ရုရှား – ယူကရိန်း စစ်ပွဲအား စီးပွါးရေးဆိုင်ရာ ရှုထောင့်က လေ့လာခြင်း

0

(ကမ္ဘာ့ရေးရာ အမှတ် (၁၅) ဩဂုတ်၊ ၂၀၂၂ တွင် ဖော်ပြပါရှိသော ဆောင်းပါး ဖြစ်ပါသည်။)

ရုရှား – ယူကရိန်း စစ်ပွဲအား စီးပွါးရေးဆိုင်ရာ ရှုထောင့်က လေ့လာခြင်း

ရုရှား – ယူကရိန်းစစ်ပွဲသည် ဇွန်လတွင် စတုတ္ထမြောက်လသို့ တိုင်ခဲ့ပြီဖြစ်သည်။ ထိုပဋိပက္ခသည် မကြာမီ ပြီးဆုံးမည့် အရိပ်အယောင်လည်း မပြသေးပေ။ စစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ ရှုထောင့်အမြင်များအား အလေးထား လေ့လာကြသော်လည်း ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် လူမှုရေးနှင့် စီးပွါးရေးဂယက်ရိုက်ခတ်မှုများသည်လည်းလွန်စွာ စိုးရိမ်ရသည့် အခြေအနေဖြစ်ပါသည်။

၂၀၂၂ ခုနှစ် ဇွန်လတွင် ထုတ်ပြန်သည့် ကမ္ဘာ့ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးမှု ကွန်ဖရင့် (United Nations Conference on Trade and Development  – UNCTAD) ၏ ထုတ်ပြန်ချက်အရ ကမ္ဘာကြီးသည် မျိုးဆက်တစ်ခုတွင် တစ်ကြိမ်သာ ကြုံတွေ့ရသည့် လူနေမှုစရိတ်ကြီးမြင့်သည့်ဒဏ်ကို ခံစားနေရသည်ဟု လေ့လာတွေ့ရှိရသည်။ ထိုသို့ ဖြစ်ရခြင်းမှာ အစားအစာနှင့် စွမ်းအင် စရိတ်စကများ မြင့်တက်နေခြင်းတို့ကြောင့် ဖြစ်သကဲ့သို့ အမြဲကျပ်တည်းနေသည့် ဘဏ္ဍာရေးအခြေအနေကြောင့်လည်း ဖြစ်သည်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များ (၂၀၃၀) (Sustainable Development Goals 2030) အောင်မြင်ရန် အလားအလာမှာ ပထမဆုံးအကြိမ်အဖြစ် ကိုဗစ် – ၁၉ ကပ်ရောဂါဆိုးနှင့် ယခုအခါ စစ်ပွဲကြောင့် နောက်ပြန်လှည့်မည့် အခြေအနေ ဖြစ်လာသည်။ ကိုဗစ် – ၁၉ ကပ်ရောဂါနှင့် ရာသီဥတု ပြောင်းလဲမှုများကြောင့် ကမ္ဘာအနှံ့အပြားတွင် ဆင်းရဲမွဲတေမှုနှင့် လူတန်းစား မညီမျှများမှာ ပိုမို ဆိုးရွား နက်ရှိုင်း လာသည်။

ကိန်းဂဏန်းများက ဖော်ပြနေသော လက်ရှိ ကမ္ဘာ့စီးပွါးရေးအခြေအနေ

ကမ္ဘာ့ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခတုံ့ပြန်ရေးအဖွဲ့ (UN Global Crisis Response Group) နှင့် ကမ္ဘာ့ကုလသမဂ္ဂ ဒေသဆိုင်ရာ စီပွါးရေး ကော်မရှင် (UN Regional Economic Commission) တို့ ပူးပေါင်း ပြုလုပ်သည့် ဆန်းစစ်လေ့လာချက်အရ ကမ္ဘာ့နိုင်ငံပေါင်း (၉၄) နိုင်ငံရှိ လူဦးရေ ၁ ဒဿမ ၆ဘီလီယံသည် ကပ်ဆိုက်သော အခြေအနေကို ရင်ဆိုင်နိုင်စွမ်း မရှိကြောင်း လေ့လာတွေ့ရှိရသည်။

