ကမ္ဘာ့အစီအစဉ်သစ် – ဗဟုဝင်ရိုးကမ္ဘာ၊ တောင်ကမ္ဘာခြမ်းနှင့် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ

0

(မြန်မာ့ရေးရာ အမှတ် (၂၄) ဇူလိုင်၊ ၂၀၂၃ တွင် ဖော်ပြပါရှိသော အထူးဆောင်းပါး ဖြစ်ပါသည်။)

ကမ္ဘာ့အစီအစဉ်သစ် – ဗဟုဝင်ရိုးကမ္ဘာ၊ တောင်ကမ္ဘာခြမ်းနှင့် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ

နိဒါန်း

လူသားတို့ နေထိုင်ရာ ယနေ့ကမ္ဘာကြီးအား အမြင်တစ်ခုတည်း ထပ်တူ ညီမျှခြင်း မရှိဘဲ အစိတ်အမွှာမွှာကွဲထွက်ကာ ပဋိပက္ခများနှင့် ဝိရောဓိများဖြင့် ပြည့်နှက်နေသော ကမ္ဘာအဖြစ် ရှုမြင်နိုင်ပါသည်။ လက်ရှိအခြေအနေတွင် ကမ္ဘာကြီးသည် ကပ်ရောဂါများ၊ ပဋိပက္ခများနှင့် စစ်ပွဲများ အပါအဝင် အခက်အခဲ၊ အကြပ်အတည်းများစွာ ကြုံတွေ့နေပါသည်။ အရင်းရှင် ကမ္ဘာ့စနစ်၏ သမိုင်းတွင် ယခင်က မရှိဘူးခဲ့သော ပထဝီနိုင်ငံရေးအရွေ့တစ်ခုအားလည်း မျက်ဝါးထင်ထင် မြင်တွေ့နေကြရပါသည်။ ၎င်းမှာ ကမ္ဘာ့ဗိုလ်ကျစိုးမိုးရေးဝါဒသည် အနောက်ကမ္ဘာခြမ်းမှ အရှေ့ကမ္ဘာခြမ်းသို့ ရွှေ့ပြောင်းလာခြင်း ဖြစ်ပါသည်။ နှစ်ဆယ့်တစ်ရာစု၏ ပထမဆယ်စုနှစ် ကုန်ဆုံးချိန်ခန့်မှစတင်ကာ အမေရိကန် အာဏာစက်၏ သဘောသဘာဝ၊ အရည်အသွေးနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် ပတ်သက် ၍ အပြင်းအထန်ငြင်းခုံမှုများ ဆက်လက်ဖြစ်ပေါ်နေလျက် ရှိပါသည်။ တစ်ချိန်တည်းမှာပင် အင်အားကြီးနိုင်ငံနှင့် အဖွဲ့အစည်းလေးခုဖြစ်သည့် တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် ဥရောပသမဂ္ဂတို့၏ သိသာထင်ရှားသော တိုးတက်မှုများသည် ဗဟုဝင်ရိုးအဖြစ် လက်တွေ့ကျကျ ဖြစ်လာရန် အလားအလာ ရှိ၊မရှိကို လေ့လာသုံးသပ်သူများအကြား ဆွေးနွေးငြင်းခုံဖွယ် ပေါ်ပေါက်လာပါသည်။

ဗဟုဝင်ရိုးကမာ

(၂၁) ရာစုဗဟုဝင်ရိုးကမ္ဘာဟူသည် အမေရိကန်ပြည်ထောင်စုအနေဖြင့် အင်အား ဆုတ်ယုတ်သွားခြင်း သို့မဟုတ် ၎င်း၏ ပြိုင်ဘက်များဟု နိုင်ငံအများက သမုတ်ထားကြသော နိုင်ငံကြီးများ၏ အဆင့်အတန်းသည် မဟာအင်အားကြီးနိုင်ငံများအဖြစ် တန်းဝင်လာခြင်းတို့ဖြင့် ဝင်ရိုးစုံသည့် ဗဟုဝင်ရိုးကမ္ဘာတစ်ခု ပေါ်ထွန်းလာခြင်းဖြစ်သည်ဟု အဓိပ္ပါယ် ဖွင့်ဆိုကြပါသည်။

နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် နိုင်ငံရေးအရ အငြင်းပွားရဆုံးအရာမှာ လက်ရှိကမ္ဘာကြီးသည် ဧကကမ္ဘာလော၊ ဗဟုကမ္ဘာလောဟူသည့် ကမ္ဘာ့အစီအစဉ်အမျိုးအစားပင် ဖြစ်ပါသည်။ အမေရိကန်ပညာရှင် အများစုက ဧကကမ္ဘာအစီအစဉ်သည် ကာလရှည်ကြာစွာ ဆက်လက်တည်ရှိနေမည့် ကမ္ဘာ့အစီအစဉ်ပုံသေနည်းတစ်ခုဖြစ်ပြီး လူသားမျိုးနွယ်စု တစ်ခုလုံးအတွက် ခြွင်းချက်မရှိ ကောင်းမွန်သည်ဟု ကောက်ချက်ချကြသည်။ ရုရှား၊ တရုတ်နှင့် အခြား BRICS အဖွဲ့ဝင်နိုင်ငံများနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့မှ ကျွမ်းကျင်သူပညာရှင် အသိုက်အဝန်းနှင့် နိုင်ငံရေးသမားများနှင့် ပိုမိုဟန်ချက်ညီသော ဗဟုဝင်ရိုးကမ္ဘာအား လက်ခံထားကြပါသည်။

