(၁၈) လကြာ ရုရှား – ယူကရိန်းစစ်ပွဲ (သို့မဟုတ်) ပုံစံသစ် ကမ္ဘာစစ်အား လေ့လာခြင်း အပိုင်း (၁)

0

(သုတကမ္ဘာဂျာနယ် အတွဲ (၆) အမှတ် (၁၉) တွင် ဖော်ပြပါရှိသော ဆောင်းပါး ဖြစ်ပါသည်။)

(၁၈) လကြာ ရုရှား – ယူကရိန်းစစ်ပွဲ (သို့မဟုတ်) ပုံစံသစ် ကမ္ဘာစစ်အား လေ့လာခြင်း အပိုင်း (၁)

နိဒါန်း

၁။ စစ်ပွဲကြီးများသည် ကမ္ဘာ့တပ်မတော်များ၏ စွမ်းရည်အား ပြင်းပြင်ထန်ထန် စမ်းသပ်လေ့ရှိပါသည်။ ဖြစ်ပွားနေဆဲ ရုရှား – ယူကရိန်းစစ်ပွဲသည်လည်း ခြွင်းချက်တစ်ခု မဟုတ်ချေ။ ရုရှား – ယူကရိန်းစစ်ပွဲသည် ဒုတိယမြောက်နှစ် (၁၈ လ) အတွင်းသို့ ချဉ်းနင်းဝင်ရောက်လာပြီ ဖြစ်ပါသည်။ ထိုစစ်ပွဲသည် လာမည့်လအနည်းငယ်အတွင်း ပြီးဆုံးနိုင်မည့် အရိပ်အယောင် လက်ရှိအခြေအနေတွင် မမြင်ရသေးပေ။ မည်သို့ပင်ဆိုစေကာမူ နှစ်ဘက်လုံး အသုံးပြုနေသည့် စစ်ဘက်နည်းပညာများ၏ အောင်မြင်မှုများနှင့် ဆုံးရှုံမှုများအား ဝေဖန်ဆန်းစစ် အကဲဖြတ်ရန် လိုအပ်သကဲ့သို့ ကမ္ဘာတစ်ဝှမ်းရှိ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့်လည်း ဤပဋိပက္ခမှ သင်ခန်းစာ ဖော်ထုတ်နိုင်ရန် လိုအပ်ပါသည်။ ယခုစစ်ပွဲတွင် နောက်ဆုံးပေါ် လက်နက်ကိရိယာများအား ဈေးကွက်အတွင်း အလွယ်တကူ ရရှိနိုင်သော အဆင့်နိမ့် နည်းပညာများဖြင့် ပေါင်းစပ်အသုံးပြုခြင့်ဖြင့် စစ်မြေပြင်အရေးသာမှု ရရှိရန် လုပ်ဆောင်နေကြောင်းလည်း မြင်တွေ့ကြရသည်။ ထို့အပြင် သမားရိုးကျလက်နက်များအား ခေတ်မီလက်နက်စနစ်များနှင့် ပေါင်းစပ်အသုံးပြုကာ စစ်ဆင်ရေးဆင်နွှဲနေကြောင်း တွေ့နိုင်သည်။ သမားရိုးကျ စစ်ဆင်ရေးနှင့် သမားရိုးကျ စစ်ဆင်ရေးဆိုင်ရာဆိုင်ရာ အယူအဆများမှာ လုံးဝခေတ်မမီတော့သည် မဟုတ်ပဲ လျှင်မြန်သွက်လက်ကာ ပြောင်းလွယ်ပြန်လွယ်ရှိသောစနစ်နှင့် ပစ္စည်းကိရိယာသစ်များအား ဈေးကွက်အတွင်းမှ ရရှိနိုင်သော နည်းပညာဝန်ဆောင်မှုများဖြင့် ပေါင်းစပ်အသုံးပြုခြင်းဖြင့် စစ်ပွဲဆိုင်ရာအယူအဆများမှာ ပြောင်းလဲ တိုးတက်လာကြောင်း တွေ့ရှိနိုင်ပါသည်။ ယခုစစ်သည် စစ်မှုရေးရာတစ်ခုတည်းတွင်သာ အကြုံးဝင်နေသည်မဟုတ်ဘဲ ဘက်စုံစစ်ပွဲအသွင်လည်း ဖြစ်လာပါသည်။ လက်ရှိတွင် အဓိက ပါဝင်တိုက်ခိုက်နေသူ နှစ်နိုင်ငံသာ ရှိသော်လည်း အခြားနိုင်ငံအများအပြားသည် နိုင်ငံရေး၊ သံတမန်ရေးရာနှင့် စီးပွားရေးဆိုင်ရာ နယ်များအရ အဆိုပါပဋိပက္ခတွင် ပါဝင်နေပြီး ယူကရိန်းအား စစ်ရေးနှင့် ထောက်လှမ်းရေးအကူအညီများ ပံ့ပိုးပေးခြင်းဖြင့် ပါဝင်ပတ်သက်နေပါသည်။ ၎င်းတို့သည် လက်နက်များ၊ ခဲယမ်းမီးကျောက်များ၊ အပိုပစ္စည်းများနှင့် လေ့ကျင့်ရေးအစီအစဉ်များအပါအဝင် ယူကရိန်းတပ်မတော်အား အထောက်အပံ့များစွာကို ထောက်ပံ့ပေးခဲ့သည်။ ထို့ကြောင့်ကမ္ဘာစစ်တစ်ခုသည် ပုံစံတစ်မျိုးဖြင့် ဖြစ်ပွားနေသည်လောဟူသော မေးခွန်းလည်း ထွက်ပေါ်လာပါသည်။

