သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က စီစဉ်သည့်
The Hidden Reality of Rakhine Situation behind the Media Mask
ဆွေးနွေးပွဲတွင် ပညာရှင်များ ဆွေးနွေးသည့်အချက်များမှ လေ့လာတွေ့ချက်ရှိချက်များ
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က စီစဉ်သည့် The Hidden Reality of Rakhine Situation behind the Media Mask ဆွေးနွေးပွဲအား ရန်ကုန်မြို့ Novotel Hotel Max တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့က ပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ရခိုင်အရေးကျွမ်းကျင်သူ Mr. Rick Heizman နှင့် သုတေသနပညာရှင် ဦးမောင်မောင်ငြိမ်းတို့က မကြာမီကသွားရောက်ခဲ့သော ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း သုတေသနပြုတွေ့ရှိချက်များကို မှတ်တမ်းရုပ်ရှင်ပြသခဲ့ပါသည်။ စကားဝိုင်းဆွေးနွေးပွဲတွင်လည်း Mr. Rick Heizman၊ ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်းနှင့် သုတေသနပညာရှင် ဦးမောင်မောင်ငြိမ်းနှင့် သုတေသနပညာရှင် ဦးသန်းအေးတို့က ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါသည်။ ပညာရှင်များ၏ ရခိုင်ပြည်နယ်မြောက်ပိုင်း လက်တွေ့ကွင်းဆင်းတွေ့ရှိချက်များနှင့် ပတ်သက်ပြီး အောက်ပါအတိုင်း လေ့လာတွေ့ရှိရပါသည်။
၁။ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်ဒေသများတွင် ဘင်္ဂါလီလူဦးရေသည် တိုင်းရင်းသားများဖြစ်သည့် ရခိုင်၊ ဒိုင်းနက်၊ မြို၊ ခမီ၊ သက်များထက် (၁၀) ဆမှ အဆ (၂၀) ခန့်အထိ တဖြည်းဖြည်း များပြားလာသည်ကို တွေ့ရှိရပါသည်။ မီဒီယာအားနည်းမှုကြောင့် ဖြစ်စဉ်မှန်များကို ကမ္ဘာက သိရှိခြင်း မရှိပါ။ ဖြစ်စဉ်မှန်များကို ပိုမိုသိရှိစေရန် လုပ်ဆောင်သင့်ပါသည်။
၂။ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာတိုင်းတွင် တိုင်းရင်းသားနှင့် ဘင်္ဂါလီအချိုးမှာ ၁:၁၀ မှ ၁:၂၁ အချိုးအထိ ဖြစ်ပေါ်နေသည်ကို လေ့လာတွေ့ရှိရပါသည်။ အလားတူပင် ဘင်္ဂါလီလူဦးရေးပေါက်ဖွားနှုန်းမှာ အဆမတန်များပြားပြီး ဘင်္ဂါလီမိသားစုတစ်စုလျှင် လူဦးရေ (၅၀) မှ (၈၀) အထိ ရှိနေခြင်းကိုလည်း ပိုမိုဖော်ထုတ်ရေးသားသင့်ပါသည်။
၃။ ARSA အကြမ်းဖက်သမားများသည် နယ်မြေအတွင်းရှိ လူငယ်များအား စည်းရုံးခြင်း ခြိမ်းခြောက်သိမ်းသွင်းခြင်း၊ အကြမ်းဖက်တိုက်ခိုက်နည်းများ သင်ကြားလေ့ကျင့်ပေးခြင်း၊ ၎င်းတို့၏ စည်းရုံးမှုကို လက်မခံသူများအား ခြိမ်းခြောက်သတ်ဖြတ်ခြင်း၊ အစိုးရသတင်းပေးဟု ယူဆသူများ၊ သတင်းမီဒီယာနှင့် တာဝန်ရှိသူများက လာရောက်မေးမြန်းသည့်အခါ ၎င်းတို့အား ဆန့်ကျင်ဖြေကြားခဲ့သူများအား သတ်ဖြတ်ခြင်း၊ တိုင်းရင်းသားလူနည်းစုများ နေထိုင်သည့် ကျေးရွာများသို့ သွားရောက်ခြိမ်းခြောက်ခြင်း၊ တိုင်းရင်းသားများနှင့် ဟိန္ဒူဘာသာဝင်များအား အုပ်စုလိုက်သတ်ဖြတ်ခြင်း၊ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးကင်းစခန်းများနှင့် တိုင်းရင်းသားကျေးရွာများအား အကြမ်းဖက်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ တောတောင်များအတွင်း ငါးရှာ၊ ဖားရှာ၊ ထင်းခွေ၊ နွားကျောင်းနေကြသော ဒေသခံတိုင်းရင်းသားများ မကြာခဏ အသတ်ခံနေရသည်ကို လေ့လာတွေ့ရှိရသည့်အတွက် ကမ္ဘာမှသိရှိစေရန် ပိုမိုဖော်ထုတ်ရေးသားသင့်ပါသည်။
၎။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်နေ့တွင် ဖြစ်ပွားသော ရဲစခန်း (၃၀) နှင့် တပ်မတော်တပ်ရင်း ဌာနချုပ်တို့ တစ်ပြိုင်နက်တည်း တိုက်ခိုက်ခံရသောဖြစ်စဉ်အား မဖြစ်ပွားမီ တစ်နှစ်ကျော်ကတည်းက ဘင်္ဂါလီများ ကြိုတင်ကြံစည်ခဲ့ကြောင်း ကွင်းဆင်းလေ့လာချက်များအရ ဖော်ထုတ်တွေ့ရှိရပါသည်။
၅။ ထိုဖြစ်စဉ်မတိုင်မီ ၂၀၁၇ ခုနှစ်အတွင်း ဘင်္ဂါလီများအား လယ်စိုက်ပျိုးခြင်း မပြုလုပ်ရန် ဘာသာရေးခေါင်းဆောင် မော်လဝီများက ညွှန်ကြားခဲ့ကြောင်း ကွင်းဆင်းလေ့လာချက်များအရ တွေ့ရှိရပါသည်။
၆။ ဗလီများမှ အသံချဲ့စက်များဖြင့် “ဒီမြေသည် တို့မြေဖြစ်ရမည်၊ ရခိုင်တွေအကုန်သတ်၊ ဗုဒ္ဓဘာသာဝင်တွေ အကုန်သတ်” ဟု တစ်နေ့လျှင် (၅) ကြိမ်ခန့် နှိုးဆော်ခဲ့ကြောင်း ဖမ်းဆီးရမိသည့် ARSA အကြမ်းဖက်သမားများအား စစ်ဆေးချက်များအရ သိရှိရကြောင်း တွေ့ရှိရပါသည်။
၇။ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ၂၀၁၆ ခုနှစ်အတွင်း ပါကစ္စတန်လူမျိုးဟု ယူဆရသူများ ငွေအလုံးအရင်းဖြင့် ရောက်ရှိလာကြပြီး အစွန်းရောက်မော်လဝီဆရာများအား စည်းရုံးသိမ်းသွင်း ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။
၈။ ၎င်းတို့က လျှို့ဝှက်စစ်သင်တန်းပေးခြင်း၊ လိုဏ်ဂူပါသော တောတွင်းစခန်းများ လျှို့ဝှက်တည်ဆောက်ခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း အစိုးရနှင့် တပ်မတော်တို့၏ ထုတ်ပြန်ချက်များနှင့် ကွင်းဆင်းလေ့လာမှုများအရ သိရှိရပါသည်။
၉။ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်းတွင် အဆိုပါစခန်းများမှ လက်လုပ်မိုင်းများ၊ INGO များကပေးသော ရိက္ခာများ၊ အိမ်ဆောက်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သိမ်းဆည်းရမိခဲ့ပါသည်။
၁၀။ ၂၀၁၇ ခုနှစ် သြဂုတ်လမတိုင်မီ (၅) လ ခန့်ကပင် ဘင်္ဂါလီအလုပ်သမားအချို့က ၎င်းတို့နှင့်ရင်းနှီးသော အလုပ်ရှင်များကို ရွာမှတိမ်းရှောင်ရန် သတိပေးခဲ့ကြောင်း လေ့လာသိရှိရပါသည်။