အောက်ဖော်ပြပါ ကိန်းဂဏန်းများက လက်ရှိ အခြေအနေကို ဖော်ညွှန်းနေပေသည်။

– ကမ္ဘာ့ကုလသမဂ္ဂ အစားအစာနှင့် စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization – FAO) ၏ အစားအစာ ဈေးနှုန်း ညွှန်းကိန်းသည် သမိုင်းတစ်လျှောက် အမြင့်ဆုံး ဖြစ်သည်။ ယခင်နှစ်ကထက် (၃၄) ရာခိုင်နှုန်း တိုးမြှင့်လာသည်။ ကပ်ရောဂါ မတိုင်ခင်ကထက် သုံးဆ နီးပါး မြင့်တက်လာခြင်း ဖြစ်သည်။

– ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁ ရက် နောက်ပိုင်း ရေနံစိမ်းဈေးမှာ (၄၆) ရာခိုင်နှုန်းနှင့် သဘာဝဓာတ်ငွေ့ဈေးမှာ (၄၉) ရာခိုင်နှုန်း  မြင့်တက်လာသည်။ ဓာတ်မြေဩဇာဈေးမှာလည်း နှစ်ဆ ဖြစ်လာသည်။

– ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ လေ့လာချက်များအရ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ကူးသန်းရောင်းဝယ်ရေး တိုးတက်မှုသည် (၄.၇) ရာခိုင်နှုန်းမှ (၃) ရာခိုင်နှုန်းအောက်သို့ ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားသည်။

– ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုသည် (၅.၂) ရာခိုင်နှုန်းသို့ ရောက်ရှိသွားရာ သမိုင်းတစ်လျှောက် အမြင့်ဆုံး ဖြစ်သည်။

– ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေး ကွင်းဆက် (Global Supply Chain) သည်လည်း ပြတ်တောက်သွားရသည်။ ကုန်သေတ္တာများ အလွန်အမင်း ရှားပါး ပြတ်လပ်မှုနှင့်လည်း ကြုံတွေ့နေရပါသည်။ ကုန်စည်ပို့ဆောင်ခများမှာလည်း ပျှမ်းမျှဈေးနှုန်းထက် အဆပေါင်း များစွာ မြင့်တက်နေသည်။

– ကမ္ဘာတစ်လွှားတွင် အတိုးနှုန်းများမှာလည်း မြင့်တက်လာရာ ငွေကြေးအကြပ်အတည်းများ ဖြစ်ပေါ်လာရသည်။ ငွေကြေးဈေးကွက်မှာ ဝရုန်းသုန်းကား အခြေအနေဖြစ်လာသည်။

– ကမ္ဘာ့လုံးဆိုင်ရာ စီးပွါးရေးကျဆင်းမှု (Global Recession) ဖြစ်ပေါ်လာနိုင်ခြင်းအား စိုးရိမ်ပူပန်မှုမှာလည်း သိသာ ထင်ရှားလာသည်။

– အစားအစာ ဆိုးရွားစွာ ပြတ်လပ်မှုအား ခံစားနေရသည့် လူဦးရေမှာ အာဖရိကတိုက်တွင် (၄၆) သန်း ရှိပြီး အာရှတိုက်တွင် (၄၇) သန်း ဖြစ်သည်။ အခြား (၇၈) သန်းမှာလည်း အလွန်အမင်း ဆင်းရဲမွဲတေမှုသို့ သက်ဆင်းလျက် ရှိသည်။

– နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှုစနစ် အစိတ်စိတ်အမွှာမွှာ ပြိုကွဲ ပျက်စီးသွားမည်ကို စိုးရိမ် ပူပန်မှု ရှိကြောင်း ထုတ်ဖော် ပြောကြားပါသည်။ ၎င်းဖြစ်စဉ်သည် ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးကဏ္ဍတို့တွင် ဆိုးရွားစွာ ဂယက်ရိုက်ခတ်စေမည် ဖြစ်သည်။

– ဖွံဖြိုးမှုအနည်းဆုံးနိုင်ငံ (LDCs) များ၏ (၆၀) ရာခိုင်နှုန်းသည် အကြွေးနွံနစ်မည့် အနေအထား ဖြစ်လာသည်။