ပြောင်းလဲလာသော စစ်ပွဲပုံစံများ

လက်ရှိစာရေးသားနေအချိန်အထိ စစ်ပွဲ၏ရလဒ်နှင့် ကြာချိန်အား ခန့်မှန်းတွက်ချက်ရန် ခက်ခဲနေဆဲ ဖြစ်ပါသည်။ သို့သော် ယခုစစ်ပွဲသည် နိုင်ငံများအကြားဖြစ်ပွားသော ခေတ်သစ်စစ်ပွဲ၏ အဓိကအင်္ဂါရပ်အချို့ကို ပြသနေကြောင်း တွေ့နိုင်ပါသည်။ စစ်ပွဲသည် နယ်ပယ်များစွာတွင် ပြိုင်ဆိုင်မှုပြင်းထန်သော ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း တွေ့ရှိနိုင်ပြီး၊ နှစ်ဖက်စလုံးက အနိုင်တိုက်ခိုက်ရန်၊ ပိုမိုလျင်မြန်စွာ ရွေ့လျားစစ်ကစားနိုင်ရန်နှင့် နည်းပညာသစ်များနှင့် ပိုမို လိုက်လျောညီထွေ ပြောင်းလွယ်ပြင်လွယ် ဖြစ်စေရန် ကြိုးပမ်းလျက် ရှိသည်။ အဓိကအကျဆုံးဖြစ်သည့် စစ်ရေးစွမ်းရည် ပြည့်ဝမှုဆိုသည်မှာ စစ်မြေပြင်နှင့် အုပ်ချုပ်ထောက်ပံ့မှု နှစ်မျိုးလုံးတွင် စွမ်းရည်ပြည့်ဝနေရန် လိုအပ်ကြောင်း ဤစစ်ပွဲက ပြဆိုနေပါသည်။ လက်ရှိအသုံးပြုနေသော တိကျပစ် ပဲ့ထိန်းလက်နက်များ (Precision Weapons) များသည် ကုန်ကျစရိတ်များပြားခြင်း၊ အသုံးပြုရာတွင် ရှုပ်ထွေးခြင်းနှင့် ထုတ်လုပ်ရန် အချိန်ယူရခြင်းစသည့် ကန့်သတ်ချက်များ ရှိပါသည်။ ထောက်လှမ်းရေးဂြိုလ်တုများနှင့် လူမဲ့ကင်းထောက်လေယာဉ်များကြောင့် ပုံဖျက်ဖုံးကွယ်ရန် ပိုမိုခက်ခဲလာပါသည်။ ထို့ကြောင့် မြေပြင်စစ်ပွဲများတွင် ထောက်လှမ်းရေးဂြိုလ်တုများနှင့် လူမဲ့လေယာဉ်များအား ပိုမိုတွင်ကျယ်စွာ အသုံးပြုလာကြပါသည်။ ပြောင်းလဲလာသော စစ်ပွဲပုံစံများအရ တိုက်ပွဲများသည် မြို့ပြတဝိုက်တွင် ဖြစ်ပွားမှုများ များပြားလာရာ မြို့ပြစစ်ဆင်ရေး စွမ်းရည် ပြည့်ဝနေရန်လည်း လိုအပ်ပါသည်။