၁၁။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ အကြမ်းဖက်မှုများမတိုင်မီ မော်လ၀ီဆရာများက ယင်းကျေးရွာများတွင် နေထိုင်ကြသော ဘင်္ဂါလီများအား အိမ်ရှိပစ္စည်းများ မြေမြှုပ်ရန်၊ အချက်ပေးလျှင် လုံခြုံရေးစခန်းများအား တိုက်ခိုက်ရန်၊ ၎င်းတို့၏အိမ်များကို ကိုယ်တိုင်မီးရှို့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးရန် အမိန့်ပေးခဲ့ကြောင်း တွေ့ရှိရပါသည်။
၁၂။ အကြမ်းဖက်တိုက်ခိုက်ရာတွင်လည်း အကြမ်းဖက်ခေါင်းဆောင်အဆင့်ဆင့်မှ ကြိုတင်စီမံ၍ တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်ရန် အမိန့်ပေးခဲ့ပြီး ARSA ဘင်္ဂါလီအကြမ်းဖက်တို့၏ အမာခံများနှင့် ရွာသူရွာသားများ၊ ကလေးများ အများအပြား ပါဝင်တိုက်ခိုက်ခဲ့သော်လည်း တိုက်ခိုက်ပြီးချိန်တွင် အောင်မြင်မှုမရှိသဖြင့် ARSA ဘင်္ဂါလီအကြမ်းဖက်သမားများက နေအိမ်များကို မီးရှို့၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဦးစွာထွက်ပြေးကြောင်း၊ ကျန်ရွာသားများကိုလည်း ခြိမ်းခြောက်ပြောဆိုခြင်း၊ နည်းမျိုးစုံဖြင့် မက်လုံးပေး ပြောဆိုစည်းရုံးမှုများကြောင့်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွင် အကြမ်းဖက်သမားများက ရွာမှထွက်မပြေးသူ ဘင်္ဂါလီရွာသားများကို ၀ါဒဖြန့်ခြင်းကြောင့် နောက်တစ်ကြိမ် အကြမ်းဖက်သမားများ ၀င်ရောက်လာချိန်တွင် သတ်ဖြတ်ခံရမည်ကို စိုးရိမ်၍လည်းကောင်း၊ အချို့မှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွင် ကိုယ်တိုင်ပါဝင်သူများ၏ ဆွေမျိုးသားချင်းများဖြစ်၍ ထိန်ချန်မှုဖြင့် အဖမ်းခံရမည်ကို စိုးရိမ်သောကြောင့်လည်းကောင်း၊ အချို့အကြမ်းဖက်သမားများက တာဝန်ပေးချက်အရ တစ်ဖက်နိုင်ငံ ဒုက္ခသည်စခန်းများမှတစ်ဆင့် ပြန်လည်ဝင်ရောက်ပြီး မီးရှို့မှုကြောင့် နေစရာအိမ်မရှိတော့၍လည်းကောင်း၊ အချို့မှာ ရွာသားအများစု ထွက်ပြေး၍ အကြောက်လွန်ပြီး လိုက်ပါသွားခြင်းကြောင့်လည်းကောင်း၊ ၎င်းတို့၏ သဘောဆန္ဒအတိုင်း တစ်သုတ်ပြီးတစ်သုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း၊ ထွက်ပြေးဘင်္ဂါလီများအား အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများအပြင် ပြည်တွင်းအခြေစိုက် နိုင်ငံတကာ သံတမန်များမှလည်း သွားရောက်တွေ့ဆုံ၍ တစ်ဖက်နိုင်ငံသို့ မသွားရောက်ရန် ဖျောင်းဖျပြောဆိုသော်လည်း လက်မခံဘဲ ၎င်းတို့နှင့် ဘာသာတူ၊ လူမျိုးတူများရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။
၁၃။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လဖြစ်စဉ်တွင် ARSA အကြမ်းဖက်သမားများသည် ရဲစခန်း ၃၀ နှင့် တပ်မတော်တပ်ရင်းဌာနချုပ်တစ်ခုအား တစ်ပြိုင်နက်တည်း ၀င်ရောက်တိုက်ခိုက်ခြင်း၊ စစ်ကူလာမည့်လမ်းကြောင်းများအား ဖြတ်တောက်ရေးအဖွဲ့များဖြင့် ကြိုတင်ပိတ်ဆို့ထားခြင်း၊ တံတားများအား လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးထားခြင်းတို့ကို စနစ်တကျ ကြိုတင်စီစဉ်ထားကြောင်း လေ့လာတွေ့ရှိရပါသည်။