ကမ္ဘာလုံးဆိုင်ရာ အစားအစာ၊ စွမ်းအင်နှင့် ဘဏ္ဍာအကြပ်အတည်းတို့အား ဖြစ်ပေါ်စေသော အဓိကအခြင်းအရာမှာ ရုရှား – ယူကရိန်း စစ်ပွဲပင် ဖြစ်သည်။ ထိုနှစ်နိုင်ငံပေါင်းမှာ ကမ္ဘာ့ ဂျုံနှင့် ဘာလီ တင်ပို့မှု၏ (၃၀) ရာခိုင်နှုန်း၊ နှံစားပြောင်း တင်ပို့မှု၏ ငါးပုံတစ်ပုံနှင့် နေကြာဆီ တင်ပို့မှု၏ တစ်ဝက်တိတိရှိသည်။ ရုရှားနှင့် ယူကရိန်းတို့သည် ကမ္ဘာ့ စပါးကျီဟု ဆိုရပေမည်။ အနောက်အာရှ၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက နိုင်ငံအများအပြားသည် ထိုနှစ်နိုင်ငံမှ ဂျုံ ဝယ်ယူ တင်သွင်းမှုအပေါ် မှီခိုနေရသည်။ စစ်ပွဲက ဤထောက်ပံ့ရေးကွင်းဆက်များကို ဖြတ်တောက်ပစ်လိုက်ပါသည်။

ရုရှားသည် ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချသူဖြစ်ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး ရေနံစိမ်းတင်ပို့သည့် နိုင်ငံဖြစ်သည်။ ၎င်းအပြင် ဓာတ်သတ္တုများနှင့် မဟာဗျူဟာမြောက် ကုန်ကြမ်းပစ္စည်းများ အဓိကတင်ပို့သော နိုင်ငံလည်း ဖြစ်သည်။ ရုရှားအပေါ် ပြင်းထန်သော ပိတ်ဆို့ အရေးယူမှုများက ကမ္ဘာတစ်ဝှမ်း ပြိုကွဲပျက်စီးခြင်းများနှင့် စိုးရိမ် ထိတ်လန့်မှုများကို ဖြစ်ပေါ်စေလျက် ရှိသည်။ ဥရောပသည် သဘာဝဓာတ်ငွေ့၏ (၄၀) ရာခိုင်နှုန်း၊ စက်သုံးဆီ၏ (၁၀) ရာခိုင်နှုန်းနှင့် ကျောက်မီးသွေး၏ (၃၀) ရာခိုင်နှုန်း လိုအပ်ချက်များအား ရုရှားထံမှ မှီခိုနေရသည်။

အစဦးပိုင်း ပိတ်ဆို့အရေးယူမှုများတွင် ရုရှားထံမှ စွမ်းအင် တင်သွင်းဝယ်ယူမှုအား ခြွင်းချက်ပြုထားသည်။ ထို့ကြောင့် စစ်ပွဲ ဆင်နွှဲနေချိန်အတွင်း၌ပင် ရုရှားသည် ဥရောပသို့ ရုပ်ကြွင်း လောင်စာ တင်ပို့ရောင်းချရမှုမှ ယူရို (၉၃) ဘီလီယံ ဝင်ငွေရရှိခဲ့သည်မှာ အဆန်းတကြယ်ကိစ္စ မဟုတ်ချေ။ ဥရောပနိုင်ငံများသည် ရုရှားထံမှ တစ်နေ့လျှင် ရေနံစိမ်း စည်ပေါင်း (၃) သန်းခန့် တင်သွင်း ဝယ်ယူနေရာ (၂၅) ရာခိုင်နှုန်းမှာ Druzhba ပိုက်လိုင်းစနစ်မှ ဖြစ်ပြီး ကျန် (၇၅) ရာခိုင်နှုန်းမှာ ဆီတင် သင်္ဘောများဖြင့် ဖြစ်သည်။ ထိုအခြေအနေမှာ ပြောင်းလဲကောင်း ပြောင်းလဲ သွားနိုင်ပါသည်။

ပိတ်ဆို့အရေးယူမှုများ ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ ယခုအခါ ဥရောပနိုင်ငံများသည် ရုရှားထံမှ စက်သုံးဆီ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေး တင်သွင်း ဝယ်ယူမှုများအား အဆင့်လိုက် လျော့ချရန် ကြိုးပမ်းလာကြသည်။ ယခုနှစ်ကုန်တွင် ဥရောပနိုင်ငံများက ရုရှားထံမှ ရေနံစိမ်း ဝယ်ယူမှုအား (၉၃) ရာခိုင်နှုန်းအထိ လျော့ချသွားမည် ဖြစ်သည်။

