အသစ်ဖွဲ့စည်းလိုက်သည့် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်မတော်၏ ကမ်းတက်တပ်ဖွဲ့

0

(သုတကမ္ဘာဂျာနယ် အတွဲ ၁ အမှတ် ၂၁ ပါ ဆောင်းပါး)

အသစ်ဖွဲ့စည်းလိုက်သည့် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်မတော်၏ ကမ်းတက်တပ်ဖွဲ့

ထက်အောင်

ဒုတိယကမ္ဘာစစ်မှာ  ရှုံးနိမ့်ပြီးတဲ့နောက်ပိုင်း  ဂျပန်နိုင်ငံဟာ  သူတို့ရဲ့တပ်မတော်ကို  ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်မတော်  ( Japanese Self Defense Forces – JSDF) လို့ အမည်ပြောင်းလဲခဲ့ ရပါတယ်။ ကိုယ်ပိုင်ကာကွယ်ရေး တပ်မတော်ဆိုတဲ့နာမည်နဲ့ လိုက်ဖက်စွာပဲ  သူတို့တပ်ဖွဲ့တွေဟာ  ပြည်ပရန် ကာကွယ်ရေးအတွက်ကိုသာ  ဦးစားပေးဖွဲ့စည်းခဲ့ပါတယ်။  ဒါ့အပြင် ဒုတိယကမ္ဘာစစ် စစ်ရှုံးနိုင်ငံအဖြစ်လည်း လက်နက်ထိန်းချုပ်မှု၊ အင်အားတိုးချဲ့မှုတို့ကို  မဟာမိတ်နိုင်ငံတွေရဲ့ စောင့်ကြည့်မှုတွေအောက်မှာသာ  ပြုလုပ်ခဲ့ရပါတယ်။  ဒါကြောင့် ဂျပန်တို့ထံမှာ ကမ်းတက်တိုက်ခိုက်ရေး တပ်ဖွဲ့ဆိုပြီး သီးသန့်မရှိခဲ့ပါဘူး။ ဒါပေမယ့်  ၂၀၁၈ ခုနှစ်မှာတော့  ဒုတိယကမ္ဘာစစ်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေး တပ်မတော်ရဲ့ ကမ်းတက်တိုက်ခိုက်ရေး တပ်ရင်းကြီးကို ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

Service members with the Japan Ground Self-Defense Force stand in formation during the Japanese Amphibious Rapid Deployment Brigade’s unit-activation ceremony at Camp Ainoura, Japan, April 7, 2018. The 31st Marine Expeditionary Unit supported the ceremony with a fast rope demonstration from a CH-53E Super Stallion. As the Marine Corps’ only continuously forward-deployed MEU, the 31st MEU provides a flexible force ready to perform a wide range of military operations throughout the Indo-Pacific region. (U.S. Marine Corps photo by Lance Cpl. Amy Phan/Released)