၁၄။ ဖမ်းဆီးရမိသော အကြမ်းဖက်သမားများ၏ ထွက်ဆိုချက်များအရ လူသတ်၊ မီးရှို့၊ မုဒိန်းကျင့်၊ နှိပ်စက်မှုများကို တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အပြစ်ပုံချရန် စေခိုင်းခဲ့ကြောင်း တွေ့ရှိရပါသည်။
၁၅။ အကြမ်းဖက်မှုဖြစ်စဉ်မတိုင်မီတွင် ရခိုင်အမျိုးသားပါတီခေါင်းဆောင်များသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံပြီး ရခိုင်ပြည်နယ်အတွင်း တပ်မတော်က လုံခြုံရေးဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြပါသည်။ တပ်မတော်အနေဖြင့် ARSA အကြမ်းဖက်သမားများ၏ လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်မှုများကို တုံ့ပြန်ရာတွင် ဖြစ်စဉ်ဖြစ်ရပ်များ၏ အခြေအနေပေါ်မူတည်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးထားသည့် စစ်ပွဲဆိုင်ရာဥပဒေ၏ အဓိကအရင်းအမြစ်ဖြစ်သော ၁၉၄၉ ခုနှစ်၊ ဂျီနီဗာကွန်ဗင်းရှင်း (၄) ရပ်၏ ဘုံအာတီကယ် (၃) ပါ သဘောတရားများ၊ လက်နက်ကိုင်ပဋ္ဋိပက္ခဆိုင်ရာ ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းနှင့် ကာကွယ်ခုခံပိုင်ခွင့်ဆိုင်ရာ ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများ (Rule of Engagement – ROE)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအပါအ၀င် ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ရန် တင်းကျပ်စွာ ကြပ်မတ် ဆောင်ရွက်နေကြောင်း တွေ့ရှိရပြီး ခြိမ်းခြောက်မှုများ အပါအ၀င် အရပ်သားပြည်သူလူထုအပေါ် ကျူးလွန်ချိုးဖောက်သူများအား ဥပဒေနှင့်အညီ ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်သင့်ကြောင်း လေ့လာတွေ့ရှိရပါသည်။
၁၆။ အကြမ်းဖက်မှုဖြစ်ပွားပြီးချိန်တွင် တိုင်းရင်းသားများက ၎င်းတို့၏ အသက်အန္တရာယ် လုံခြုံရေးအတွက် တပ်များစေလွှတ်ပေးရန်သာ တွင်တွင်တောင်းဆိုခဲ့ကြပါသည်။ တောတွင်းတွင် ပုန်းခိုနေကြရသည့် ထောင်ပေါင်းများစွာသော တိုင်းရင်းသားများကို တပ်မတော်စစ်ကြောင်းများက ကယ်ထုတ်ခဲ့ကြရပါသည်။
၁၇။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အစုလိုက်အပြုံလိုက် လူသတ်၊ မီးရှို့၊ မုဒိန်းကျင့်၊ နှိပ်စက်ညှင်းပန်းခြင်း မရှိဟု ထွက်မပြေးဘဲ ကျန်နေသည့် ဘင်္ဂါလီများကိုယ်တိုင်က ထွက်ဆိုခဲ့ကြပါသည်။
၁၈။ ARSA အကြမ်းဖက်အဖွဲ့များသည် ဟိန္ဒူကျေးရွာမှ ရွာသူရွာသားများကို ကျား/မ ခွဲခြားပြီး အမျိုးသား (၁၀၀) ကျော်ကို သတ်ဖြတ်ကာ တပ်မတော်မှသတ်ဖြတ်သည်ဟု အပြစ်ပုံချရန်ကြံစည်ခဲ့သော်လည်း ပြန်လည်လွတ်မြောက်လာသော ဟိန္ဒူအမျိုးသမီး (၈) ဦးက ဖြစ်ရပ်မှန်ကို ထွက်ဆိုခဲ့ကြသဖြင့် ၎င်းတို့၏ အကြံအစည် မအောင်မြင်ခဲ့ပေ။