မျက်မှောက်ခေတ်တွင် ဗဟုဝင်ရိုးကမ္ဘာဟူသော စကားရပ်မှာ ကမ္ဘာ့ခေါင်းဆောင်များနှင့် သံတမန်များအတွက် နေ့စဉ်လက်သုံးစကားအဖြစ် တွင်ကျယ်လာခဲ့ပါပြီ။ ဥပမာအားဖြင့် ၂၀၀၉ ခုနှစ် BRICS ထိပ်သီးအစည်း အဝေးတွင် ပိုမို ဒီမိုကရေစီကျပြီး တရားမျှတမှုရှိသော ဗဟုဝင်ရိုးကမ္ဘာ့အစီအစဉ်အား အားပေးထောက်ခံကြောင်း ထုတ်ဖော်ခဲ့ကြပါသည်။ ယနေ့ကမ္ဘာတွင် နိုင်ငံတစ်နိုင်ငံတည်းကသော်လည်းကောင်း၊ အုပ်စုတစ်စုတည်းကသော်လည်းကောင်း ကမ္ဘာ့စင်မြင့်ထက် လွှမ်းမိုးနေနိုင်ခြင်း မရှိတော့ဘဲ အရေးပါသော အင်အားကြီးနိုင်ငံများနှင့် အုပ်စုများအကြား ဩဇာအာဏာအား ခွဲဝေယူထားကြသည်ကို တွေ့နိုင်ပါသည်။

မျက်မှောက်ခေတ်တွင် ကမ္ဘာ့ရေးရာအဖြာဖြာအား အင်အားကြီးနိုင်ငံများနှင့် အဖွဲ့အစည်းများက လွှမ်းမိုးချုပ်ကိုင် လုပ်ဆောင်နေကြသည်ဖြစ်ရာ ဗဟုကမ္ဘာတစ်ရပ်အသွင်ဖြင့် မြင်တွေ့ရမည် ဖြစ်ပါသည်။ တရုတ်၊ ရုရှား၊ အမေရိကန်နှင့် အီးယူတို့သည် စီးပွားရေး၊ စစ်ရေးနှင့် သံတမန်ရေးရာတို့တွင် ဩဇာတိက္ကမကြီးမားသော အင်အားကြီးနိုင်ငံနှင့် အဖွဲ့အစည်းများ ဖြစ်ကြသည်။ ဂျပန်၊ အိန္ဒိယ၊ ဘရာဇီးနှင့် တောင်အာဖရိက စသော နိုင်ငံများမှာ ဒေသတွင်း လွှမ်းမိုးနိုင်စွမ်းရှိသော ထွန်းသစ်စ အင်အားကြီးနိုင်ငံများ ဖြစ်ပါသည်။

ဗဟုဝင်ရိုးကမ္ဘာ့အစီအစဉ်သစ်သည် နိုင်ငံတကာဆက်ဆံရေးနှင့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးအမူအကျင့်တို့အပေါ်တွင် သိသာထင်ရှားသော ရိုက်ခတ်မှုများ ရှိပါသည်။ အဓိပ္ပါယ်မှာ တိုင်းပြည်နိုင်ငံတစ်ခုတည်းက နိုင်ငံတကာစနစ်၏ စည်းမျည်းစည်းကမ်းများအား ပြုပြင်နိုင်ခြင်း မရှိပဲ၊ ရာသီဥတုပြောင်းလဲမှု၊ အကြမ်းဖက်ဝါဒနှင့် ကပ်ရောဂါတို့ကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများအား ရင်ဆိုင်ဖြေရှင်းရာတွင် နိုင်ငံအများကြား ပူးပေါင်းမှုနှင့် ပူးတွဲလုပ်ဆောင်ရန် လိုအပ်ကြောင်း တွေ့မြင်နိုင်ပါသည်။

ဗဟုဝင်ရိုးကမ္ဘာ၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ

မျက်မှောက်ခေတ် ဗဟုဝင်ရိုးကမ္ဘာတွင် နိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းအတွက် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ ရှိနေပါသည်။ ဤဖြစ်ပေါ်ပြောင်းလဲမှုအတွက် ပါဝင်ပတ်သက်သူများအကြား သံခင်းတမန် ခင်းရေးရာ၊ ပူးပေါင်းဆောင်ရွက်မှုရေးရာနှင့် တွေ့ဆုံဆွေးနွေးမှုရေးရာ ကိစ္စရပ်များအား အလေးဂရုပြုလုပ်ဆောင်သွားရန် လိုအပ်ပါသည်။

ဗဟုဝင်ရိုးကမ္ဘာပေါ်ထွန်းလာခြင်းအတွက် ဖြစ်ပေါ်လာသော အခွင့်အလမ်းများစွာအနက်မှ အချို့မှာ – 

(က) လွန်စွာကွဲပြားခြားနားသော ရှုထောင့်နှင့် အတွေးအမြင်များ ပေါ်ထွက်လာခြင်း၊

(ခ) ပူးပေါင်းလုပ်ဆောင်ခြင်းနှင့် ပူးတွဲဆောင်ရွက်ခြင်းများ တိုးမြှင့် လုပ်ဆောင်လာနိုင်ခြင်း၊

(ဂ) ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးအမူအကျင့်အပေါ် တာဝန်ခံမှုအား ခွဲဝေယူလာနိုင်ခြင်း၊

(ဃ) စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ ပေါ်ထွက်လာခြင်းနှင့်

(င) ကွဲပြားခြားနားမှုနှင့် မတူညီသော လူ့ယဉ်ကျေးမှု အသိုက်အဝန်းအား ပိုမို လေးစားတန်ဖိုးထားလာခြင်းတို့ ဖြစ်ပါသည်။

