ပင်လယ်နက် ကောင်းကင်ယံမှ ဆီဖြန်းမင်္ဂလာပွဲ
၂၀၂၃ ခုနှစ် မတ်လ ၁၄ ရက်နေ့ နံနက် ၇ နာရီ ၃ မိနစ်အချိန် (Central European Time – CET) တွင် ပင်လယ်နက်ပေါ် ပျံသန်းထောက်လှမ်းနေသော အမေရိကန်၏ MQ-9 Reaper UAV သည် ၎င်းအား ကြားဖြတ်ဟန့်တားသည့် ရုရှား၏ Su-27 တိုက်လေယာဉ် နှစ်စီးအနက် တစ်စီးနှင့် ထိခိုက်မိကာ ထိန်းချုပ်မှု ကင်းလွတ်ပြီး ပင်လယ်နက်အတွင်းသို့ ထိုးဆင်းစေခဲ့ရသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး နှစ်ဘက်လုံးက ဗီဒီယိုဖိုင်များ ထုတ်ပြန်ခဲ့သည်။ အမေရိကန်ဘက်က ထုတ်ပြန်သည့် ၄၂ စက္ကန့်ကြာ ဗီဒီယိုဖိုင်အရ Su-27 တိုက် လေယာဉ်သည် နှစ်ကြိမ်တိုင် လောင်စာဆီများကို MQ-9 Reaper UAV ပေါ် စွန့်ထုတ်ခဲ့ပြီး ဒုတိယအကြိမ် စွန့်ထုတ်ပြီးချိန်တွင် MQ-9 Reaper UAV ၏ ပန်ကာရွက်တစ်ခုမှာ တွန့်လိမ်နေကြောင်း တွေ့ရသဖြင့် Su-27 တိုက်လေယာဉ်ဖြင့် တိုက်မိသွားဖွယ်ရှိကြောင်း သုံးသပ်ရသည်။
အမေရိကန်လေတပ် ဥရောပနှင့် အာဖရိက ဌာနချုပ်များ (The United States Air Forces in Europe – Air Forces Africa – USAFE-AFARICA) ၏ ဌာနချုပ်မှူး ဖြစ်သူ ဗိုလ်ချုပ်ကြီး James Hecker က ထိုဖြစ်စဉ်သည် အန္တရာယ်မကင်းသည့် ပရော်ဖက်ရှင်နယ်မဆန်သော လုပ်ရပ်ဖြစ်သည်ဟု ဝေဖန်ထားသည်။
အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး Mark A. Milley က အဖိုးတန်သော နည်းပညာများ ရုရှားတို့ မရရှိသွားရန် လုပ်ဆောင်သွားမည်ဟု မှတ်ချက်ပြုသည်။ ၎င်းက အမေရိကန်တို့သည် ပျက်ကျသွားသော ဒရုန်းအား လိုက်လံရှာဖွေလျက်ရှိပြီးကြောင်းနှင့် ပျက်ကျသွားသည့် နေရာ၏ ရေအနက်မှာ ပေ ၄၀၀၀ မှ ပေ ၅၀၀၀ အထိ (၁၂၀၀ မှ ၁၅၀၀ မီတာ) အထိရှိကြောင်း ဆိုသည်။
အမေရိကန်မရင်းတပ်ဖွဲ့ ဦးစီးချုပ် ဗိုလ်ချုပ်ကြီး David Berger က ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိုကဲ့သို့သော ဖြစ်စဉ်များကြောင့် တင်းမာမှုများ ပိုမိုပြင်းထန်ကျယ်ပြန့်လာစေရန် အန္တရာယ်ရှိကြောင်း သုံးသပ်သည်။ သူ၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှုမှာ ထိုဖြစ်စဉ်မှ တစ်ဆင့် နိုင်ငံတကာအရေးအခင်းတစ်ခု ပေါ်ပေါက်လာနိုင်သည့် အခြေအနေဟုဆိုသည်။