၁၉။ ယင်းဒေသတွင် နေထိုင်လျက်ရှိသော ဘင်္ဂါလီ သုံးပုံတစ်ပုံမှ ထက်ဝက်ခန့်အထိသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးခြင်းမရှိဘဲ အေးချမ်းစွာ နေထိုင်လျက်ရှိကြပါသည်။ ၎င်းတို့သည် ARSA အကြမ်းဖက်သမားများကို လက်မခံကြသောကြောင့် ARSA အကြမ်းဖက်အဖွဲ့က ခြိမ်းခြောက်စာများ ပေးပို့ခြင်း၊ သတ်ဖြတ်ရန်ကြံစည်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် အကြမ်းဖက်သမားများသည် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သူများကို သတ်ဖြတ်ခြင်း၊ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင်လည်း ရခိုင်ပြည်နယ်သို့ ပြန်လည်ဝင်ရောက်လိုသူများထဲမှ ခေါင်းဆောင်များကို သတ်ဖြတ်ခြင်းတို့ ပြုလုပ်ကြကြောင်းလည်း သိရှိရပါသည်။
၂၀။ Indicator.com တွင် Reuters, Human Rights Watch နှင့် Fortify Rights တို့၏ ရှေ့နောက် မညီညွတ်သော အချက်များကို ဖော်ပြထားကြောင်း တွေ့ရှိရပါသည်။ Washington Post သတင်းထောက် Hannah Beech က မုဒိန်းကျင့်ခံရသူများ၏ ထွက်ဆိုချက်များသည် ရှေ့နောက်မညီသည်ကို ပထမဆုံး ဖော်ထုတ်ရေးသားခဲ့သည်။
၂၁။ ဒေသခံတိုင်းရင်းသားလူမျိုးစုများဖြစ်သည့် မြို၊ ခမီ၊ သက်စသည့် လူနည်းစုများသည် အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းကို ခံကြရသည့်အတွက် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်ကို မည်သူကမျှ စိတ်မ၀င်စားကြပေ။ ၎င်းလူမျိုးစုငယ်များသည် မျိုးသုဉ်းပျောက်ကွယ်မည်ကိုပင် စိုးရိမ်နေကြရသည့် အနေအထားတွင် ရှိနေပါသည်။
၂၂။ နောက်ဆုံးကွင်းဆင်းတွေ့ရှိချက်များအရ ဘင်္ဂါလီများပြန်လည်ဝင်ရောက်လာပါက ဒေသခံရခိုင်များက လက်ရှိ ကျေးရွာများတွင် မနေထိုင်ဝံ့တော့ကြောင်း ပြောကြားကြသည်ကို လေ့လာတွေ့ရှိရပါသည်။ ယနေ့တိုင် ရခိုင်၊ မြို၊ သက်၊ ခမီ စသည့် တိုင်းရင်းသားများသည် အလစ်အငိုက် သတ်ဖြတ်ခံနေကြရပြီး ၎င်းတို့ မွေးမြူထားသော ကျွဲနွားတိရိစ္ဆာန်များကိုလည်း လုယူခံနေကြရသည်ကို ကမ္ဘာကသိရှိစေရန် ပိုမို ထုတ်ဖော်ရေးသားသင့်ပါသည်။
၂၃။ ဘင်္ဂါလီတို့၏ကျောင်းများတွင် သင်္ချာ၊ အင်္ဂလိပ်စာ၊ ပထ၀ီ၊ သိပ္ပံစသည့် ဘာသာရပ်များကို သင်ကြားခြင်းမရှိဘဲ အာရဗီဘာသာတစ်မျိုးတည်းကိုသာ သင်ကြားကြောင်း တွေ့ရှိရပါသည်။ ဘင်္ဂါလီကလေးငယ်များသည် ယင်းကျောင်းများတွင် အစွန်းရောက်အတွေးအခေါ်များ ရိုက်သွင်းခြင်း ခံနေကြရသည်။ မော်လ၀ီများက ဘင်္ဂါလီကလေးငယ်များကို စစ်သွေးကြွ စိတ်ဓာတ်များ ရိုက်သွင်းပြီး ဗုဒ္ဓဘာသာဝင်များကို သတ်မည်ဟု ကြွေးကြော်စေခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိရပါသည်။
