Dominator XP လူမဲ့လေယာဉ် စတင် တပ်တော်ဝင် အသုံးပြုနေသည့် ထိုင်းဘုရင့်လေတပ်

0

Dominator XP လူမဲ့လေယာဉ် စတင် တပ်တော်ဝင် အသုံးပြုနေသည့် ထိုင်းဘုရင့်လေတပ်

ထိုင်းဘုရင့်လေတပ် (Royal Thai Air Force – RTAF) ၏ Dominator XP လူမဲ့လေယာဉ် စတင်တပ်တော်ဝင် အသုံးပြုခြင်း အခမ်းအနားကို Takhli လေတပ်စခန်းတွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ထိုင်းဘုရင့်လေတပ် ဦးစီးချုပ် Air Chief Marshal Alongkorn Wannarot တက်ရောက်ပါသည်။ တပ်တော်ဝင်သည့် လေယာဉ်၏ နံပါတ်မှာ ၅၀၆ ဖြစ်ကြောင်း တွေ့ရပါသည်။

Dominator XP လူမဲ့လေယာဉ်သည် Diamond DA42 Twin Star လေယာဉ်အား အစ္စရေးနိုင်ငံ Aeronautics Defense Systems က အလယ်အလတ်အမြင့်ပျံ တာဝေးသွား လူမဲ့လေယာဉ် (Medium Altitude, Long Endurance – MALE) အဖြစ် ပြုပြင်မွမ်းမံထားခြင်း ဖြစ်ပါသည်။ ၎င်းလူမဲ့လေယာဉ်အား ထောက်လှမ်းရေး၊ စောင့်ကြည့်ခြင်းနှင့် ကင်းထောက်ခြင်း (Intelligence, Surveillance, and Reconnaissance – ISR) တာဝန်များ ထမ်းဆောင်နိုင်ရန် ဒီဇိုင်းထုတ် တီထွင်ထားခြင်း ဖြစ်သည်။ ၎င်းသည် ထမ်းဆောင်ရမည့် တာဝန်အပေါ်မူတည်ပြီး Payload အမျိုးမျိုးအား တပ်ဆင်ထားရာ –

– ထိတွေ့မှုစစ်ဆင်ရေးဆိုင်ရာ (Engagement Operations – EO)

– ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ (Search and Rescue – SAR)

– အီလက်ထရောနစ်ထောက်လှမ်းရေးဆိုင်ရာ (Electronic Intelligence – ELINT)

– ဆက်သွယ်မှုထောက်လှမ်းရေးဆိုင်ရာ (Communication Intelligence – COMINT) စသည့် တာဝန်များ ထမ်းဆောင်နိုင်သည်။

MPP DA42 လေယာဉ်ပေါ်တွင် အခြေခံတည်ဆောက်ထားသော ဤပလက်ဖောင်းတွင် ထမ်းဆောင်ရမည့် တာဝန်များ ပြီးမြောက်အောင်မြင်မှု ရှိစေရန်အတွက် အဆင့်အမြင့်ဆုံးဟု ဆိုနိုင်သည့် Payload များ ဖြစ်သော High Performance EO Day/ Night Payload ၊ SAR နှင့် Optical Radar များ၊ Mobile Location System များ၊ ဂြိုလ်တုဆက်သွယ်ရေးစနစ်များနှင့် အခြားကိရိယာများအား တပ်ဆင်ထားပါသည်။ အင်ဂျင်နှစ်လုံးတပ် လူမဲ့လေယာဉ် စနစ်ဖြစ်သောကြောင့် Dominator XP သည် ပင်လယ်ရေကြောင်းနှင့် ကုန်းမြေပေါ်တွင် ရှာဖွေကယ်ဆယ်ရေးတာဝန်များ ထမ်းဆောင်နိုင်ခြင်း၊ တာဝေးပျံသန်း ကင်းထောက်နိုင်ခြင်းနှင့် ဆိုးရွားသော ရာသီဥတုအခြေအနေတွင် ပျံသန်းတာဝန်ထမ်းဆောင်နိုင်ခြင်းစသည့် အားသာချက်များ ရှိပါသည်။

Dominator XP သည် SAR တာဝန်များအတွက်အရေးပါသော All – Weather and denied GPS Operations လုပ်ဆောင်နိုင်ပါသည်။ ISRAT တာဝန် အတွေ့အကြုံများနှင့် Aeronautics ၏ Orbiter လူမဲ့လေယာဉ် မျိုးကွဲအုပ်စုများ၏ ကောင်းမွန်သော သက်သေမှတ်တမ်းများအရ Dominator XP အား အသက်ဘေးအန္တရာယ် ကယ်ဆယ်ရေးတာဝန်များတွင် ထိရောက်စွာ အသုံးပြုနိုင်မည် ဖြစ်သည်။

DA42 Dominator လေယာဉ် (၃) စီး ဝယ်ယူရန်အတွက် ထိုင်းသည် အစ္စရေး Aeronautics ကုမ္ပဏီလီမိတက်နှင့် ၂၀၁၈ ခုနှစ်က စာချုပ်ချုပ်ဆိုခဲ့ပါသည်။ အမေရိကန်ဒေါ်လာ ၂၇ သန်းတန် အဆိုပါစာချုပ်တွင် အပိုပစ္စည်များ၊ ပစ္စည်းကိရိယားများ၊ ထောက်ပံ့ပို့ဆောင်ရေး လုပ်ဆောင်ပေးခြင်းနှင့် လေ့ကျင့်သင်ကြားခြင်း အစီအစဉ်များလည်း ပါဝင်သည်။ Dominator များသည် တတိယ လေတပ်အုပ်စု (3rd Wing) ၏ လက်အောက်တွင် အသစ်ဖွဲ့စည်းလိုက်သည့် အမှတ် (၃၀၂) အုပ်တွင် တာဝန်ထမ်းဆောင်ကြမည် ဖြစ်သည်။ ထိုင်းလေတပ်သည် ဤဝယ်ယူရေးအစီအစဉ်အတွက် ဘတ်ဂျက်တောင်းခံခြင်းအား ၂၀၁၈ ခုနှစ်မှာ ၂၀၂၁ ခုနှစ်အတွင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။

Dominator (၃) စီးအား တပ်တော်ဝင်လိုက်ခြင်းအားဖြင့် ထိုင်းဘုရင့်လေတပ်သည် MALE UAV အား ပထမဆုံးအဖြစ် အသုံးပြုလာနိုင်ပြီ ဖြစ်ပါသည်။ ၎င်းလူမဲ့လေယာဉ်များအား စစ်ဘက်နှင့် အရပ်ဘက် နှစ်မျိုးလုံးတွင် အသုံးပြုသွားမည်ဖြစ်ကြောင်းလည်း လေ့လာတွေ့ရှိရပါသည်။

ဒေါက်တာနိုင်ဆွေဦး

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

Source: Royal Thai Air Force Commissions Dominator XP Unmanned Aerial Vehicle, Air Recognition, 5 September 2023

Share.

About Author

Leave A Reply