ရုရှားတို့က ၎င်း MQ-9 Reaper UAV သည် ၎င်း၏ ပိုင်နက်နယ်မြေအတွင်းသို ချဉ်းကပ်လာသည်ဟု ဆိုသော်လည်း အမေရိကန်တို့ကမူ နိုင်ငံတကာရေပိုင်နက်ပေါ်တွင် ဖြစ်သည်ဟု ဆိုသည်။ အမေရိကန်တို့က ထိုဖြစ်စဉ်တွင် ရုရှားတိုက်လေယာဉ်နှင့် တိုက်မိသောကြောင့် ပျက်ကျရသည်ဟု ဆိုသော်လည်း ရုရှားတို့က MQ-9 Reaper UAV သည် ရုတ်တရက် လျင်မြန်စွာချိုးကွေ့မှုကြောင့် နည်းပညာချို့ယွင်းကာ ပျက်ကျသွားရသည်ဟု ဆိုပါသည်။ ၎င်းတို့၏ တိုက်လေယာဉ်များတွင် တစ်စုံတရာ ချို့ယွင်းသွားခြင်း မရှိကြောင်းလည်း ထုတ်ပြန်ပါသည်။ အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Anatoly Antonov က ရုရှားအစိုးရအနေဖြင့် ဤဖြစ်စဉ်အား ရန်စမှုတစ်ခုအဖြစ် ရှုမြင်ကြောင်း ဝါရှင်တန်ရှိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအား ပြောကြားပါသည်။
MQ-9 Reaper UAV အား General Atomics ၏ Aeronautical Systems က ထုတ်လုပ်သည်။ ၎င်းအား ၂၀၀၇ ခုနှစ်မှ စတင်အသုံးပြုလျက်ရှိရာ ၂၀၂၁ ခုနှစ်အထိ အစီးရေ ၃၀၀ ကျော် ထုတ်လုပ်ထားပြီး ဖြစ်သည်။ လေယာဉ်အလျား ၃၆ ပေ ၁ လက်မ (၁၁ မီတာ)၊ တောင်ပံအလျား ၆၅ ပေ ၇ လက်မ (၂၀ မီတာ)၊ အမြင့် ၁၂ ပေ ၆ လက်မ (၃.၈၁ မီတာ) နှင့် ဝန်မပါ အလေးချိန် ၄၉၀၁ ပေါင် (၂၂၂၃ ကီလိုဂရမ်) ရှိသည်။ အမြန်ဆုံး တစ်နာရီလျှင် မိုင် ၃၀၀ (၄၂၈ ကီလိုမီတာ၊ ၂၆၀ နော့တီကယ်မိုင်) ပျံသန်းနိုင်ပြီး သာမန်အားဖြင့် ၁၉၄ မိုင် (၃၁၃ ကီလိုမီတာ၊ ၁၆၉ နော့တီကယ်မိုင်) ဖြင့် ပျံသန်းနိုင်သည်။ စစ်ဆင်နိုင်သော အကွာအဝေးမှာ ၁၂၀၀ မိုင် (၁၉၀၀ ကီလိုမီတာ၊ ၁၀၀၀ နော့တီကယ်မိုင်) ဖြစ်သည်။ ဝန်အပြည့် တပ်ဆင်လျက် လေထဲတွင် ၁၄ နာရီကြာ နေနိုင်သည်။ အမြင့်ဆုံး ပေ ၅၀၀၀၀ (၁၅၄၂၀ မီတာ) အထိ တက်နိုင်ပြီး စစ်ဆင်ရေအမြင့်မှာ ပေ ၂၅၀၀၀ (၇.၅ ကီလိုမီတာ) ဖြစ်သည်။ လက်နက်တပ်ဆင်ရန် နေရာ ၇ ခုပါဝင်ပြီး AGM-114 Hellfire ဝေဟင်မှ မြေပြင်ပစ်ဒုံးများ၊ GBU-12 Paveway II လေဆာလမ်းညွှန်ဗုံးများနှင့် GBU-38 JDAM ဗုံးများ တပ်ဆင်ပစ်ခတ်နိုင်သည်။ Avionics အနေဖြင့် AN/DAS-1 MTS-B Multi-Spectral ပစ်မှတ်ရှာကိရိယာ၊ AN/APY-8 Lynx II ရေဒါနှင့် Raytheon SeaVue Marine Search Radar (Guardian မျိုးကွဲများ) တပ်ဆင်ထားသည်။