၂၄။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ တိုက်ခိုက်မှုတွင် အကြမ်းဖက်သမားများသည် အမျိုးသမီးများနှင့် ကလေးများကို ရှေ့တန်းတွင်ထားတာ တိုက်ခိုက်သည်ကို တွေ့ရှိရရာ ယင်းသို့ပြုလုပ်ခြင်းသည် The Declaration on the Protection of Women and Children in Emergency and Armed Conflict (1974) နှင့် လုံးဝဆန့်ကျင်နေကြောင်း တွေ့ရှိရပါသည်။
၂၅။ Mr. Rick Heizman အနေဖြင့် ရခိုင်ဒေသအား အချိန်ယူသွားရောက်ကာ သတင်းအချက်အလက်များကို အသေးစိတ်ရယူခဲ့ကြောင်းတွေ့ရှိရပါသည်။ ပြည်တွင်းပြည်ပ မီဒီယာများအနေဖြင့်လည်း အခါအခွင့်သင့်ပါက ဖြစ်စဉ်ဖြစ်ပွားခဲ့ရာ ဒေသများသို့ ထပ်မံသွားရောက်ပြီး နစ်နာခဲ့ရသူ ဒေသခံတိုင်းရင်းသားများကို အသေးစိတ် အချိန်ယူမေးမြန်းကာ နစ်နာမှုဖြစ်စဉ်များအား ကမ္ဘာက သိရှိစေရန် လုပ်ဆောင်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။
၂၆။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အခြေအနေများသည် တပ်မတော်က စတင်တိုက်ခိုက်၍ ဖြစ်ပွားခဲ့ခြင်းမဟုတ်ဘဲ ARSA တို့၏ အကြမ်းဖက်လုပ်ရပ်ကြောင့်သာ တရားဥပဒေစိုးမိုးရေး အတွက် တပ်မတော်က ဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါသည်။ တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့သည်ဆိုသည့် ကိစ္စရပ်များကို ကုလသမဂ္ဂနှင့် နိုင်ငံတကာမီဒီယာများတွင် အထောက်အထားမဲ့ ပြောဆိုနေကြခြင်းကို ကန့်ကွက်ပါသည်။
၂၇။ ရခိုင်ဒေသဖြစ်စဉ်သည် အကြမ်းဖက်အစွန်းရောက် အဖွဲ့အစည်းအချို့နှင့် မြန်မာနိုင်ငံအရေးကို ၀င်ရောက်စွက်ဖက်လိုသည့် နိုင်ငံအချို့ ပူးပေါင်းလုပ်ကြံဖန်တီးသည့် ယုတ်မာသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ မုဒိန်းမှု၊ မီးရှို့ဖျက်ဆီးမှုတို့ကို ဖုံးကွယ်ရန် ဆောင်ရွက်ချက်ဖြစ်သော်လည်း ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းအချို့၏ မျှတစွာ ရပ်တည်ဆောင်ရွက်ခြင်း မရှိခဲ့ခြင်းအပေါ် မိမိနိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဂုဏ်သိက္ခာအတွက် အဖြစ်မှန်ပေါ်လွင်စေရေး ရရှိထားသည့် အချက်အလက် အထောက်အထားများနှင့်တကွ လိမ်ညာစွပ်စွဲသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား တရားစွဲဆို အရေးယူဆောင်ရွက်သင့်ပါသည်။
၂၈။ အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သည့် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် ARSA အဖွဲ့အား ပြည်တွင်းနှင့် ပြည်ပတွင် သက်ဆိုင်ရာ နစ်နာသူများက တရားစွဲဆို အရေးယူ ဆောင်ရွက်သင့်ပါသည်။
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့