ဂျာမန်စစ်ဘက် သီအိုရီပညာရှင် Carl von Clausewitz က စစ်ပွဲ၏ အသွင်အပြင်ပုံသဏ္ဍာန် နှစ်မျိုးကို ဖွင့်ဆိုရေးသားခဲ့ပါသည်။ ပထမအချက်မှာ စစ်ပွဲ၏ သဘောသဘာဝ (Nature) ဖြစ်ပြီး ၎င်းသည် မပြောင်းမလဲ ခိုင်မာသော သဘာဝရှိသည်။ ဒုတိယအချက်မှာ စစ်ပွဲ၏ ဝိသေသလက္ခဏာ (Character) ဖြစ်ပြီး ၎င်းသည် စစ်ပွဲများ တိုက်ခိုက်ရာတွင် အသုံးပြုသည့် နည်းလမ်းများနှင့် လုပ်နည်းကိုင်နည်း နည်းစနစ်များ ပြောင်းလဲသွားသည်နှင့်အမျှ ၎င်းသည်လည်း ပြောင်းလဲသွားသည်။ စစ်ပွဲ၏သဘောသဘာဝသည် ရက်စက်ကြမ်းကြုတ်ပြီး ဖရိုဖရဲ ပရမ်းပတာ အသွင်ဆောင်သည်။ စစ်ပွဲဆိုသည်မှာ တစ်ဘက်နှင့် တစ်ဘက်တိုက်ခိုက်ရာ မိမိတို့၏ သဘောဆန္ဒအလျှောက် သေသည်အထိ တိုက်ပွဲဝင်ရန် သံန္နိဋ္ဌာန်ကို ချမှတ်ထားသည့် လေးနက် ပြင်းပြသော လူသား၏ ပြုဖွယ်ဆောင်တာတစ်ခု ဖြစ်သည်။ စစ်ပွဲဆင်နွှဲခြင်းသည် နိုင်ငံရေး လုပ်ရပ်လည်း ဖြစ်သည်။ စစ်ပွဲ၏ ရည်ရွယ်ချက်များတွင် အခြားသောနိုင်ငံများ သို့မဟုတ် အဖွဲ့အစည်များ၏ သဘောထားများ သို့မဟုတ် အပြုအမူများအပေါ် သြဇာလွှမ်းမိုးရန် လုပ်ဆောင်ခြင်း၊ အသာစီးရရှိရန် လုပ်ဆောင်ခြင်း သို့မဟုတ် အခြေအနေတစ်ရပ်အား တိုးတက်ကောင်းမွန်စေရန် လုပ်ဆောင်ခြင်းတို့ ပါဝင်နိုင်သည်။

စစ်ပွဲဆင်နွှဲနေသော နိုင်ငံများအနေဖြင့် စစ်ရေးနှင့် စစ်ရေးမဟုတ်သောနည်းလမ်းမျိုးစုံကို အသုံးချပြီး တစ်ဖက်နှင့် တစ်ဖက် အသာစီးရယူရန် ကြိုးစားလေ့ရှိပါသည်။ ဤအခြင်းအရာက စစ်ပွဲအား ပိုမိုသက်ဝင်လှုပ်ရှားသော ပြိုင်ပွဲတစ်ခု ဖြစ်စေပါသည်။ တစ်ဘက်က မဟာဗျူဟာသစ်များ နည်းပညာအသစ်များနှင့် နည်းဗျူဟာသစ်များ ဖော်ထုတ်မိတ်ဆက်ခြင်းစသည့် ပဏာမခြေလှမ်းသစ်များကြောင့် အခြားတစ်ဘက်မှ ရန်သူအနေဖြင့်လည်း တန်ပြန်လုပ်ဆောင်မှုများ လုပ်ဆောင်လာရကြောင်း တွေ့ရှိရသည်။ ယင်းအတွက်ကြောင့် မကြာခဏဆိုသလိုပင် ရန်သူအနေဖြင့် အထက်ပါ တန်ပြန်လုပ်ဆောင်မှုများအား ချက်ချင်းလက်ငင်း ပြောင်းလွယ်ပြင်လွယ် ဖြစ်စေရန် လုပ်ဆောင်လေ့ရှိပါသည်။ ထို့ကြောင့် စစ်ပွဲများသည် စစ်ဆင်နွှဲရာတွင် လုပ်ဆောင်ရာ နည်းလမ်းများနှင့် လုပ်နည်းကိုင်နည်း နည်းစနစ်များအား နှစ်ဘက်လုံးက စစ်ပွဲအတွင်း၌ပင် ပြောင်းလွယ်ပြင်လွယ်ဖြစ်စေရန် လေ့လာသင်ယူရသည့် (Learn under Fire) ပြိုင်ပွဲအသွင် ဆောင်လာကြပါသည်။ ဆိုလိုသည်မှာ စစ်ပွဲအများစုသည် ၎င်းတို့၏စရိုက်လက္ခဏာကို အဆက်မပြတ်ပြောင်းလဲစေသော လှုပ်ရှားတုံ့ပြန်မှု အရွေ့ဒိုင်းနမစ်များ (Action – Reaction Dynamics) ဖြစ်ပေါ်စေသည်။ ၎င်းသည် ပဋိပက္ခများ၏ ဦးတည်ရာကို ပြောင်းလဲမှုဖြစ်ပေါ်စေပြီး၊ မကြာခဏဆိုသလိုပင် စစ်ပွဲမတိုင်ခင် ကြိုတင်ခန့်မှန်း တွက်ချက်ထားခြင်း မရှိသည့် အခွင့်အလမ်းများနှင့် နှောင့်နှေးကြန့်ကြာမှုများအား ဖြစ်ပေါ်စေပါသည်။