ဂျပန်တပ်မတော်ဟာ ကမ်းတက်စစ်ဆင်ရေးနည်းဗျူဟာ (Amphibious Warfare) တွေကို ပထမဆုံး အသုံးပြုခဲ့တဲ့ နိုင်ငံတွေထဲမှာအပါအဝင်  ဖြစ်ခဲ့ပါတယ်။ သမိုင်းကိုပြန်ကြည့်ရင် ဂျပန်တပ်မတော်ဟာ ၁၉၃၀ ပြည့်နှစ်မှာ တရုတ်နိုင်ငံကို ကမ်းတက်တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယကမ္ဘာစစ် အစောပိုင်းကာလတွေမှာ ဂျပန်တပ်မတော်ဟာ အာရှပစိဖိတ်ဒေသကို ဖြတ်သန်းကာ ကမ်းထိုးယာဉ်တွေနဲ့ အရှေ့တောင်အာရှဒေသတွေကို  ကမ်းတက်သိမ်းပိုက်ခဲ့ပါတယ်။ ဒါတင်မကသေးဘဲ အာရှပစိဖိတ်ဒေသကို ခြေကုပ်ကောင်းကောင်းယူကာ  အိန္ဒိယသမုဒ္ဒရာကိုပင် ခြိမ်းခြောက်နိုင်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားပြီးတဲ့ နောက်မှာ ဂျပန်အစိုးရဟာ အမျိုးသားကာကွယ်ရေးမူဝါဒ အသစ်ချမှတ်ခဲ့ပြီး သူတို့ရဲ့စစ်တပ်တွေကို တိုက်စစ်( Offensive) မှာ ပါဝင်အသုံးမပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၀ ပြည့်နှစ်ကို ရောက်ရှိလာတဲ့အခါမှာ ဂျပန်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ အနည်းငယ် တင်းမာလာခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးတည်ဆောက်မှုဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ တိုးတက်လာခဲ့တာနဲ့အပြိုင် တရုတ်တပ်မတော်ရဲ့ ဘက်စုံတိုးချဲ့မှုတွေဟာ တောင်တရုတ်ပင်လယ်အတွင်းရှိ အိမ်နီးချင်းနိုင်ငံတွေအပေါ် တပ်လှန့်သတိပေးနေသလို ဖြစ်စေခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း ကျွန်းတုတည်ဆောက်မှုကို လက်ပိုက်ကြည့်နေခဲ့ရပြီး နောက်မှာ ဂျပန်တို့ပိုင်တဲ့  Sankaku ကျွန်းစုကို တရုတ်ပိုင်လို့ အငြင်းပွားလာတဲ့နောက်မှာတော့ ဂျပန်တို့အတွက် ပိုမိုသတိထားဖွယ်ရာ ဖြစ်လာပါတယ်။ Sankaku ဒေသကို တရုတ်ရေတပ်၊ လေတပ်နဲ့  မရိန်းတပ်ဖွဲ့တို့ဟာ အချိန်မရွေးရောက်ရှိလာနိုင်ပြီး တပ်ဖြန့်မှုပြုလုပ်လာနိုင်ပါတယ်။ ဒါကြောင့် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေး တပ်မတော်ဟာ သူတို့ရဲ့ပင်မတပ်ဖွဲ့က ခွဲထုတ်ထားတဲ့ ကမ်းတက်တပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ရပါတော့တယ်။

ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်မတော်ရဲ့ ကမ်းတက်တပ်ဖွဲ့ကို အလျင်အမြန် တုံ့ပြန်တိုက်ခိုက်နိုင်တဲ့ တပ်မဟာ (Amphibious Rapid Deployment Bridge – ARDB ) အဖြစ် ဖွဲ့စည်းထားပါတယ်။ တပ်မဟာမှာပါဝင်တဲ့ စစ်သည်တွေကို  ဂျပန်တောင်ပိုင်းကျွန်းစု  ဒေသတွေမှာရှိတဲ့  တပ်ဖွဲ့တွေထံကနေ ခွဲထုတ်ထားခြင်းဖြစ်ပါတယ်။ စုစုပေါင်းလူအင်အား ၁၅၀၀ နဲ့ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်နက်ငယ်တွေအဖြစ် ချေမှုန်းရေးရိုင်ဖယ်တွေ၊ စနိုက်ပါရိုင်ဖယ်တွေ တပ်ဆင်ပေးထားပါတယ်။ လက်နက်ကြီးတွေအဖြစ် ၈၄  မီလီမီတာ ကားဂူးလ်စတပ်ဖ် နောက်ပွင့်ရိုင်ဖယ်၊ ၁၂၀ မီလီမီတာ ယာဉ်တင်စိန်ပြောင်းစနစ်၊ Type – 96 တင့်ဖျက် ပဲ့ထိန်းဒုံးပျံစနစ်တွေကို အဓိကတပ်ဆင်ထားပါတယ်။ ရွေ့လျားပစ်ကူပေးစနစ်တွေအဖြစ် ၁၀၅ မီလီမီတာ နောက်ပွင့်ရိုင်ဖယ် တပ်ဆင်ထားတဲ့ သံချပ်ကာယာဉ်တွေနဲ့ ဘီးတပ်သံချပ်ကာပစ်ကူပေးယာဉ်တွေ ပါဝင်ဖွဲ့စည်းထားပါတယ်။ ကမ်းတက်စစ်ဆင်ရေး ပြုလုပ်ဖို့အတွက် အမေရိကန်နိုင်ငံရဲ့ Hovercraft တွေကို ပုံတူကူးတည်ဆောက်ထားတဲ့  Hovercraft ယာဉ်တွေ၊ AAV – 7 အမျိုးအစား ကုန်း/ရေနှစ်သွယ်သွား  စစ်ဆင်ရေးယာဉ်တွေနဲ့ ဖွဲ့စည်းထားပြီး လေကြောင်းပို့ဆောင်ရေး စနစ်အဖြစ်  V -22 Osprey လေယာဉ်  ၁၇ စင်းတို့နဲ့  ဖွဲ့စည်းထားပါတယ်။ တပ်ရင်းကြီးရဲ့ ဖွဲ့စည်းပုံအရ  လက်ရှိမှာလူ ၁၅၀၀  သာရှိပေမယ့် လူပေါင်း ၃၀၀၀ အထိ တိုးချဲ့ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။

