(သုတကမ္ဘာဂျာနယ် အတွဲ (၅) အမှတ် (၂၉) တွင် ဖော်ပြပါရှိသော ဆောင်းပါးဖြစ်ပါသည်။)
Returning Soldier Effect သို့မဟုတ် လူသားမျိုးဆက်ပွားခြင်းဆိုင်ရာ သဘာဝဖြစ်စဉ်တစ်ခု
ဒေါက်တာ နိုင်ဆွေဦး
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့
နိဒါန်း
နာမည်ကျော် စစ်ဘက်သဘောတရား တွေးခေါ်ပညာရှင်တစ်ဦးဖြစ်သူ ပရပ်ရှား ဗိုလ်ချုပ် Carl von Clausewitz က စစ်ဆိုသည်မှာ နိုင်ငံရေးအား အခြားနည်းလမ်းများဖြင့် ဆက်လက်လုပ်ဆောင်ခြင်း (War is the continuation of politics by other means.) ဟု ရေးသားခဲ့သည်။ လူသားမှန်လျှင် စစ်ပွဲနှင့်မကင်းနိုင်ဟုပင်ဆိုရပေမည်။ စစ်ပွဲများသည် လူသားတို့၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် နေ့စဉ်လူမှုဘဝကို ရိုက်ခတ်လျက်ရှိသည်။
ကျန်းမာရေးရှုထောင့်မှ ထူးခြားဖြစ်စဉ်တစ်ခု
ကျန်းမာရေး အထူးသဖြင့် မျိုးဆက်ပွားကျန်းမာရေး (Reproductive Medicine) ရှုထောင့်က လေ့လာကြည့်လျှင် Returning Soldier Effect ဟူသော သဘာဝဖြစ်စဉ်တစ်ခု ရှိသည်။ ထို Returning Soldier Effect သည် ကမ္ဘာပေါ်တွင် စစ်ပွဲကြီးများ ဖြစ်ပွားနေစ ဉ်အချိန်အတွင်းနှင့်ထိုစစ်ပွဲကြီးများ ပြီးလျှင်ပြီးချင်း မွေးဖွားလာသော ကလေးများ အချိုးအစားအရ ယောက်ျားလေးဦးရေက မိန်းကလေးဦးေ ရထက် သာလွန်များပြားသည့် သဘာဝဖြစ်စဉ်တစ်မျိုးကို ဆိုလိုသည်။ ထိုသို့ များပြားရခြင်း၏ အကြောင်းရင်းကိုမူ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။ သို့သော် ထိုဖြစ်စဉ်သည် လူသား ကျား၊မ ကွဲပြားခြားနားမှုအချိုး (Human Sex Ratio) အား လွှမ်းမိုးနေသည့် အချက်များအနက် တစ်ခု အပါအဝင်ဖြစ်သည်။
ထိုသဘာဝဖြစ်စဉ်အား ပထမဆုံး ဖော်ထုတ်တွေ့ရှိသူမှာ ဂျာမနီနိုင်ငံ ဂျီးနားတက္ကသိုလ် (University of Jena) မှ Carl Dusing ဖြစ်သည်။ ၁၈၈၃ ခုနှစ်တွင် ထိုဖြစ်စဉ်အား ရှာဖွေတွေ့ရှိခြင်းဖြစ်ရာ သူက ကမ္ဘာကြီး ပိုနေမြဲ ကျားနေမြဲ မူလအတိုင်း ရှိနေစေရန် သဘာဝ၏ ထိန်းညှိပေးမှုတစ်ခုဟု ရေးသားခဲ့သည်။