ထိုသို့ အလားတူ ဖြစ်စဉ်တစ်ခုမှာ ၂၀၀၁ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင်လည်း တရုတ်ပိုင် ဟိုင်နန်ကျွန်းအနီး ထောက်လှမ်းပျံသန်းနေသော အမေရိကန်ရေတပ် EP-3E Signals Intelligence လေယာဉ်အား တရုတ်ရေတပ် J-8 II ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ် နှစ်စီးက ကြားဖြတ်ဟန့်တားမှု ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။ J-8 တိုက်လေယာဉ်တစ်စီးက EP-3E အား ဝင်တိုက်ခဲ့သည့်အတွက် ပြင်းထန်စွာ ထိခိုက်ပျက်စီးပြီး ဟိုင်နန်ကျွန်းပေါ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရသည်။ အမေရိကန် လေယာဉ်အဖွဲ့သား ၂၄ ဦီးအား တရုတ်တို့က ခေတ္တထိန်းသိမ်းထားပြီး ပြန်လည်လွှတ်ပေးခဲ့သည်။ လေယာဉ်မဆင်းသက်မီ လေယာဉ်ပေါ်ရှိ ထောက်လှမ်းရေးကိရိယာများကို ဖျက်စီးနိုင်သည့်အတွက် တရုတ်တို့ ရရှိခြင်း မရှိဟု သိရသည်။ ကျဆုံးသွားသည့် တရုတ်ရေတပ် J-8 တိုက်လေယာဉ်မှူး ဗိုလ်မှူး ဝမ်းဝေအား ဒုတိယဗိုလ်မှူးကြီးအဆင့်သို့ တိုးမြှင့်ပေးခဲ့ပြီး ဗဟိုစစ်ကော်မရှင်က Guardian of Territorial Airspace and Waters ဘွဲ့ထူး ချီးမြှင့်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၁၈ ရက်နေ့က MQ-9 Reaper နှစ်စီးသည် ဆီရီးယား ကောင်းကင်ယံတွင် တိုက်မိကာ ပျက်ကျသွားကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော်လည်း ဒေသခံမီဒီယာများက အနည်းဆုံး MQ-9 Reaper တစ်စီးသည် ဆီရီးယားအစိုးရ ဆန့်ကျင်ရေးသူပုန်များ သို့မဟုတ် တူရကီတပ်မတော်က ပစ်ချမှုကြောင့် ပျက်ကြသွားရကြောင်း ဖော်ပြကြပါသည်။ ကမ္ဘာအနှံ့က စစ်ပွဲများတွင် MQ-9 Reaper များ ပစ်ချခံရရာ ၎င်းအားပစ်ချသော လက်နက်များတွင် SA-6 ၊ ယီမင်လုပ် Fater-1 ဒုံး (Improved SA-6) နှင့် Pantsir တို့ ပါဝင်သည်။
ယခုအခါ ပင်လယ်နက် ကောင်းကင်ယံတွင် ဆီဖြန်းမင်္ဂလာပေးခြင်းခံရသော အမေရိကန်ဒေါ်လာ ၃၂ သန်းတန် MQ-9 Reaper UAV ၏ အပျက်အစီးအပိုင်းအစများအား နှစ်ဘက်လုံးက ရှာဖွေနေကြပြီ ဖြစ်သည်။
Video Link
Russian aircraft intercepts US drone over Black Sea (1)
Russian aircraft intercepts US drone over Black Sea (2)
ဒေါက်တာနိုင်ဆွေဦး
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့
(၁၇/ ၃/ ၂၀၂၃)