အထက်ပါအချက်များနှင့် ပြောင်းလဲမှု ဒိုင်းနမစ်များအား ရုရှား – ယူကရိန်းစစ်ပွဲအတွင်း မဟာဗျူဟာ၊ နည်းဗျူဟာနှင့် စစ်ဆင်ရေးအဆင့်တိုင်းတွင် တွေ့ရှိရသည်။ ရုရှား ကြည်းတပ်နှင့် လေတပ်တို့၏ စစ်ဆင်ရေးစီမံချက်ရေးဆွဲမှု၊ နည်းဗျူဟာ၊ လေ့ကျင့်ရေးနှင့် ကွပ်ကဲမှုတို့တွင် အားနည်းခြင်းကြောင့် ယူကရိန်းအစိုးရအား ဖြုတ်ချကာ မြို့တော်ကိဗ်ယက်အား လျှင်မြန်စွာ သိမ်းပိုက်ရန် ကြိုးပမ်းမှုမှာ ပျက်သုဉ်းသွားရသည်။ (ရုရှားတွင် ထိုမဟာဗျူဟာရည်မှန်းချက် အမှန်တကယ် ရှိမရှိ မသိရပေ။) သို့သော်လည်း ရုရှားသည် ၎င်း၏ မဟာဗျူဟာအား ပြောင်းလဲပစ်ခဲ့ပြီး ဒွန်းဘတ်စ်တွင် အမြောက်များ စုပြုံပစ်ခတ်ခြင်းဖြင့် အမှည့်ခြွေစစ်အား ပြင်းပြင်းထန်ထန်ဆင်နွှဲကာ ယူကရိန်းတပ်များ ဆုတ်ခွာသွားစေရန် လုပ်ဆောင်ခဲ့သည်။ ယူကရိန်းသည် ခါဆွန်ဒေသတွင် တန်ပြန်ထိုးစစ် ဆင်နွှဲခြင်းနှင့် တိကျပစ် ပဲ့ထိန်းလက်နက်များဖြင့် တိုက်ခိုက်ခြင်းတို့ ပြုလုပ်ကာ ခါဆွန်မြို့အား ထိန်းချုပ်ထားသော ရုရှားတပ်များအား ခြိမ်းခြောက်ထားပြီး ဒွန်းဘတ်မှ ဆွဲထုတ်သွားစေရန် လုပ်ဆောင်ခဲ့သည်။ ဤသည်မှာ ယောင်ပြစစ်၏ ထိရောက်အောင်မြင်မှုဟု ဆိုနိုင်သည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း ယူကရိန်းသည် ထိုးစစ်တစ်ရပ်အား ခါကိဗ်မြို့ ပတ်ဝန်းကျင်တွင် ဆင်နွှဲခဲ့ရာ ရုရှားတို့ လပေါင်းများစွာ ထိန်းချုပ်ထားသော စတုရန်း ကီလိုမီတာ ၆၀၀၀ ရှိ နယ်မြေအား ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။ ထင်ရှားသော တိုက်ပွဲတစ်ခုမှာ ဘတ်မွတ်တိုက်ပွဲဖြစ်သည်။ ဘတ်မွတ်တိုက်ပွဲသည် တစ်နှစ်နီးပါးကြာမြင့်ပြီး ၂၁ ရာစု၏ သွေးထွက်သံယိုအများဆုံး တိုက်ပွဲများတွင် အပါအဝင်ဖြစ်ပါသည်။ ထိုတိုက်ပွဲအား နှစ်ဘက်လုံးက အသားကြိတ်စက်အဖြစ် ပုံဖော်သတ်မှတ်ခဲ့ကြသည်။ ရုရှားတို့က ၂၀၂၃ ခုနှစ် မေလ ၂၁ ရက်တွင် အနိုင်ရရှိကြောင်း ကြေညာခဲ့ပါသည်။