ဩစတြေးလျလူမျိုး သမားတော် Arthur Davenport က Carl Dusing ၏ တွေ့ရှိချက်များကို အခြေခံပြီး ၁၈၉၉ ခုနှစ်တွင် အနုမာနတစ်ရပ်ကို ဖော်ထုတ်ခဲ့ပါသည်။ သူ၏ အနုမာနမှာ Returning Soldier Effect သည် စစ်ပွဲမှ ပြန်လာသူ စစ်မှုထမ်းများ၏ ကျန်းမာရေးသည် ၎င်းတို့၏ ဇနီး သို့မဟုတ် ကြင်ဖော်ကြင်ဖက်တို့၏ ကျန်းမာရေးနှင့် နှိုင်းယှဉ်ပါက အားနည်းနေခြင်းဟူသော ကွဲပြားခြားနားချက်ကြောင့် ဖြစ်သည်ဟူသော ဖော်ထုတ်တွေ့ရှိမှုဖြစ်သည်။
Brain MacMahon နှင့် Thomas F. Pugh တို့၏ ၁၉၅၄ ခုနှစ်က ပုံနှိပ်ထုတ်ဝေသော သုတေသနစာတမ်းတစ်ခုတွင် အမေရိကန် ပြည်ထောင်စုတွင် ၁၉၄၅ မှ ၁၉၄၇ ခုနှစ်များအတွင်း အသက်ရှင်လျက် မွေးဖွားခဲ့သော လူဖြူကလေး ကျား၊မ ကွဲပြားခြားနားမှု အချိုးအရ ယောက်ျားလေးဦးရေမှာ သိသာထင်ရှားစွာ များပြားလျက်ရှိကြောင်း တွေ့ရသည်။ အမြင့်ဆုံးအချိန်ကာလမှာ ၁၉၄၆ ခုနှစ် ဖြစ်သည်။ ထိုအချိန်မှာ ဒုတိယကမ္ဘာစစ်အပြီးကာလပင်ဖြစ်သည်။
အရပ်ရှည်ခြင်းနှင့် ပတ်သက်ဆက်နွယ်မှု
၂၀၀၇ ခုနှစ်တွင် Satoshi Kanazawa က ထို Returning Soldier Effect မှာ အရပ်ရှည်သော စစ်သည်တော်များသည် တိုက်ပွဲအတွင်း အသက်ရှင်သန်နိုင်ခြေ များပြားပြီး အရပ်ရှည်သော မိဘများမှ သားယောက်ျားလေးများ မွေးဖွားနိုင်ခြေ မြင့်မားသည်ဟူသော အချက်ကြောင့်ဖြစ်သည်ဟု သီအိုရီတစ်ခုကို ဖော်ထုတ်ရေးသားခဲ့ပါသည်။ အပြန်အလှန်အားဖြင့် သမီးမိန်းကလေး ရနိုင်ခြေများသည့် အရပ်ပုသောစစ်သည်များသည် စစ်ပွဲအတွင်း ကျဆုံးနိုင်ခြေများသည်ဟု ဆိုသည်။ သူ၏ သုတေသနမှာ ပထမကမ္ဘာစစ်ကာလက ဗြိတိသျှကြည်းတပ်၏ မှတ်တမ်းများအပေါ် အခြေခံ ပြုလုပ်ထားခြင်းဖြစ်သည်။ ထိုသုတေသနအရ တိုက်ပွဲများအပြီး အသက်ရှင်လျက် ကျန်ရစ်သူ စစ်သည်များ၏အရပ်သည် ကျဆုံးစစ်သည်များ၏ အရပ်ထက် ပျမ်းမျှ တစ်လက်မ (၃.၃၃ စင်တီမီတာ) ပိုမိုရှည်လေ့ရှိသည်ဟူသော အချက်ကို တွေ့ရှိခဲ့သည်။ ထိုသုတေသနတွင် အရပ်ရှည်သော စစ်သည်များ၏ ပျမ်းမျှအရပ် အတိုင်းအတာမှာ ၆၆.၄ လက်မ သို့မဟုတ် ၅ ပေ ၆.၄ လက်မ ဖြစ်ပြီး အရပ်ပုသူများ၏ ပျမ်းမျှအရပ်မှာ ၅ ပေ ၅.၅ လက်မ ဖြစ်သည်။
မည်သည့်အတွက် အရပ်ရှည်သော စစ်သည်များက အရပ်ပုသူများထက် စစ်ပွဲအတွင်း အသက်ရှင်သန်နိုင်ခြေများသည် ဟူသော အချက်အား လေ့လာဖော်ထုတ်ထားချက်များလည်း ရှိသည်။ ဤနေရာတွင် အကျယ်တဝင့် မဖော်ပြတော့ပါ။