ခြုံငုံကြည့်မည်ဆိုပါက ဗဟုဝင်ရိုးကမ္ဘာသည် ကမ္ဘာ့ရေးရာများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရန်၊ မတူကွဲပြားမှုများအား အသိအမှတ်ပြုခြင်းနှင့် အတူတကွ ပါဝင်ဆောင်ရွက်ရေး ဆိုင်ရာကိစ္စများတွင် အခွင့်အလမ်းများ ဖြစ်ပေါ်လာစေပါသည်။  မည်သို့ပင်ဆိုစေ ထိုအခွင့်အလမ်းများအတွက် ဆွေးနွေးညှိုနှိုင်းမှုများ၊ ကတိကဝတ်များ၊ ပူးတွဲလုပ်ဆောင်မှုများနှင့် ပါဝင်သူများအကြား မတူညီမှုများအား အသိအမှတ်ပြုခြင်းစသည်တို့ လိုအပ်ပါသည်။

တောင်ကမ္ဘာခြမ်း

တောင်ကမ္ဘာခြမ်းနှင့် မြောက်ကမ္ဘာခြမ်းဟူသောအယူအဆမှာ လူမှုစီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ဝိသေသ လက္ခဏာများပေါ် မူတည်၍ နိုင်ငံများအား အုပ်စုခွဲခြားထားခြင်း ဖြစ်ပါသည်။ တောင်ကမ္ဘာခြမ်းတွင် သာမန်အားဖြင့် လက်တင်အမေရိက၊ အာဖရိက၊ အာရှနှင့် သမုဒ္ဒရာရပ်ဝန်းမှ နိုင်ငံများ ပါဝင်ကြသည်။ မြန်မာနိုင်ငံသည်လည်း တောင်ကမ္ဘာခြမ်းတွင် ပါဝင်နေကြောင်း တွေ့ရှိနိုင်သည်။ လူသားမျိုးနွယ်စုအများစုမှာလည်း ထိုတောင်ကမ္ဘာခြမ်းတွင် နေထိုင်ကြပါသည်။ တောင်ကမ္ဘာခြမ်းရှိ နိုင်ငံအများအပြားမှာ ဝင်ငွေနည်းခြင်း၊ လူဦးရေထူထပ်ခြင်း၊ အခြေခံအဆောက်အဦ ချို့တဲ့ခြင်းနှင့် ရံဖန်ရံခါဆိုသလို နိုင်ငံရေးနှင့် ယဉ်ကျေးမှုနယ်ပယ်များမှ ပထုတ်ခြင်းခံရသည့် နိုင်ငံများ ဖြစ်သည်။ စီးပွားရေးဖွံဖြိုးမှု အားနည်းသော နိုင်ငံများဟု ယေဘုယျ မှတ်ယူနိုင်ပါသည်။ မြောက်ကမ္ဘာခြမ်းတွင်တော့ အမေရိကန်၊ ယူကေ၊ ကနေဒါ၊ ဥရောပတိုက်၊ ရုရှား၊ တူရကီ၊ အစ္စရေး၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဩစတြေးလျနှင့် နယူဇီလန် စသည့် နိုင်ငံများ ပါဝင်သည်။ ထိုသို့ တောင်-မြောက် အုပ်စုခွဲခြားခြင်းသည် တည်နေရာ အရပ်မျက်နှာအရ ခွဲခြားထားခြင်း မဟုတ်ကြောင်း တွေ့နိုင်သည်။ တောင်ကမ္ဘာခြမ်း အုပ်စုဝင်နိုင်ငံအများအပြားမှာ ပထဝီအရ ကမ္ဘာ့မြောက်ဘက်ခြမ်းတွင် တည်ရှိနေကြောင်းလည်း တွေ့ရှိနိုင်ပါသည်။

ဗဟုဝင်ရိုးကမ္ဘာနှင့် တောင်ကမ္ဘာခြမ်း

ဗဟုဝင်ရိုးကမ္ဘာတွင် အမေရိကန်နှင့် တရုတ်တို့ပြီးနောက် တတိယဝင်ရိုးမှာ ဥရောပတိုက်မဟုတ်ဘဲ တောင်ကမ္ဘာခြမ်းသာလျှင် ဖြစ်ကြောင်း ပညာရှင်တို့က ဆိုပါသည်။ ဗဟုဝင်ရိုးကမ္ဘာပေါ်ပေါက်လာခြင်းသည် မြန်မာအပါအဝင် တောင်ကမ္ဘာခြမ်းအုပ်စု နိုင်ငံများအတွက် ဂယက်ရိုက်ခတ်မှု များစွာ ဖြစ်ပေါ်လာစေသည်။ ဗဟုဝင်ရိုးကမ္ဘာတွင် တောင်ကမ္ဘာခြမ်းမှ နိုင်ငံများအနေဖြင့် မဟာအင်အားကြီးနိုင်ငံ တစ်ခုခုနှင့်ဖြစ်စေ၊ တစ်နိုင်ငံထက် ပိုမိုသော အင်အားကြီးနိုင်ငံများနှင့် ဖြစ်စေ သို့မဟုတ် ၎င်းတို့ တောင်ကမ္ဘာခြမ်းအုပ်စု နိုင်ငံအချင်းချင်းဖြစ်စေ ပူးပေါင်းကာ မဟာမိတ်ဖွဲ့ခြင်းအားဖြင့် ကမ္ဘာ့ရေးရာအဖြာဖြာတွင် ပိုမိုဩဇာသက်ရောက်မှု ရှိလာနိုင်သည့် အလားအလာ ရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ရုရှားနှင့် တရုတ်တို့ကဲ့သို့ အင်အားကြီးနိုင်ငံများနှင့် မဟာဗျူဟာမိတ်ဖက်ဖြစ်သကဲ့သို့ အိန္ဒိယတို့ကဲ့သို့ အင်အားကြီးနိုင်ငံနှင့် ရင်းနှီးချစ်ကြည်သော ဆက်ဆံရေးရှိနေပါသည်။ ထို့အပြင် အာဆီယံနှင့် ဘင်းမ်စတက်တို့ကဲ့သို့ ဒေသတွင်း အဖွဲ့အစည်းများတွင် ပါဝင်နေပါသည်။ လန်ချိန် – မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များတွင်လည်း ထဲထဲဝင်ဝင် ပါဝင်လျက်ရှိပါသည်။ ယနေ့ခေတ်တွင် တောင်ကမ္ဘာခြမ်းသည် အတက်ဘက်သို့ ရောက်ရှိလာနေပါသည်။ တောင်ကမ္ဘာခြမ်း၏ တိုးတက်မှုသည် မြင်သာထင်သာ ရှိလာသကဲ့သို့ ကဏ္ဍစုံတွင် ဩဇာလွှမ်းမိုးနိုင်မှုများလည်း ရှိလာပါသည်။ အနောက်တိုင်းမဟုတ်သော ကာလရှည်ကြာစွာ ပစ်ပယ်ခြင်းခံထားရသည့် တောင်ကမ္ဘာခြမ်းသည် ယခုအခါ ကမ္ဘာရေးရာများတွင် ခပ်မာမာ တုံ့ပြန်လုပ်ဆောင်လာနိုင်ပြီ ဖြစ်ပါသည်။