၂၀၂၃ ခုနှစ် နှစ်ဦးပိုင်းတွင် စတင်ဆင်နွှဲသော ယူကရိန်း၏ တန်ပြန်ထိုးစစ်မှာ ကျရှုံးသွားရသည်ဟု ဆိုနိုင်သည်။ သမ္မတပူတင်က ရုရှားလုံခြုံရေးကောင်စီအစည်းအဝေးတစ်ရပ်တွင် အနောက်တိုင်း၏ စစ်ဘက်အကူအညီဖြင့် ဆင်နွှဲသော ယူကရိန်း၏ တန်ပြန်ထိုးစစ်သည် ကျရှုံးသွားပြီဟု ပြောကြားခဲ့သည်။ ဆိုဗီယက်ခေတ်လက်နက်အများအပြားသည် အနောက်တိုင်းလက်နက်များထက် သာလွန်နေဆဲ ဖြစ်ကြောင်း သူက ဆိုပါသည်။ ယူကရိန်းတို့အနေဖြင့် တန်ပြန်ထိုးစစ်အတွက် လူ၊ လက်နက်များအား ပုံအောအသုံးပြုခြင်းကြောင့် ဤတန်ပြန်ထိုးစစ်သာ ကျရှုံးသွားပါက နောက်တစ်ကြိမ် တန်ပြန်ထိုးစစ်ဆင်နွှဲရန် လွယ်ကူတော့မည် မဟုတ်ပေ။ မိုင်းနှင့် တင့်အတားအဆီးများအား စနစ်တကျ အသုံးချခြင်း၊ အသေခံဒရုန်းများ၊ အမြောက်၊ တင့်ဖျက်ပဲ့ထိန်းဒုံးနှင့် လေကြောင်းပစ်ကူများအား စနစ်တကျ ပေါင်းစပ်အသုံးပြုနိုင်ခြင်းတို့သည် ရုရှား၏ အားသားချက်များ ဖြစ်သည်။ ယူကရိန်းတို့အနေဖြင့် နိုင်ငံတကာမှ လက်နက်ပေါင်းစုံကို အချိန်တိုအတွင်း လက်ခံရရှိ သုံးစွဲနေရခြင်းကြောင့် လေ့ကျင့်ရန် အချိန်နည်းပါးပြီး ကျွမ်းကျင်မှုတွင်လည်း အားနည်းနိုင်ကြောင်း တွေ့နိုင်သည်။ ထို့အပြင် အနာဂတ်၌ ထိုအမျိုးအစားစုံလင်သော ယာဉ်ယန္တရားနှင့် လက်နက်များအတွက် အုပ်ချုပ်ထောက်ပံ့မှုနှင့် ပြုပြင်ထိန်းသိမ်းရေးတို့တွင် အခက်အခဲများ ကြုံတွေ့လာမည် ဖြစ်သည်။

အရေးကြီးသော အချက်တစ်ခုမှာ စစ်ပွဲဆင်နွှဲနေရသည့် မြေမျက်နှာသွင်ပြင်အနေအထား ဖြစ်သည်။ မြစ်ချောင်းများပြားခြင်းက ချီစစ်အား အဟန့်အထားဖြစ်စေပါသည်။ ထို့အပြင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော မိုးရွာသွန်းမှု များပြားခြင်းနှင့် ရွံ့နွံထူထပ်ခြင်းတို့ကလည်း ပေါင်းစပ်လက်ရုံးတပ်များအတွက် အဟန့်အတား ဖြစ်စေပါသည်။ ထပ်မံအ‌ရေးကြီးသည့်အချက်မှာ မြို့တွင်းစစ်ဆင်ရေးဖြစ်သည်။ လက်ရှိစစ်ပွဲသည် မြို့ပြအတွင်း ဆင်နွှဲနေရသည် ဖြစ်သောကြောင့် စစ်သည်များအနေဖြင့် အတွေ့အကြုံမရှိပါက ဆုံးရှုံးသွားနိုင်သည်။ ထို့ကြောင့် စစ်သည်များအား မြို့ပြစစ်ဆင်ရေးအတွက် လေ့ကျင့်ပေးထားရန် လိုအပ်ကြောင်းလည်း သင်ခန်းစာဖော်ထုတ်ရရှိပါသည်။