အမျိုးသမီးများ၏ ဟော်မုန်း အပြောင်းအလဲ
Valerie Grant က စစ်အတွင်း အမျိုးသမီးများ၏ ဟော်မုန်း အပြောင်းအလဲကြောင့် ပိုမို ဦးဆောင် လွှမ်းမိုးချုပ်ကိုင်လိုသည့် အခန်းကဏ္ဍသို့ ယိမ်းယိုင်သွားခြင်းကြောင့် ဖြစ်သည်ဟူသော ယူဆချက် ထုတ်ခဲ့သည်။
William H. James က စစ်ပြန်စစ်သည်တော်များ၏ လိင်ဆက်ဆံသော အကြိမ်အရေအတွက် များပြားခြင်းကလည်း ထို Returning Soldier Effect ဖြစ်နိုင်သော အကြောင်းအရင်းတစ်ခုဟု ၂၀၀၈ ခုနှစ်တွင် ဖော်ထုတ်ခဲ့သည်။ သို့သော် သူက အီရန် – အီရတ် စစ်ပွဲအပြီး အီရန်တွင် ယောက်ျားလေး မွေးဖွားနှုန်း ကျဆင်းခဲ့သည်ကိုတော့ တွေ့ရှိခဲ့သည်။ ဤသည်မှာ စိတ်ဓာတ်ရေးရာ စိုးရိမ်ကြောင့်ကြဖိစီးမှုများသည် သားယောက်ျားလေး ကိုယ်ဝန်ဆောင်ထားရသော မိခင်များအား အချိုးအစား မညီမျှစွာ ကိုယ်ဝန်ဖျက်ချခြင်းကို ဖြစ်ပေါ်စေကြောင်း တွေ့ရသည်။ ထိုသို့ ဖျက်ချခြင်း မပြုလုပ်ပါက သားယောက်ျားလေး အရေအတွက် ပိုများနိုင်သည်။
နိဂုံး
၂၁ ရာစုတွင် ကမ္ဘာစစ်ဟု သတ်မှတ်ရလောက်သည့် စစ်ပွဲကြီးများ ဖြစ်ပွားခြင်း မရှိသေးသော်လည်း ဒေသတွင်း အကန့်အသတ်ဖြင့် ဖြစ်ပွားသည့် စစ်ပွဲများ များစွာရှိပါသည်။ ဉပမာအားဖြင့် အမေရိကန် ဦးဆောင်သော မဟာမိတ်တပ်များ ၂၀၀၁ ခုနှစ်တွင် အာဖဂန်နစ္စတန်နိုင်ငံအား ဝင်ရောက်သိမ်းပိုက်သည့် Operation Enduring Freedom၊ ၂၀၀၃ ခုနှစ်တွင် အီရတ်နိုင်ငံအား ကျူးကျော်သိမ်းပိုက်ခဲ့သည့် Operation Iraqi Freedom၊ အရှေ့အလယ်ပိုင်းဒေသမှ အခြားနိုင်ငံများ၏ ပဋိပက္ခဖြစ်စဉ်များနှင့် ယခုနောက်ဆုံး ရုရှားက ယူကရိန်းတွင် ဆင်နွှဲနေသည့် အထူးစစ်ဆင်ရေးများအတွင်း Returning Soldier Effect အား လေ့လာသင့်ပါသည်။ ထို့အပြင် ပြည်တွင်းပဋိပက္ခ ကာလကြာမြင့်စွာ ဖြစ်ပွားနေသော နိုင်ငံများတွင်လည်း ထိုဖြစ်စဉ်၏ အကျိုးသက်ရောက်ခြင်း ရှိ မရှိ လေ့လာခြင်းအားဖြင့် လူဦးရေ ပျံ့နှံ့နေထိုင်မှုပုံစံ၊ လူဦးရေတိုးပွားနှုန်းနှင့် ကျား၊မ ကွဲပြားခြားနားမှုအချိုး စသည်တို့ကို ဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြအပ်ပါသည်။
ဒေါက်တာနိုင်ဆွေဦး
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့