နှစ် (၇၀) ပြည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေတပ်)

0

နှစ် (၇၀) ပြည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေတပ်)

ဒေါက်တာနိုင်ဆွေဦး

ယနေ့ ၂၀၁၉ ခုနှစ် ဧပြီလ (၂၃) ရက်နေ့သည် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (ရေတပ်) (Chinese People’s Liberation Army Navy) [PLAN/ PLA (NAVY)] တည်ထောင်သည့် နှစ် (၇၀) ပြည့် နှစ်ပတ်လည်ဖြစ်သည်။ နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနား၊ International Fleet Review IFR နှင့် China – ASEAN Joint Maritime Exercise တို့အား ဧပြီ (၂၂) မှ (၂၅) ရက်နေ့အထိ Shandong ပြည်နယ်ရှိ ကမ်းရိုးတန်းမြို့တစ်ခုဖြစ်သည့် Qingdao မြို့တွင် ပြုလုပ်နေပါသည်။

PLA (Navy) မှ စစ်ရေယာဉ် (၃၂) စီး၊ ရေတပ်၏ လေတပ်ဖွဲ့ (People’s Liberation Army Naval Air Force – PLANAF) မှ လေယာဉ်နှင့် ရဟတ်ယာဉ် (၃၉) စီး ပါဝင်မည်ဖြစ်သည်။ တန်ချိန် ၁၀၀၀၀ ရှိ ပုံစံ ၀၅၅ အတန်းအစား ဖျက်သင်္ဘောသည်လည်း ပထမဆုံးအကြိမ်အဖြစ် ပါဝင်မည် ဖြစ်သည်။

ရုရှား၊ ဂျပန်၊ အိန္ဒိယ၊ အာဆီယံနိုင်ငံများ စုစုပေါင်း (၁၃) နိုင်ငံမှ စစ်ရေယာဉ် (၁၉) စီးတို့ ပါဝင် တက်ရောက်မည်ဖြစ်ပြီး၊ နိုင်ငံပေါင်း (၆၀) ကျော်မှ ကိုယ်စားလှယ်များလည်း တက်ရောက်မည် ဖြစ်သည်။ မြန်မာ့တပ်မတော် (ရေ) မှ ဖရီးဂိတ်စစ်ရေယာဉ် ဆင်ဖြူရှင် (F -14) သည် ယခုအခါ Qingdao သို့ရောက်ရှိနေပြီ ဖြစ်သည်။

PLA (Navy) ဆိုင်ရာ အချက်အလက်များ (အကျဉ်း)

၁၉၄၉ ခုနှစ် ဧပြီလ (၂၃) ရက်တွင် နိုင်ငံ၏ အရှေ့ဖက်ပြည်နယ်ဖြစ်သည့် Jiangsu ပြည်နယ် Baima မြို့တွင် ရေတပ်၏ ဦးဆောင်အစိတ်အပိုင်းဖြစ်လာမည့် အရှေ့ပိုင်းတရုတ်စစ်ဒေသဌာနချုပ် (East China Military Area Command) အား တည်ထောင်ခဲ့သည်။

စစ်ရေယာဉ်စုများ (Fleets)

PLA (Navy) တွင် စစ်ရေယာဉ်စု (၃) စု ရှိသည် –
(၁) ပင်လယ်ဝါရှိ မြောက်ပင်လယ် စစ်ရေယာဉ်စု (North Sea Fleet)
(၂) အရှေ့တရုတ်ပင်လယ်ရှိ အရှေ့ပင်လယ် စစ်ရေယာဉ်စု (East Sea Fleet) နှင့်
(၃) တောင်တရုတ်ပင်လယ်ရှိ တောင်ပင်လယ် စစ်ရေယာဉ်စု (South Sea Fleet)

အလံဆောင်စစ်ရေယာဉ်များ (Flagships)

