သည်။
ယူကရိန်း လူမဲ့ရေယာဉ်များသည် လက်ရှိစစ်ပွဲအတွက် အဓိကရေတပ်စခန်းနှင့် ရုရှား ပင်လယ်နက်ရေတပ်တော် စစ်ရေယာဉ်စုဌာနချုပ်ဖြစ်သော ဆီဗာစတိုပိုလ်ရေတပ်စခန်းအနီးရှိ Pivdenna ပင်လယ်အော်တွင် ရုရှားစစ်ရေယာဉ်များ တိုက်ခိုက်နိုင်ခဲ့သည်။ လက်ရှိ သိရှိရသည့်အခြေအနေများအရ ယူကရိန်း လူမဲ့ရေယာဉ်များသည် Pivdenna ပင်လယ်အော်တွင် ကျောက်ချဆိုက်ကပ်ထားသော ကီလိုအတန်းအစား ရေငုပ်သင်္ဘောများ အနီးသို့ပင် ရောက်ရှိခဲ့သည်ဟု သိရသည်။
နည်းပညာကုမ္ပဏီကြီးများ၏ ပါဝင်ပတ်သက်မှု
စတုတ္တအချက်မှာ နည်းပညာဆိုင်ရာ စီးပွါးရေလုပ်ငန်းစုများနှင့် နိုင်ငံတကာ နည်းပညာကုမ္ပဏီများက ယူကရိန်းတပ်မတော်၏ စစ်ဆင်ရေးများအတွင်း အင်တာနက်ဝန်ဆောင်မှု ထောက်ပံ့ပေးခြင်း ဖြစ်သည်။ ထိုအထဲတွင် အီလွန်မတ်ခ်၏ SpaceX လည်း အပါအဝင် ဖြစ်သည်။ SpaceX သည် ကမ္ဘာပတ်လမ်းနိမ့်အတွင်း လွှတ်တင်ထားသော Starlink ဂြိုလ်တု ၄၀၀၀ နီးပါးမှတစ်ဆင့် အင်တာနက်ရယူ အသုံးပြုနိုင်ရန် Starlink Terminal စက်များအား ယူကရိန်းတပ်မတော်သို့ ထောက်ပံ့ပေးအပ်ထားသည်။
ထိုနည်းတူစွာပင် Cloudfare သည် ယူကရိန်း Web Application များအား Distributed denial-of-service (DDoS) တိုက်ခိုက်ခြင်း အပါအဝင် အခြားကြိုတင်စီမံတိုက်ခိုက်ခြင်းများအား စောင့်ကြည့် အကာအကွယ် ပေးထားသည်။
ရုရှား – ယူကရိန်းစစ်ပွဲအတွင်း ထောက်လှမ်းရေး သတင်းအချက်အလက်မျှဝေရန်၊ စစ်မြေပြင်နှင့် အများပြည်သူနေထိုင်နေရာများ၏ အချိန်နှင့်တစ်ပြေးညီ ပုံရိပ်များ ထုတ်လွှင့်ရန်တို့အတွက် Smartphone Apps များအား တွင်ကျယ်စွာ အသုံးပြုနေကြပါသည်။ ဥပမာအားဖြင့် eVorog သည် ရုရှားတပ်များ၏ လှုပ်ရှားမှုအား ယူကရိန်းပြည်သူများက သတင်းပေးပို့ရန် ဖွင့်လှစ်ပေးထားသည့် လုံခြုံစိတ်ချရသော သတင်းပို့စနစ်တစ်ခုဖြစ်သည်။ ထိုနည်းတူစွာ Diia App အား ယူကရိန်းပြည်သူများအနေဖြင့် ဓာတ်ပုံများနှင့် ပထဝီတည်နေရာဆိုင်ရာ အချက်အလက်များ၊ ရုရှားတပ်များ၏ လှုပ်ရှားမှုများအား သတင်းပေးပို့နိုင်ရန် ပြုပြင်ထားသည်။ ထို့အတူပင် DeepState App အား လူမှုကွန်ယက်မီဒီယာအနေဖြင့်သော်လည်းကောင်း၊ ထောက်လှမ်းရေးသတင်း ပေးပို့ရန်အတွက်သော်လည်းကောင်း အသုံးပြုနိုင်သည်။ ၎င်းတွင် ရုရှားတပ်များ၏ တပ်တည် တပ်လှုပ် ဗီဒီယိုများအား မျှဝေထားကြကြောင်း တွေ့ရှိသည်။