ရုရှား – ယူကရိန်း စစ်ပွဲကြောင့် အိန္ဒိယအား စီးပွါးရေးအရ အကျိုးသက်ရောက်မှုများအား လေ့လာခြင်း

မြန်မာနိုင်ငံ၏ အနောက်ဘက် အိမ်နီးချင်း ဖြစ်သော အိန္ဒိယနိုင်ငံအပေါ် စစ်ပွဲ၏ အကျိုးသက်ရောက်မှုများအား ဆက်လက်လေ့လာပါမည်။ ရုရှားသည် ရေနံစိမ်း တင်ပို့ရန် အခြားဈေးကွက်များကို ရှာဖွေလျက်ရာ အိန္ဒိယသည် ထိုအထဲတွင် ပါဝင်နေသည်။ အိန္ဒိယသည် ရုရှားထံမှ ၂၀၂၁ ခုနှစ်က တစ်နေ့လျှင် ရေနံစိမ်းစည်ပေါင်း (၄၀၀၀၀) အောက်သာ တင်သွင်းနေရာမှ ၂၀၂၂ ဇွန်လအရောက်တွင် တစ်နေ့လျှင် စည်ပေါင်း (၈၀၀၀၀၀) အထိ ရောက်ရှိသွားသည်။ ရုရှားသည် အိန္ဒိယနှင့် အခြားနိုင်ငံများအား ရေနံစိမ်းကို လျှော့ဈေးဖြင့် ကမ်းလှမ်းနေသည်ဟု သိရသည်။

ပိတ်ဆို့အရေးယူမှုများက အနောက်နိုင်ငံများအားလာည်း ထိခိုက်စေပါသည်။  အမေရိကန်နှင့် ဥရောပတွင် စွမ်းအင်ဈေးနှုန်းများသည် အဆပေါင်းများစွာ မြင့်တက်ခဲ့သည်။ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသည့် နိုင်ငံများသည် စစ်ပွဲစတင်ကတည်းကပင် ရုရှားထုတ် ကုန်ပစ္စည်းများ တင်သွင်းမှု သိသိသာသာ ကျဆင်းသွားကြောင်း အစီရင်ခံစာများအရ သိရသည်။ အိန္ဒိယသည် စစ်ပွဲတွင် ပါဝင်ခြင်းမရှိပါ။ သို့သော်လည်း စစ်ပွဲ၏ ဘေးထွက်ဆိုကျိုးကို ကြီးကြီးမားမား ခံစားနေရသည်။ အစားအသောက်နှင့် စွမ်းအင် ဈေးနှုန်းများမှာ ထောင်တက်လျက်ရှိသည်။

အိန္ဒိယနိုင်ငံ RBI Monetary Policy Committee ၏ ဇွန်လ ၆ ရက်တွင် ထုတ်ပြန်ချက်အရ ကမ္ဘာ့စီးပွါးရေးတွင် ဆယ်စုနှစ်များစွာ ငွေကြေးဖောင်းပွမှုနှင့် ဖွံ့ဖြိုးမှုနှေးကွေးခြင်း၊ ပထဝီဝင်နိုင်ငံရေးတင်းမာမှုများနှင့် ပိတ်ဆို့အရေးယူမှုများ ဆက်လက်ရှိနေခြင်း၊ ရေနံစိမ်းနှင့် အခြားကုန်စည်ဈေးနှုန်းများ မြင့်တက်ခြင်းနှင့် ကိုဗစ် ၁၉ နှင့် ဆက်စပ်နေသည့် ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ ပိတ်ဆို့မှုများ ကာလရှည်ကြာစွာ ဆက်လက် ဖြစ်ပွါးနေမည် ဖြစ်သည်။ Stagflation ဖြစ်လာမည်ကို စိုရိမ် ပူပန်မှုများ ကြီးထွားလာရာ ထိန်းသိမ်းမရသော အခြေအနေများကြောင့် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဈေးကွက်များအား လှုပ်ခတ်လာခဲ့သည်။ ၎င်းက ကမ္ဘာ့ဘဏ္ဍာရေးအခြေအနေများ ကျပ်တည်းမှုကို ဦးတည်လာပါသည်။ ထိုအခြင်းအရာက တိုးတက်မှုအလားအလာနှင့် ဘဏ္ဍာရေးတည်ငြိမ်မှုတို့ကို ထိခိုက်စေပါသည်။ (Stagflation သည် ငွေကြေးဖောင်းပွမှု များပြားလာခြင်းနှင့် စီးပွါးရေးဆိုင်ရာ ထုတ်ကုန် တိုးတက်မှု ဆိတ်သုဉ်းခြင်းတို့ တစ်ပြိုင်တည်း ဖြစ်ပေါ်နေခြင်းကို ဆိုလိုသည်။ Recession နှင့် အဓိပ္ပာယ်ကွာခြားပါသည်။)

