ရုရှားထုတ် Sarmat ICBM သည် လမ်းကြောင်းပြောင်းပျံသန်းနိုင်ပြီး လာမည့် ဆယ်စုနှစ်များအတွင်း ကြားဖြတ်ဟန့်တားရေးစနစ် မပေါ်နိုင်ဟုဆို
ရုရှား၏ နောက်ဆုံးပေါ်မြေပြင်အခြေစိုက် တိုက်ချင်းပစ်ဒုံးကျည် (ICBM) သည် မြောက်နှင့် တောင်ဝင်ရိုးစွန်း အပါအဝင်အခြား trajectories (လမ်းကြောင်းများ) တစ်လျှောက် ပျံသန်းစစ်ဆင်နိုင်သည်ဟု ရုရှားနိုင်ငံ မဟာဗျူဟာမြောက် ဒုံးကျည်တပ်ဖွဲ့မှူး ဗိုလ်မှူးကြီး ဆာဂျီကာရာကာယက်ဗ်က ပြောကြားခဲ့ပါသည်။
“ဒုံးကျည်စနစ်သစ်၏ စွမ်းအား-အလေးချိန်(power-to-weight) အချိုးအစားကြောင့် လမ်းကြောင်းပြောင်း ပျံသန်းနိုင်စွမ်းရှိခြင်း ဖြစ်သည်။ ကျွန်ုပ်တို့၏ နာမည်ဆိုးဖြင့် ကျော်ကြားသော မြောက်ဝင်ရိုးစွန်းကိုဖြတ်၍ လိုအပ်ပါက တောင်ဝင်ရိုးစွန်းကို ထပ်မံဖြတ်သန်းပျံသန်းကာ ပစ်မှတ်ထား တိုက်ခိုက်နိုင်သည်။ မူအားဖြင့် ယနေ့ခေတ်တွင် အဆိုပါ တိုက်ချင်းပစ်ဒုံးကျည်မျိုးအား ကာကွယ်နိုင်စွမ်းမရှိသေးပါ။”ဟု ဗိုလ်မှူးကြီး ဆာဂျီကာရာကာယက်ဗ်က ထည့်သွင်းပြောကြားခဲ့ပါသည်။ “နောက်ပြီး အာကာသထဲကို ပစ်လွှတ်နိုင်ခြေနဲ့ ပတ်သက်ပြီး တခြားသော လမ်းကြောင်းတွေအတွက် ဖြစ်နိုင်ခြေလည်း ရှိပါတယ်” ဟု Karakaev က Zvezda TV ရုပ်သံလိုင်းသို့ ပြောကြားခဲ့သည်။
လာမည့်ဆယ်စုနှစ်များအတွင်း Sarmat တိုက်ချင်းပစ်ဒုံးကျည်ကို ကြားဖြတ်ဟန့်တားနိုင်သည့်နည်းလမ်းကို ဖန်တီးရန် မဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ “ဒီကနေ့ခေတ်မှာ Sarmat ဒုံးကျည်စနစ်အတွက် လေကြောင်းရန်ကာကွယ်ရေးဆိုတာ မရှိဘူးလို့ သူတို့က ပြောနေကြပြီး လာမယ့်ဆယ်စုနှစ်တွေမှာ ရှိလာဦးမှာ မဟုတ်ပါဘူး” ဟု Karakaev က ဟောကိန်းထုတ်ခဲ့ပါသည်။
Sarmat သည် ကြားဖြတ်ရန် အလွန်ခက်ခဲရသည့် အကြောင်းရင်းများထဲမှ တစ်ခုမှာ အရည်လောင်စာသုံးဒုံးပျံ (liquid-propellant rocket) အမျိုးအစားဖြစ်ပြီး ပေါ့ပါးသော အစိုင်အခဲလောင်စာသုံးဒုံးပျံမော်တာ များပါရှိသော ဒုံးကျည်များကဲ့သို့ လျင်မြန်စွာ အရှိန်မြှင့်တင်ပျံသန်းနိုင်ခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။
ရုရှားနိုင်ငံသည် ယခုနှစ်တစ်လျှောက်လုံး Sarmat တိုက်ချင်းပစ်ဒုံးကျည်ကို စမ်းသပ်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး စစ်တပ်သည် ၂၀၂၂ ခုနှစ် ဆောင်းဦးပေါက်တွင် ဒုံးကျည်များကို စတင်လက်ခံနိုင်လိမ့်မည်ဖြစ်ကြောင်း ရုရှားအစိုးရပိုင် အာကာသအေဂျင်စီ Roscosmos အကြီးအကဲ Dmitry Rogozin က ပြောကြားခဲ့ပါသည်။
ထို့အပြင် မဟာဗျူဟာမြောက်ဒုံးကျည်တပ်ဖွဲ့ (Strategic Missile Forces) ၏ လက်ထောက်တပ်မှူး Sergei Poroskun မှ ပြောကြားချက်အရ Sarmat ဒုံးကျည်သည် အနည်းဆုံး နှစ် ၅၀ တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
“ဒါဟာ လာမယ့်နှစ် ၅၀ အထိ တိုက်ပွဲဝင် အသင့်တပ်ဖြန့်အသုံးပြုနိုင်မယ့် အလားအလာရှိတဲ့ ဒုံးကျည်စနစ်တစ်ခုပါ” ဟု Poroskun မှ ပြောကြားပြီး သက်တမ်းကြာရှည်ခံမှုမှာ ဒုံးကျည်၏ ဝိသေသလက္ခဏာများနှင့် ၎င်း၏ မြင့်မားသော ယုံကြည်စိတ်ချရမှုတို့ကြောင့်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
Sarmat သည် တန်ချိန် ၂၀၀ အလေးချိန်ရှိသော အရည်လောင်စာသုံး တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စနစ် ဖြစ်ပါသည်။ အဆိုပါစနစ်သည် Satan ဟုလည်း လူသိများသော ရုရှား၏ Voevoda တိုက်ချင်းပစ်ပဲ့ထိန်ဒုံးကျည်များနေရာတွင် အစားထိုးရန် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားခြင်းဖြစ်သည်။ Roscosmos သည် ရုရှားစစ်တပ်၏ လိုအပ်ချက်အတွက် စုစုပေါင်း Sarmat ဒုံးကျည် ၄၆ စင်းကို တည်ဆောက်ရန် စီစဉ်ထားသည်။
Russia’s Sarmat ICBM Can Change Trajectory, Will Make Interception Hardly Possible in Coming Decades အား ဘာသာပြန်ဆိုထားပါသည်။
သက်ထူးခန့်ပိုင်(ရေနံချောင်း)
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့