နိုင်ငံတကာသတင်းမီဒီယာ ကုမ္ပဏီကြီးများအထူးသဖြင့် အနောက်တိုင်းမှ မီဒီယာများ၏ တီဗီသတင်းချန်နယ်များမှသော်လည်းကောင်း၊ အင်တာနက်မှသော်လည်းကောင်း ယူကရိန်းဘက်မှ တစ်ဖက်သတ် ဘက်လိုက် ထုတ်လွှင့်မှုများသည် မီဒီယာလောကအား အကျည်းတန်စေသည်။
ရေမြှုပ်မိုင်းများ၏ အခန်းကဏ္ဍ
ပဉ္စမအချက်မှာ ရေမြှုပ်မိုင်းများသည် စစ်ပွဲအတွင်း အဓိက စိတ်အနှောက်အယှက်ပေးစရာ ဖြစ်လာသည်။ ပင်လယ်နက်အတွင်း ရေမြှုပ်မိုင်း အရေအတွက် မည်မျှမျောပါနေကြောင်း မည်သူကမျှ ခန့်မှန်းသိရှိနိုင်ခြင်း မရှိချေ။ ထိုရေမြှုပ်မိုင်းများအား ပြန်လည်ဆယ်တင်ခြင်း မပြုလုပ်နိုင်သည်နှင့်အမျှ ပိုမိုဝေးကွာစွာ မျောပါသွားကြမည် ဖြစ်သည်။ ထို့အတွက် အနာဂတ် ပင်လယ်ရေကြောင်း သွားလာရေးတွင် အနည်းနှင့်အများဆိုသလို ခြိမ်းခြောက် အန္တရာယ်ပြုလာမည် ဖြစ်ပါသည်။
နိဂုံး
ရုရှား – ယူကရိန်းစစ်ပွဲသည် ပြီးဆုံးခြင်း မရှိသေးသည့်အတွက် ပြည့်စုံစွာ သုံးသပ်ရေးသားနိုင်ခြင်း မရှိပါ။ အီလက်ထရေနစ်စစ်ဆင်ရေးကဲ့သို့သော နယ်ပယ်များသည်လည်း အရေးပါသည်ဖြစ်ရာ ပိုမိုစေ့ငုစွာ လေ့လာသွားသင့်ပါသည်။ သမားရိုးကျ စစ်ဆင်ရေးနှင့် သမားရိုးကျ စစ်ဆင်ရေးဆိုင်ရာဆိုင်ရာ အယူအဆများမှာ လုံးဝခေတ်မမီတော့သည် မဟုတ်ပဲ လျှင်မြန်သွက်လက်ကာ ပြောင်းလွယ်ပြန်လွယ်ရှိသော စနစ်နှင့် ပစ္စည်းကိရိယာသစ်များအား ဈေးကွက်အတွင်းမှ ရရှိနိုင်သော နည်းပညာဝန်ဆောင်မှုများဖြင့် ပေါင်းစပ်အသုံးပြုခြင်းဖြင့် စစ်ပွဲဆိုင်ရာအယူအဆများမှာ ပြောင်းလဲတိုးတက်လာကြောင်း လေ့လာတွေ့ရှိရပါသည်။
ဒေါက်တာနိုင်ဆွေဦး
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့
Reference:
– Russo-Ukrainian War: Military Technologies and Future War Fighting Concepts, Dr Vijay Sakhuja Kalinga International Foundation, New Delhi, 18 April 2023
– Russia rubs it in with Fierce Kinzhal Attack on Patriot Battery in Kiev; Aerospace War Hears up in Ukraine, Vijainder K Thakur, The Eurasian Times, 16 May, 2023