လက်ရှိအခြေအနေတွင် ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံလုံးသည် စစ်ဆင်ရေးနယ်မြေ၏ ဝေဟင်နှင့် ရေပြင်ပိုင်နက်များအား လွှမ်းမိုး ထိန်းချုပ်ထားနိုင်ခြင်း မရှိပေ။ ပြည်ပမှ လက်နက်နှင့် ခဲယမ်းမီးကျောက်များ ထောက်ပံ့ပေးခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်းနှင့် ထောက်လှမ်းရေးသတင်း ဝေမျှပေးခြင်းတို့သည် ယူကရိန်း၏ ကုန်းမြေ၊ ရေပြင်နှင့် ဝေဟင်တို့တွင် ဆင်နွှဲနေသော စစ်ပွဲ၏ အရွေ့ပြောင်းလဲမှုအပေါ်တွင် များစွာ လွှမ်းမိုးမှု ရှိကြောင်း တွေ့ရသည်။

မည်သည့်နိုင်ငံများက ယူကရိန်းအား ထောက်ပံ့ကူညီနေကြသနည်း

၂၀၂၂ ခုနှစ်တွင် Forbes မဂ္ဂဇင်းက နိုင်ငံပေါင်း (၂၀) ပါဝင်သော ယူကရိန်း၏ စစ်မှန်သော မိတ်ဆွေများစာရင်းအား ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါစာရင်းတွင် ပိုလန်၊ အက်စ်တိုးနီးယား၊ လတ်ဗီးယား၊ အမေရိကန်၊ လစ်သူယေးနီးယား၊ ပေါ်တူဂီ၊ ဗြိတိန်၊ အီတလီ၊ စပိန်၊ စလိုဗက်ကီးယား၊ ချက်သမ္မတနိုင်ငံ၊ ပြင်သစ်၊ ကနေဒါ၊ နယ်သာလန်၊ ဘူလ်ဂေးရီးယား၊ ဒိန်းမတ်၊ ဂျာမနီ၊ နော်ဝေနှင့် ရိုမေးနီးယားတို့ ပါဝင်သည်။ နိုင်ငံအများစုသည် အနောက်အုပ်စုဝင်များဖြစ်ပြီး မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ဝင် နိုင်ငံများလည်း ပါဝင်နေကြောင်း တွေ့နိုင်သည်။ ထိုစာရင်းအရ ရုရှားသည် ယူကရိန်း တစ်နိုင်ငံတည်းနှင့် စစ်တိုက်နေရသည်မဟုတ်ဘဲ အနောက်အုပ်စုတစ်ခုလုံးနှင့် ရင်ဆိုင်နေရသည်ကို တွေ့နိုင်သည်။

အထက်ပါ နိုင်ငံအများစုသည် ယူကရိန်းကို ထောက်ခံသည့်အနေဖြင့် ရုရှားသံတမန်များအား ၎င်းတို့နိုင်ငံများမှ နှင်ထုတ်ခဲ့သည်။ ပိုလန်၊ ပြင်သစ်နှင့် ဂျာမနီတို့က ရုရှားသံတမန် (၄၀) ခန့်အား သက်ဆိုင်ရာနိုင်ငံများမှ နှင်ထုတ်ခဲ့ပြီး ဘူလ်ဂေးရီးယားသည်လည်း ရုရှားသံတမန် (၈၁) ဦးအား နှင်ထုတ်ခဲ့ကြောင်း တွေ့ရသည်။ အချို့သော နိုင်ငံ့ခေါင်းဆောင်များသည် ယူကရိန်းသို့ ကြိမ်ဖန်များစွာ သွားရောက်ခဲ့ရာ ဗြိတိန်နှင့် ပိုလန်ခေါင်းဆောင်များသည် စစ်ပွဲအတွင်း ယူကရိန်းသို့ အကြိမ်အများဆုံး သွားရောက်လည်ပတ်ခဲ့ပြီး တစ်ဦးလျှင် သုံးကြိမ်စီ ဖြစ်သည်။ လတ်ဗီးယား၊ လစ်သူယေးနီးယားနှင့် ကနေဒါနိုင်ငံတို့မှ ခေါင်းဆောင်များသည် ယူကရိန်းထံသို့ နှစ်ကြိမ်စီ သွားရောက်လည်ပတ်ဘူးကြသည်။