အနောက်တိုင်းနိုင်ငံများထက် ပိုမိုနုနယ်ကာ လျင်မြန်စွာ တိုးတက်နေသော တောင်ကမ္ဘာခြမ်းသည် တဖြည်းဖြည်းအင်အားကြီးထွားလာကာ ကမ္ဘာနိုင်ငံရေးတွင် ပိုမိုနေရာယူလာကြောင်း လေ့လာတွေ့ရှိသည်။ သို့သော တောင်ကမ္ဘာခြမ်းအနေဖြင့် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်ပြီး ထိလွယ်ရှိလွယ် အခြေအနေတွင် ရှိနေကြောင်း တွေ့ရှိနိုင်သည်။ ၂၀၂၃ ခုနှစ် မေလအတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း တိုက်ခတ်သွားသာ မိုခါးမုန်တိုင်းမှာ ထင်ရှားသော သာဓကတစ်ခုဖြစ်ပါသည်။ တောင်ကမ္ဘာခြမ်း ဖွံ့ဖြိုးတိုးတက်လာခြင်း (The Rise of South) သို့မဟုတ် ထွန်းသစ်စစီပွားရေး နိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ဘရာဇီး၊ ရုရှားနှင့် တောင်အာဖရိကတို့ပါဝင်သည့် BRICS အဖွဲ့ဝင်နိုင်ငံများ ပိုမိုအင်အားကြီးထွားလာခြင်း၊ ဆက်ဆံမှု တိုးတက်ခိုင်မာလာခြင်းတို့နှင့်အတူ ကမ္ဘာကြီးသည် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုဓလေ့အမူအကျင့်၌ ဝင်ရိုးစုံအဆင့်သို့ ဝင်ရောက်လာနေပြီဖြစ်ကြောင်း ပညာရှင်များ၏ သုံးသပ်မှုများအား တွေ့ရှိနိုင်ပါသည်။

ဗဟုဝင်ရိုးကမ္ဘာသည် တောင်ကမ္ဘာခြမ်းအတွက် စိန်ခေါ်မှုများလည်း ပေါ်ပေါက်စေပါသည်။ တောင်ကမ္ဘာခြမ်းရှိ ထွန်းသစ်စ အင်အားကြီးနိုင်ငံများအကြား ရင်းမြစ်၊ ဈေးကွက်နှင့် ဒေသတွင်း လွှမ်းမိုးနိုင်ရန် ပြင်းထန်သော ပြိုင်ဆိုင်မှုများ ဖြစ်ပေါ်လာစေပါသည်။ ဤအခြင်းအရာများသည် ရှိပြီးဖြစ်သော ပဋိပက္ခနှင့် အင်အားပြိုင်ဆိုင်မှုများအား ပိုမိုဆိုးရွားလာစေနိုင်ပြီး တောင်ကမ္ဘာခြမ်းအား အမြတ်ထုတ်အသုံးချမှုသို့ ဦးတည်ရောက်ရှိသွားစေနိုင်ပါသည်။ ဗဟုဝင်ရိုးကမ္ဘာ၏ ရှုပ်ထွေး ခက်ခဲနက်နဲမှုများအား ကျော်လွှားနိုင်ရန်အတွက် တောင်ကမ္ဘာခြမ်းမှ နိုင်ငံများသည် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများနှင့် မဟာမိတ်ဖွဲ့မှုများအား လုပ်ဆောင်သွားရန် လိုအပ်ပါသည်။ ထိုမှသာလျှင် အင်အားကြီးနိုင်ငံများ၏ အကျိုးစီးပွားအား မိမိတို့ အကျိုးစီးပွားနှင့် ဟန်ချက်ညီ ထိန်းညှိပေးနိုင်မည် ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင် အင်အားကြီးနိုင်ငံအသီးသီးနှင့် ဆက်ဆံရာ၌ ဖြစ်ပေါ်လာနိုင်သော အကျိုးနှင့် စွန့်စားလုပ်ဆောင်နိုင်ခြေရှိသည်များအားလည်း သေချာစွာ လေ့လာစေ့ငုသွားရန် လိုအပ်ပါသည်။ ထို့အပြင် နိုင်ငံတကာစနစ်အတွင် ပါဝင်နေကြသူများအကြား ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရန် ကတိကဝတ်များလည်း လိုအပ်ပါသည်။