အိန္ဒိယ၏ စွမ်းအင်လုံခြုံရေးအတွက် စစ်ပွဲ၏ ဂယက်ရိုက်ခတ်မှုသည် ကြီးမားသည်။ ၂၀၁၂ – ၂၂ ခုနှစ် အိန္ဒိယ၏ ရေနံတင်သွင်းသည် အမေရိကန်ဒေါ်လာ (၁၁၉) ဘီလီယံရှိပြီး ယခင်ဘဏ္ဍာရေးနှစ်ထက် နှစ်ဆနီးပါးရှိခဲ့သည်။ အလားတူ ၂၀၂၁ -၂၂ ခုနှစ်အတွက် သဘာဝဓာတ်ငွေ့ တင်သွင်းမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၉ ဘီလီယံရှိပြီး ယခုနှစ် အစောပိုင်းတွင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၉ ဘီလီယံမှ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ လက်ရှိရေနံနှင့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများသည် အိန္ဒိယနိုင်ငံ၏ စီးပွားရေးအပေါ် လွန်စွာကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည်။

မှောင်မိုက်သော တိမ်တိုက်များတွင်လည်း ငွေရောင် အနားသတ် ရှိနေပါသည်။ အိန္ဒိယသည် ရုရှားထံမှ သိသာထင်ရှား များပြားသည့်ရေနံ ပမာဏကို လျော့ဈေးဖြင့် ရရှိနိုင်ပါသည်။ ယူကရိန်းနှင့် ရုရှားရှိ ပင်လယ်နက်ဆိပ်ကမ်းမြို့များနှင့် ဆက်သွယ်မှု ပြတ်တောက်ခြင်းသည် နှစ်ပေါင်းများစွာ တိုးတက်မှု တုံ့နှေးနေခဲ့သည့် နိုင်ငံတကာ မြောက် – တောင် သယ်ယူပို့ဆောင်ရေးစင်္ကြံ (INSTC) ပြန်လည်ရှင်သန်လာမှုကို ဖြစ်ပေါ်စေပါသည်။ အိန္ဒိယနှင့် ရုရှား ကုန်သွယ်မှုသည် တိုးတက်လျက်ရှိသည်။ မည်သို့ပင်ဆိုစေကာမူ အိန္ဒိယ ကုမ္ပဏီများအပေါ် ဆင့်ပွါးအရေးယူ ပိတ်ဆို့မှုများ ဖြစ်လာနိုင်သည်ကိုလည်း စိုးရိမ်ကြောင့်ကြမှု ရှိနေပါသည်။