Soldiers of Japanese Ground Self-Defense Force (JGSDF)’s Amphibious Rapid Deployment Brigade, Japan’s first marine unit since World War Two, take part in a drill at JGSDF’s Camp Ainoura in Sasebo, on the southwest island of Kyushu, Japan April 7, 2018. REUTERS/Issei Kato

ARDB တပ်မဟာရဲ့ အဓိကတာဝန်မှာ Air-Land Combination လို့ခေါ်တဲ့ ပေါင်းစပ်တိုက်ပွဲဝင် နည်းဗျူဟာကို အသုံးပြုကာ မိမိပိုင်နက်နယ်မြေအတွင်းကို ကျူးကျော်လာတဲ့ ရန်သူ့တပ်ဖွဲ့တွေ အခြေမကျမီမှာ အလျင်အမြန် တုံ့ပြန်တိုက်ခိုက်ကာ ရန်သူ့ခံစစ်စနစ်တွေကို ချေမှုန်းသွားဖို့ဖြစ်ပါတယ်။ ARDB တပ်ရင်းကြီးကို ဖွဲ့စည်းရာမှာ အခက်အခဲ အနည်းငယ် ရှိခဲ့ပါတယ်။ ARDB တပ်မဟာအခြေစိုက်ရာနေရာရှိ ဒေသအာဏာပိုင်တွေဟာ V – 22 Osprey တွေ ထားရှိခြင်းကို  အလိုမရှိဘဲ သူတို့ရဲ့ ဆူညံသံကြောင့် အများပြည်သူ အနှောင့်အယှက်ဖြစ်ရမှာကို  စိုးရိမ်နေကြပါတယ်။ ဒါ့အပြင် ARDB ထမ်းဆောင်ရမဲ့  တာဝန်ဟာ သမားရိုးကျတပ်ဖွဲ့တွေနဲ့ ကွဲပြားနေပြီး  ထိုးစစ်အသွင်  ဆောင်နေတာကြောင့် အမျိုးသားလုံခြုံရေးမူဝါဒကို ချိုးဖောက်သလို ဖြစ်နေကြောင်း ဖြစ်ပါတယ်။ ဒါပေမယ့် ယခု ကမ်းတက်တပ်ရင်းကြီးဟာ မိမိတို့ရဲ့နယ်မြေတွေ အတိုက်အခံရမှသာ ပြန်လည်တုံ့ပြန်တိုက်ခိုက်ရမှာ ဖြစ်တာကြောင့် ထိုးစစ်အသွင်သဏ္ဍန်  ဆောင်နေပေမယ့်လည်း  Self- Defense ဆိုတဲ့  မူဝါဒစည်းမျဉ်းဘောင်ကို ကျော်လွန်ခြင်းမရှိဘူးလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

ထက်အောင်

Source; Popular Mechanics, Japan Activate First Amphibious Unit Since War II ကို ပြန်ဆိုပါသည်။

 

 

Share.

About Author

Leave A Reply