တောင်ကမ္ဘာခြမ်းအနေဖြင့် ဗဟုဝင်ရိုးကမ္ဘာကြောင့် ဖြစ်ပေါ်လာသော အခွင့်အလမ်းများ ရှိနေသော်လည်း ဖွံ့ဖြိုးတိုးတက်မှုများအား နှောင့်နှေးစေသော စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။

ထိုအချက်များအနက်အချို့မှာ –

(က) ဆင်းရဲမွဲတေမှုနှင့် ဆင်းရဲ-ချမ်းသာကွာဟမှု၊

(ခ) နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ပဋိပက္ခများ၊

(ဂ) အင်စတီကျူးရှင်များနှင့် အုပ်ချုပ်ရေးစနစ် အားနည်းမှု၊

(ဃ) ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုနှင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများ၊

(င) ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ အခွင့်အလမ်းများ၊

(စ) ဒီဂျစ်တယ်နည်းပညာ ကွာဟမှုနှင့်

(ဆ) ကြွေးမြီနှင့် ဘဏ္ဍာရေးဆိုင်ရာ အားနည်းချို့ယွင်းချက်များ စသည်တို့ ဖြစ်ပါသည်။

ထိုစိန်ခေါ်မှုများအား ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့် စဉ်ဆက်မပြတ် ပူးပေါင်း ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါသည်။ တောင်ကမ္ဘာခြမ်းနိုင်ငံများနှင့် လူ့အဖွဲ့အစည်းများအနေဖြင့် ကွဲပြားခြားနားသော လိုအပ်ချက်များနှင့် ဦးစားပေးအခြင်းအရာများအား နားလည် အသိအမှတ်ပြုရန်လည်း လိုအပ်ပါသည်။ အားလုံးပါဝင် လုပ်ဆောင်ရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့အား မြှင့်တင်ရန်လည်း လိုအပ်ပါသည်။

မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ

ယနေ့ကမ္ဘာကြီးသည် လျှင်မြန်စွာဖွံ့ဖြိုးတိုးတက်မှုများ၊ သိသာထင်ရှားသော ပြောင်းလဲမှုများနှင့်အတူ လူသားမျိုးနွယ်စုအနေဖြင့် ခေတ်အရွေ့တစ်ခုဆီသို့ ဦးတည်လျှက်ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း ထိုအပြောင်းအလဲများနှင့် အတူ ပေါ်ထွက်လာသော အခွင့်အလမ်းများအား ရယူနိုင်ရန် လိုအပ်သကဲ့သို့ စိန်ခေါ်မှုများအားလည်း ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် ပြင်ဆင်မှုများ လိုအပ်ပါသည်။ မြန်မာနိုင်ငံသည် စိန်ခေါ်မှုများကို ဖြတ်ကျော်ကာ အခွင့်အလမ်းများစွာကို ၂၁ ရာစုတွင် ဆုပ်ကိုင်ထားရန် အဆင်သင့်ရှိနေပါသည်။ မြန်မာနိုင်ငံ၏ ကြွယ်ဝ သော ယဉ်ကျေးမှုအမွေအနှစ်များ၊ ပေါများသော သဘာဝအရင်းအမြစ်များ၊ မဟာဗျူဟာမြောက် ပထဝီဝင်တည်နေရာနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ငယ်ရွယ်ပြီး တက်ကြွသော လူဦးရေအနေအထားတို့သည် နိုင်ငံ့စွမ်းအား တိုးတက်ရေးအတွက် အခွင့်အလမ်းများ ဖြစ်သည်။ ယဉ်ကျေးမှုအမွေအနှစ်များနှင့် သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝသော မြန်မာနိုင်ငံအနေဖြင့် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးဆီသို့ ဦးတည်လျှောက်လှမ်းရာတွင်  စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။ အချို့သော စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများမှာ မြန်မာကဲ့သို့ တောင်ကမ္ဘာခြမ်းနိုင်ငံများအတွက် ဒွန်တွဲ ဖြစ်ပေါ်လျက်ရှိပါသည်။

၎င်းတို့အနက် ထင်ရှားသော အကြောင်းခြင်းရာအချို့မှာ

(က) ဗဟုဝင်ရိုးကမ္ဘာပေါ်ထွက်လာခြင်း၊

(ခ) စီးပွားရေး ကမ္ဘာပြုမှု ဖြစ်စဉ်၊

(ဂ) သတင်းအချက်အလက် အသိုက်အဝန်းပေါ်ထွက်လာခြင်း၊

(ဃ) ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှု ပုံစံနှင့် ကမ္ဘာအစီအစဉ် ပြောင်းလဲလာခြင်း၊

(င) နိုင်ငံအများအချင်းချင်း အပြန်အလှန် ဆက်သွယ်မှုနှင့် အပြန်အလှန် မှီခိုမှုများ ကြီးမားလာခြင်း၊

(စ) ကမ္ဘာနိုင်ငံများအကြား အင်အား ခွဲဝေအသုံးပြုမှု လမ်းကြောင်းသို့ ဦးတည်လာခြင်းနှင့်