အိန္ဒိယသည် ဓာတ်မြေဩဇာ အဓိက ဝယ်ယူတင်သွင်းသည့်နိုင်ငံ ဖြစ်သည်။ စစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် စားနပ်ရိက္ခာဖူလုံရေး ဂယက်ရိုက်ခတ်မှုများအား အလေးဂရုပြုသင့်ပါသည်။ ကမ္ဘာ့ဓာတ်မြေသြဇာဈေးနှုန်းများသည် ၂၀၂၁ ခုနှစ်တွင် ၈၀ ရာခိုင်နှုန်း တက်လာပြီးနောက် ၂၀၂၂ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ဇွန်လ ၂၄ ရက်နေ့ထုတ် Indian Express တွင် ပါဝင်သည့် ဆောင်းပါးအရ အိန္ဒိယသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ဓါတ်မြေသြဇာ အမေရိကန်ဒေါ်လာ ၁၂ ဒဿမ ၇၇ ဘီလီယံဖိုးတင်သွင်းခခဲ့ပြီး ၂၀၂၁ – ၂၀၂၂ ဘဏ္ဍာနှစ်တွင် ဓါတ်မြေသြဇာ အမေရိကန်ဒေါ်လာ ၂၄ ဒဿမ ၃ဘီလီယံဖိုး တင်သွင်းခဲ့သည်။ ပြည်တွင်း ဓာတ်မြေသြဇာ ထုတ်လုပ်မှုအတွက် လိုအပ်သောကုန်ကြမ်းများကိုလည်း ဒေါ်လာဘီလီယံများစွာ တင်သွင်းခဲ့သည်။ ၂၀၂၁ – ၂၂ ခုနှစ် တွင် LNG တန်ချိန် ၂၃ ဒဿမ ၄၂ သန်း တင်သွင်းခဲ့ပြီး ၄၁ ရာခိုင်နှုန်းမှာ ဓာတ်မြေသြဇာ ထုတ်လုပ်ရေး လုပ်ငန်း (တန်ဖိုး အမေရိကန်ဒေါ်လာ 5.5 ဘီလီယံ) တွင် အသုံးပြုခဲ့သည်။ ထို့အပြင် အစိုးရသည် ဓာတ်မြေဩဇာ အမေရိကန် ဒေါ်လာ ၂၀ ဒဿမ ၆ ဘီလီယံဖိုး ထောက်ပံ့ပေးခဲ့သည်။ ယခုနှစ်တွင် အမေရိကန် ဒေါ်လာ ၃၁ ဘီလီအထိ ရောက်ရှိနိုင်သည်။ သဘာဝဓာတ်ငွေ့နှင့် ဓာတ်မြေသြဇာများ၏ နိုင်ငံတကာ ဈေးနှုန်းများ မြင့်တက်လာခြင်းသည် အိန္ဒိယနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေး တွက်ချက်မှုအပေါ် နက်ရှိုင်းစွာ သက်ရောက်မှုရှိနိုင်ပါသည်။

ယူကရိန်း – ရုရှားစစ်ပွဲသည် ကိုဗစ် – ၁၉ နောက်ပိုင်း ပေါ်ပေါက်လာသည့် အကျဘက်ဦးတည်နေသော စီးပွါးရေးလားရာကို ပိုမိုဆိုးရွားစေခဲ့သည်။ ကမ္ဘာ့စီးပွားရေးသည် ပြင်းထန်သော အတားအဆီးများနှင့် ကြုံတွေ့နေရသည်။ အိန္ဒိယသည် ဤစီးပွါးအကျအား ခုခံနိုင်စွမ်းမရှိပါ။ ပြင်းထန်သော ကမ္ဘာလုံးဆိုင်ရာ ရိုက်ခတ်မှုများမှ မိမိကိုယ်ကို ကာကွယ်ရန် နိုင်ငံတော်အဆင့်တွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရမည်ဖြစ်သည်။ စစ်ပွဲကြီးအား ရပ်ပစ်နိုင်စွမ်းမှာ မိမိလက်ထဲတွင် မရှိသော်လည်း နိုင်ငံတကာအဆင့်တွင် ထိုစစ်ပွဲအဆုံးသတ်နိုင်ရန်အတွက်လည်း တွန်းအားပေးရမည် ဖြစ်သည်။ အစားအစာ၊ စွမ်းအင်၊ ဆေးဝါးနှင့် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများသည် လူဦးရေအများစုအတွက် အရေးပါသော အပိုင်းဖြစ်သည့်အတွက် ပိတ်ဆို့အရေးယူမှုမှ ကင်းလွတ်ခွင့်ရှိရမည်ဖြစ်သည်။

ရုရှားကိုသာမက ကမ္ဘာတစ်ဝှမ်းလုံးကို ထိခိုက်နစ်နာစေသည့် ဒဏ်ခတ်ပိတ်ဆို့မှုများ၏ ကျိုးကြောင်းဆီလျော်မှုမရှိသော အကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးရန် အိန္ဒိယက တောင်းဆိုသင့်ကြောင်း ပညာရှင်များက သုံးသပ်အကြံပြုထားပါသည်။

ဒေါက်တာနိုင်ဆွေဦး

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

ရင်းမြစ်။ Economic Dimensions of Russia-Ukraine War, Arvind Gupta, Director, VIF, June 25 , 2022

Share.

About Author

Leave A Reply