ယူကရိန်းသည် စစ်ရေး၊ ငွေကြေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှု အမျိုးမျိုးကိုလည်း လက်ခံရရှိနေသည်။ ၂၀၂၂ ခုနှစ်အတွင်း မဟာမိတ်များက ယူကရိန်းအတွက် ငွေကြေးအကူအညီ အမေရိကန်ဒေါ်လာ (၃၀) ဘီလီယံခန့် ထောက်ပံ့ပေးခဲ့ကြောင်း ယူကရိန်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။ အခြားသောသတင်းရင်းမြစ်များအရ စစ်ပွဲကာလ ပထမ ခြောက်လအတွင်းမှာပင် ငွေကြေးသာမက စစ်ရေးအကူအညီအပါအဝင် ယူရို (၃၉) ဘီလီယံ ရရှိခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။ Kiel Institute ၏ လေ့လာချက်အရ ဥရောပသမဂ္ဂသည် ယူကရိန်းအား စစ်ရေး၊ ဘဏ္ဍာရေးနှင့် လူသားချင်းစာနာထောက်ထားမှုတို့ အပါအဝင် စုစုပေါင်း ကူညီထောက်ပံ့မှု အများဆုံးဖြစ်သည်ကို တွေ့ရှိရသည်။ စစ်ရေးအကူအညီတွင်တော့ အမေရိကန်က ထိပ်ဆုံးဖြစ်သည်။ ဂျာမနီကဲ့သို့ နေတိုးအဖွဲ့ဝင်နိုင်ငံနှင့် ဆွီဒင်ကဲ့သို့ မဟာမိတ်များအနေဖြင့် ယူကရိန်းအား ထောက်ပံ့ကူညီမှုများ ပြုလုပ်ရန်အတွက် ထိုးစစ်လက်နက်များ တင်ပို့ခြင်း မပြုရဟူသော ယခင်က ချမှတ်ထားသည့် မူဝါဒများအား ပြောင်းလဲခဲ့သည်။ ဥရောပသမဂ္ဂသည် သမိုင်းတွင် ပထမဆုံးအဖြစ် သေစေနိုင်သောလက်နက်များ (Lethal Weapons) အား ထောက်ပံ့မှု ပေးခဲ့ကြောင်း တွေ့ရှိရသည်။

စစ်ပွဲဆိုင်ရာထောက်ပံ့ကူညီမှုများအတွက် နိုင်ငံ (၅၄) နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် The Ukraine Defence Contact Group ၏ လစဉ်အစည်းအဝေးများတွင် ညှိုနှိုင်းဆွေးနွေးကြသည်။ ၎င်းအဖွဲ့တွင် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ (NATO) အဖွဲ့ဝင် အားလုံး (နိုင်ငံပေါင်း ၃၀) နှင့် အခြား နိုင်ငံ ၂၄ နိုင်ငံတို့ ပါဝင်သည်။ ဥရောပသမဂ္ဂသည် တစ်နိုင်ငံခြင်းစီအလိုက်သော်လည်းကောင်း အီးယူအင်စတီကျူးရှင်းများမှတစ်ဆင့် စုပေါင်း၍သော်လည်းကောင်း ထောက်ပံ့ကူညီကြောင်း တွေ့ရသည်။ နိုင်ငံအလိုက်ထောက်ပံ့မှုများအနက်မှ အချို့အား ဆက်လက် သုံးသပ်ဖော်ပြသွားပါမည်။

နိုင်ငံအလိုက် ထောက်ပံ့မှုများ

နိုင်ငံတစ်နိုင်ငံချင်းစီ လေ့လာကြည့်လျှင် အမေရိကန်ပြည်ထောင်စုသည် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့မှုတွင် ဦးဆောင်သည့် နိုင်ငံဖြစ်သည်။ စစ်ပွဲအစတွင် ၎င်းတို့သည် လက်နက်များ အပါအဝင် ယူကရိန်းသို့ အမေရိကန်ဒေါ်လာ (၁) ဘီလီယံ အကူအညီပေးရေး အစီအစဉ်ဖြင့် ထောက်ပံ့ခွဲဝေပေးခဲ့သည်။ ၎င်းနောက်ပိုင်းတွင် အကူအညီများမှာ ရပ်တန့်ခြင်း မရှိဘဲ ဆက်လက် စီးဆင်းလျက် ရှိကြောင်း တွေ့နိုင်ပါသည်။ ယူကရိန်အနေဖြင့် အမေရိကန်ထံမှ ပြန်လည်ပေးဆပ်ရန် မလိုအပ်သည့် ထောက်ပံ့ငွေ ဒေါ်လာ (၁၀) ဘီလီယံ ရရှိပြီး ဖြစ်သည်။ ထောက်ပံ့ထားသော လက်နက်များတွင် M 1 Abram ပင်မတိုက်ပွဲဝင်တင့် (၃၁) စီး (ပို့ဆောင်ရန် စီစဉ်နေ)၊ T 72B ပင်မတိုက်ပွဲဝင်တင့် (၄၅) စီး (အမေရိကန်က ဝယ်ယူ အဆင့်မြှင့်တင်ပေး)၊ M2A2 Bradley သံချပ်ကာတိုက်ယာဉ် (၁၈၆) စီး၊ M 113 သံချပ်ကာ လူသယ်ယာဉ် အစီး (၃၀၀)၊ Stryker သံချပ်ကာ လူသယ်ယာဉ် (၁၅၇) စီး၊ International M1224 MaxxPro မိုင်းဒဏ်ခံယာဉ် (၄၄၀) စီး၊ HUMVEE ယာဉ် အစီး (၂၀၀၀) ကျော်၊ ၁၅၅ မမ M777 ဟောင်ဝစ်ဇာအမြောက် အလက် (၁၈၀)၊ ၂၂၇ မမ HIMARS အတွဲလိုက်ပစ်ဒုံးစနစ် (၂၀) ခု၊ NASAMS ၊ AN/TWQ-1 Avenger နှင့် Patriot တို့ကဲ့သို့ လေကြောင်းရန် ကာကွယ်ရေးစနစ်များ၊ Stinger ဒုံး အလက် (၂၀၀၀) ကျော်၊ Javelin တင့်ဖျက်စနစ် (၁၀၀၀၀) ကျော်၊ AGM-84 Harpoon ၊ Precision-Guided Munitions (PGMs) နှင့် AGM-88 HARM အပါအဝင် ဒုံးများနှင့် Laser-Guided Rocket များ၊ အီလက်ထရောနစ်စစ်ဆင်ရေးစနစ်များ၊ Mi-17V5 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် အစီး (၂၀)၊ Switchblade 300 နှင့် Switchblade 600 အသေခံ ဒရုန်းများ၊ Phoenix Ghosts ၊ RQ-20 Pumas နှင့် Boeing Insitu ScanEagles တို့ကဲ့သို့ ဒရုန်းများ၊ ရေဒါများ၊ ခဲယမ်းမျိုးစုံ စသည်တို့ ပါဝင်သည်။