(ဆ) နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ငြိမ်းချမ်းရေးနှင့် ပုံမှန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦီးဆောင်မှုအခန်းကဏ္ဍက ပိုဝင်နိုင်ရန် ကြိုးပမ်းမှု ပိုမိုကြီးထွားလာခြင်းတို့ ဖြစ်သည်။

စိန်ခေါ်များအနက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ (Foreign Direct Investment) ပိုမိုဝင်ရောက်ရေးသည် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးပါသော အချက်ဖြစ်ပါသည်။ ထိုသို့ FDI  များ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုရှိရန်အတွက် အခြေခံအဆောက်အဦများအား ဖြည့်ဆည်းပေးနိုင်ရန်လည်း လိုအပ်ပါသည်။ လက်ရှိကြုံတွေ့နေရသော ပဋိပက္ခများသည်လည်း စီးပွားရေးတိုးတက်ရေးအတွက် လုပ်ဆောင်ရာတွင် စိန်ခေါ်မှုဖြစ်နေပေသည်။ ထို့ကြောင့် စီးပွားရေးဖွံဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးတို့သည် အပြန်အလှန် အမှီသဟဲပြုလျက် ရှိနေသည်ဟု ဆိုရပါမည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အလျှောက် ရာသီဥတု ပြောင်းလဲခြင်း၊ ကမ္ဘာဈေးကွက်အပြောင်း အလဲ၊ နယ်စပ်ကုန်သွယ်ရေး အပြောင်းအလဲများက စိန်ခေါ်မှုများ ဖြစ်ပါသည်။  ထို့ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်မှုအား အားပေးခြင်းနှင့် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ မတူကွဲပြားသည့် စက်မှုလုပ်ငန်းများအား မြှင့်တင်ပေးခြင်းနှင့် အခြေခံအဆောက်အအုံများ မြှင့်တင်ပေးခြင်းတို့သည် ရေရှည့်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသော ခြေလှမ်းများ ဖြစ်ပါသည်။

ဆင်းရဲမွဲတေမှု လျော့ချခြင်းနှင့် ဝင်ငွေ မညီမျှမှုတို့အား ဖြေရှင်းခြင်းသည်လည်း စိန်ခေါ်မှုများ ဖြစ်ပါသည်။ ပြည်သူတို့၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊ ပညာရေးအား လက်လှမ်းမီစေရန် လုပ်ဆောင်ပေးခြင်းနှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးမှု မြှင့်တင်ပေးခြင်းတို့သည် ဆင်းရဲချမ်းသာ ကွာဟမှု ကျဉ်းမြောင်းသွားစေရန် ပေါင်းကူးဆက်သွယ်ပေးထားပါသည်။

ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုခြင်းနှင့် ထိုသို့ရင်းနှီးမြှုပ်နှံခြင်းများအား အားပေးခြင်း၊ အရည်အသွေးပြည့်မှီသော ပြည်သူ့ဝန်ဆောင်မှုများ တိုးတက်လာစေရန် လုပ်ဆောင်ခြင်းနှင့် ဒေသခံ ပြည်သူလူထုအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းတို့သည် ပိုမိုကျန်းမာပြီး ပညာတတ်လူ့အဖွဲ့အစည်းအား တည်ဆောက်ရာတွင် အထောက်အကူ ဖြစ်စေပါသည်။

အခြားစိန်ခေါ်မှုမှာ မြန်မာ့သဘာဝပတ်ဝန်းကျင်သည် သစ်တောပြုန်းတီးမှု၊ အဖိုးတန် ကျွန်းသစ်နှင့် သစ်မာများအား တရားမဝင် ခုတ်ယူမှု၊ တွင်းထွက်ကျောက်မျက်ရတနားများနှင့် မြေရှားသတ္တု အပါအဝင် သဘာဝသယံဇာတများ တရားမဝင် ခိုးယူတူးဖော်မှု၊ စိုက်ပျိုးမြေယာများ ပျက်စီးမှုနှင့် လေထုညစ်ညမ်းစသည့် အရေးပါသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။

နိုင်ငံ၏ ကြွယ်ဝလှသော ဇီဝမျိုးကွဲမျိုးစုံနှင့် ဂေဟစနစ်များသည် ခြိမ်းခြောက်ခံနေရသည့် အခြေအနေဖြစ်ပါသည်။ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုအလေ့အထကောင်းများကို လက်ခံကျင့်သုံးခြင်း၊ သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုများ လျော့ပါးသက်သာစေရေးသည် စဉ်ဆက်မပြတ် လုပ်ဆောင်သွားသင့်သည့် အရာများဖြစ်ပါသည်။

ကမ္ဘာ့အစီအစဉ်သစ်တွင် မြန်မာနိုင်ငံအတွက် အခွင့်အလမ်းများအား လေ့လာကြည့်ရာ အောက်ပါအတိုင်း တွေ့ရှိရပါသည်။ ပထမအခွင့်အလမ်းမှာ မဟာဗျူဟာမြောက်တည်နေရာတွင် တည်ရှိနေခြင်း ဖြစ်ပါသည်။ တောင်အာရှနှင့် အရှေ့တောင်အာရှဒေသများ၏ ဆုံချက်တွင် တည်ရှိနေသော မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက်တည်နေရာသည် ဒေသတွင်းကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဗဟိုချက်အဖြစ် ကြီးမားသောအလားအလာများကို ပေးဆောင်လျက်ရှိသည်။

တရုတ်၊ အိန္ဒိယနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကဲ့သို့ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများနှင့် နီးကပ်စွာရှိနေခြင်းသည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပေါင်းစည်းမှု တိုးမြင့်လာစေရန် အခွင့်အလမ်းများကို ပေးဆောင်သည်။ ပထဝီဝင်မဟာဗျူဟာ အားသာချက်အား အရင်းပြု၍ မြန်မာနိုင်ငံသည် ပိုမိုကောင်းမွန်သော အခြေခံအဆောက်အအုံများ၊ ကုန်သွယ်မှု သဘောတူညီချက်များနှင့် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ချိတ်ဆက်မှုကို တိုးမြှင့်နိုင်ပါသည်။

ဒုတိယအခွင့်အလမ်းမှာ သဘာဝအရင်းအမြစ်များ ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် တွင်းထွက်၊ ကျောက်မျက်၊ သစ်နှင့် စိုက်ပျိုးမြေများ အပါအဝင် သဘာဝသယံဇာတ ပေါကြွယ်ဝသော နိုင်ငံဖြစ်သည်။ တာဝန်သိပြီး ရေရှည်တည်တံ့သော အရင်းအမြစ်စီမံခန့်ခွဲမှုဖြင့် နိုင်ငံသည် အဆိုပါအရင်းအမြစ်များကို အသုံးချ၍ စီးပွားရေးတိုးတက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးနိုင်သည်။ တန်ဖိုးမြှင့်စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုကို အားပေးခြင်း၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးအလေ့အကျင့်များကို မြှင့်တင်ခြင်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ခြင်းအတွက် ၎င်း၏အရင်းအမြစ်များကို အသုံးချခြင်းသည် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးပြီး ပို့ကုန်အလားအလာကို မြှင့်တင်ပေးနိုင်ပါသည်။

တတိယအခွင့်အလမ်းမှာ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ကြွယ်ဝသော ယဉ်ကျေးမှုအမွေအနှစ်များ၊ သမိုင်းဝင်နေရာများနှင့် သဘာဝရှုခင်းများသည် ကမ္ဘာလှည့်ခရီးသွားများအတွက် ဆွဲဆောင်မှုရှိသော နေရာတစ်ခုဖြစ်စေသည်။ နိုင်ငံ၏ထူးခြားသော ဓလေ့ထုံးတမ်းများ၊ မတူကွဲပြားသော တိုင်းရင်းသားလူမျိုးစုများနှင့် ပုဂံမြို့ရှိ ရှေးဟောင်း ဘုရား၊ စေတီ၊ ပုထိုးများသည် ခရီးသွားများအား ဆွဲဆောင်မှုရှိပါသည်။ ခရီးသွားလုပ်ငန်း အခြေခံအဆောက်အအုံများ ဖော်ဆောင်ခြင်း၊ စစ်မှန်သောယဉ်ကျေးမှုကို ထိန်းသိမ်းခြင်းနှင့် ရေရှည်တည်တံ့သော ခရီးသွား လုပ်ထုံးလုပ်နည်းများကို မြှင့်တင်ခြင်းသည် စီးပွားရေးတိုးတက်မှု၊ အလုပ်အကိုင်ဖန်တီးရေးနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ပါသည်။

စတုတ္ထအခွင့်အလမ်းမှာ စိုက်ပျိုးရေးလုပ်ငန်း ဖြစ်ပါသည်။ စိုက်ပျိုးရေးသည် မြန်မာနိုင်ငံတွင် အရေးပါသော ကဏ္ဍတစ်ခုဖြစ်ပြီး လူဦးရေ၏ အရေးပါသော အစိတ်အပိုင်းကို အလုပ်အကိုင် ပေးထားသည်။ မြေသြဇာကောင်းသော မြေယာနှင့် သာယာသော ရာသီဥတုအခြေအနေများကြောင့် နိုင်ငံသည် အဓိက စိုက်ပျိုးရေး တင်ပို့သူ ဖြစ်လာရန် အလားအလာများ ရှိပါသည်။ ခေတ်မီစိုက်ပျိုးရေးနည်းပညာများကို လက်ကိုင်ပြုခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် တန်ဖိုးကွင်းဆက်များ မြှင့်တင်ခြင်းသည် မြန်မာနိုင်ငံအား ကမ္ဘာ့လယ်ယာဈေးကွက်သို့ အရောက်လှမ်းနိုင်စေပြီး ကျေးလက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ အားကောင်းလာစေမည် ဖြစ်သည်။

ပဉ္စမအချက်မှာ ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းဖြစ်ပါသည်။ နည်းပညာနှင့် ဒစ်ဂျစ်တယ်ချိတ်ဆက်မှု အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်းသည် မြန်မာနိုင်ငံအတွက် အခွင့်အလမ်းများစွာကို ပေးစွမ်းပါသည်။ အင်တာနက် ထိုးဖောက်ဝင်ရောက်မှု တိုးတက်လာခြင်း၊ မိုဘိုင်းလ်ဖုန်း ကွန်ယက်များနှင့် အသုံပြုမှုချဲ့ထွင်ခြင်းနှင့် ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံများ ပိုမိုကောင်းမွန်လာခြင်းသည် နိုင်ငံအား ဒစ်ဂျစ်တယ်စီးပွားရေးသို့ ခုန်ကျော်ဝင်ရောက်နိုင်စေမည် ဖြစ်သည်။ ဒစ်ဂျစ်တယ် စွန့်ဦးတီထွင်မှုကို အားပေးခြင်း၊ e-Commerce မြှင့်တင်ခြင်းနှင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးတွင် ရင်းနှီးမြှုပ်နှံမှုများသည် ဆန်းသစ်တီထွင်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးပြီး ပါဝင်သော စီးပွားရေးတိုးတက်မှုကို တွန်းအားပေးနိုင်ပါသည်။