အမေရိကန်သည် ယူကရိန်အား ယခုစစ်ပွဲမှ စတင်ထောက်ပံ့ခြင်း မဟုတ်ဘဲ ၂၀၁၄ ခုနှစ် ရုရှားက ကရိုင်းမီးယားအား ပြန်လည်သိမ်းပိုက်ပြီးချိန်မှ စတင်ကာ ထောက်ပံ့ပေးခဲ့ကြောင်း တွေ့ရသည်။ အမေရိကန်သည် ယူကရိန်းစစ်သည်များအား Joint Multinational Training Group-Ukraine (JMTG-U) အစီအစဉ်အရ ၂၀၁၅ ခုနှစ်မှ စတင်လေ့ကျင့်ပေးနေပါသည်။ ၂၀၁၄ ခုနှစ် မတ်လ ၄ ရက်တွင် အမေရိကန် ဒေါ်လာ တစ်ဘီလီယံ ချေးငွေ ပေးခဲ့သည်။ ၂၀၁၇ ခုနှစ် မေလ ၁၂ ရက်တွင် Consolidated Appropriations Act အရ ဒေါ်လာ ၅၆၀ သန်း ကိုလည်းကောင်း၊ ယင်းနှစ် ဒီဇင်ဘာ ၁၂ တွင် 2018 National Defense Authorization Act အရ ဒေါ်လာ ၃၅၀ သန်းကိုလည်းကောင်း ယူကရိန်းထံ ထောက်ပံ့ခဲ့သည်။ ဆက်လက်ပြီး ၂၀၁၈ ခုနှစ် ဇူလိုင် ၂၀ တွင် ဒေါ်လာ သန်း ၂၀၀ နှင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၉ တွင် ဒေါ်လာ သန်း ၂၀၀ ထပ်မံထောက်ပံ့ခဲ့သည်။ ရုရှား၏ အထူးစစ်ဆင်ရေးစတင်ချိန်တွင် အမေရိကန်က ယူကရိန်းအား Consolidated Appropriations Act (2022) အရ စစ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ ဒေါ်လာ ၁၃ ဒဿမ ၆ ဘီလီယံ ထောက်ပံ့ရန် ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်တွင် ခွင့်ပြုခဲ့သည်။ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၈ ရက်တွင် အမေရိကန်က ယူကရိန်းအား လူမှုဖူလုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပင်စင်စရိတ်များအတွက် ဒေါ်လာ ၄ ဒဿမ ၅ ဘီလီယံ ထောက်ပံ့မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ကြေညာသည်။

(ဆက်လက်ဖော်ပြပါမည်။)

ဒေါက်တာနိုင်ဆွေဦး

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

(ဤဆောင်းပါးသည် ကျွန်တော့အတွက် ထူးထူးခြားခြား အမှတ်တရ ရေးသားဖြစ်သော ဆောင်းပါး ဖြစ်ပါသည်။)

Share.

About Author

Leave A Reply