 ဆဌမအခွင့်အလမ်းမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ အခန်းကဏ္ဍဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် နေရောင်ခြည်၊ လေ၊ ရေအားလျှပ်စစ်နှင့် ဇီဝလောင်စာများ အပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် ကြီးမားသော အလားအလာများ ရှိသည်။ သန့်ရှင်းသော စွမ်းအင်အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြုပ်နှံခြင်းသည် ရုပ်ကြွင်းလောင်စာများအပေါ် မှီခိုအားထားမှုကို လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုကို လျော့ပါးစေကာ စွမ်းအင်လုံခြုံရေးကို မြှင့်တင်ပေးနိုင်သည်။ ပြည်တွင်းနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်းများ ဖော်ဆောင်ခြင်းနှင့် စွမ်းအင်ထိရောက်မှု မြှင့်တင်ခြင်းတို့ကြောင့် မြန်မာနိုင်ငံသည် ရေရှည်တည်တံ့သော စွမ်းအင်ထုတ်လုပ်မှုတွင် ဦးဆောင်သူအဖြစ် ရပ်တည်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားသင့်ပါသည်။

သတ္တမမြောက် အခွင့်အလမ်းမှာ လူသားအရင်းအမြစ် ဖြစ်သည်။ မြန်မာနိုင်ငံ၏ လူငယ်လူရွယ်ဦးရေသည် စီးပွားရေးတိုးတက်မှုကို တွန်းအားပေး အသုံးချနိုင်သည့် လူဦးရေအချိုးအစားဖြစ်သည်ဟု ရှုမြင်နိုင်သည်။ အထူးသဖြင့် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာ (STEM) နယ်ပယ်များတွင် ပညာရေးနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံခြင်းသည် လုပ်သားအင်အားကို အားကောင်းစေပြီး ဆန်းသစ်တီထွင်မှုကို မြှင့်တင်ပေးနိုင်သည်။ နိုင်ငံ၏ လူသားအရင်းအမြစ်အား အဆင့်မြင့် နည်းပညာကဏ္ဍတွင် ရင်ဘောင်တန်း လုပ်ဆောင်နိုင်ရန ပြုစု ပျိုးထောင်ရမည် ဖြစ်သည်။ လူသားအရင်းအနှီးကို ပြုစုပျိုးထောင်ခြင်းဖြင့် မြန်မာနိုင်ငံသည် ပိုမိုတန်ဖိုးမြင့်သော ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ပြီး အသိပညာအခြေခံစီးပွားရေးကို ဖန်တီးနိုင်မည်ဖြစ်သည်။

နိဂုံး

ဗဟုဝင်ရိုးဖြစ်လာနေသော ကမ္ဘာကြီးတွင် တောင်ကမ္ဘာခြမ်း၏ အနာဂတ်သည် ကျယ်ပြန့် ရှုပ်ထွေးသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးစသော အချက်များဖြင့် မသေချာ မရေရာသော အခြေအနေတွင် ရှိနေပါသေးသည်။ တောင်ကမ္ဘာခြမ်းအတွက် သက်ရောက်မှုရှိသော အလာအလာအချို့မှာ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ၊ နိုင်ငံရေးဆိုင်ရာ မဟာမိတ်များ၊ အပြန်အလှန် အပေးအယူ ညှိနှိုင်းမှုများ ပိုမိုကြီးမားလာခြင်း၊ နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများနှင့် ကမ္ဘာပြုမှုဖြစ်စဉ်၏ စိန်ခေါ်မှုများ စသည်တို့ ဖြစ်ပါသည်။

ကမ္ဘာ့အစီအစဉ်သစ်အတွင်း ရှင်သန်ရပ်တည်နိုင်ရန်အတွက် မြန်မာနိုင်ငံအပါအဝင် တောင်ကမ္ဘာခြမ်းနိုင်ငံများအနေဖြင့် အခြေအနေ၊ အချိန်အခါတို့နှင့် လိုက်လျောညီထွေမှုရှိသော နည်းဗျူဟာနှင့် မဟာဗျူဟာများအား စနစ်တကျ ရေးဆွဲချမှတ် ကျင့်သုံးသွားရန် အရေးတကြီး လိုအပ်နေပါသည်။ မြန်မာနိုင်ငံသည် သမိုင်းတွင် အရေးပါသော အပြောင်းအလဲသို့ ဦးတည်လျက်ရှိရာ အားလုံး၏ စုပေါင်းကြိုးပမ်းလုပ်ဆောင်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်နေပါသည်။ စိန်ခေါ်မှုများအား အခွင့်အလမ်းများအဖြစ် ပြောင်းလဲကာ အနာဂတ်မျိုးဆက်သစ်များအတွက် ပိုမိုခေတ်မီဖွံဖြိုးတိုးတက်ကာ သာယာဝပြောသော နိုင်ငံတော်အား တည်ဆောက်သွားကြရန် လိုအပ်ကြောင်း ရေးသား ဖော်ပြအပ်ပါသည်။

ဒေါက်တာ နိုင်ဆွေဦး

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

ကျမ်းကိုးစာရင်း

(က) Multipolarity in the 21st Century A New World Order, 1st Edition, Donette Murray, David Brown, 2012

(ခ) Multipolar World Order: Old Myths and New Realities, D.A. Degterev, RUDN University, Moscow, Russian Federation, 2019

(ဂ) Global and Globalizing Cities from the Global South: Multiple Realities and Pathways to Form a New Order, Arbab, Parsa , 7 May 2019.

(ဃ) Decentering International Relations, Selbin Eric, Bloomsbury Publishing, 2010.

Share.

About Author

Leave A Reply