(၁) မြောက်ပင်လယ် စစ်ရေယာဉ်စု – ဖျက်သင်္ဘော Harbin (DDG – 122)
(၂) အရှေ့ပင်လယ် စစ်ရေယာဉ်စု – ဖျက်သင်္ဘော Changchun (DDG – 150)
(၃) တောင်ပင်လယ် စစ်ရေယာဉ်စု – ဖျက်သင်္ဘော Shenzhen (DDG – 167)

စစ်ရေယာဉ်အရေအတွက်

တန်းပြည့်တာဝန်ထမ်းဆောင်နေသော (Active Service) စစ်ရေယာဉ် (၃၀၀) ကျော်ရှိပြီး တန်ချိန်အားဖြင့် (၁.၃) သန်းကျော်ရှိသည်။ ရေတပ်၏ လေတပ်ဖွဲ့တွင် လေယာဉ်နှင့် ရဟတ်ယာဉ် အစီး (၆၀၀) ကျော်ရှိသည်။

စစ်ရေယာဉ် အမည်မှည့်ခေါ်သည့် စနစ်

(၁) ခရူဇာ (Cruiser) များအား ပြည်နယ်များ၏ အမည်၊
(၂) ဖျက်သင်္ဘော (Destroyer) နှင့် ဖရီးဂိတ် (Frigate) များအား မြို့တော်များ၏ အမည် [ဥပမာ – ဖျက်သင်္ဘော Harbin (DDG – 122)]၊
(၃) ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ် (Anti-Submarine Ship) များအား ကောင်တီ (County) များ၏ အမည်၊
(၄) တင့်ကားတင်ရေယာဉ် (Landing Ship, Tank – LST) နှင့် ကမ်းတက်တိုက်ခိုက်ရေးရေယာဉ် (Landing Ship, Dock – LSD) များအား တောင်ကြီး (Mountain) များ၏ အမည်၊
(၅) ခြေလျင်စစ်သည်တင် ရေယာဉ် (Landing Ship, Infantry – LSI) များအား မြစ် (River) များအမည်၊
(၆) ပင်လယ်ပြင် ထောက်ပံ့ဖြည့်တင်းရေး ရေယာဉ် (Replenishment Ship) များအား ရေကန်ကြီး (Lake) များ၏ အမည်များ၊
(၈) လေယာဉ်တင်သင်္ဘော (Aircraft Carrier) များ၏ အမည်အား နိုင်ငံတော်ကောင်စီ (State Council) ၏ အထူးအစီအစဉ်ဖြင့် အမည်သတ်မှတ်ပေးသည်။ [ဥပမာ လေယာဉ်တင်သင်္ဘော လျောင်နင်း (၁၆) ၏ အမည်အား လျောင်နင်းပြည်နယ်ကို ဂုဏ်ပြု သတ်မှတ်ထားခြင်း ဖြစ်သည်။]

ရေယာဉ်ကိုယ်ထည်နံပါတ် (Hull Number) သတ်မှတ်ပုံ

(၁) ဖျက်သင်္ဘောများအတွက် အစနံပါတ် – ၁ [ဥပမာ – ဖျက်သင်္ဘော Changchun (DDG – 150)]
(၂) သမားရိုးကျ ရေငုပ်သင်္ဘောများအတွက် အစနံပါတ် – ၂ နှင့် ၃
(၃) နျူကလီးယားရေငုပ်သင်္ဘောများအတွက် အစနံပါတ် – ၎
(၄) ဖရီးဂိတ်များအတွက် အစနံပါတ် – ၅
(၅) အစောင့်လိုက်စစ်ရေယာဉ်၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်နှင့် ဒုံးပျံတင်ရေယာဉ်များအတွင် အစနံပါတ် – ၆ နှင့် ၇
(၆) ရေငုပ်သင်္ဘောနှင့် အခြားစစ်ရေယာဉ်များအတွက် အခြေစိုက်ရေယာဉ် (Depot Ship) နှင့် မိုင်းရှင်းရေယာဉ် (Mine Layer) များအတွက် အစနံပါတ် – ၈
(၇) ကမ်းတက်စစ်ဆင်ရေးရေယာဉ် (Landing Ship) များအတွက် အစနံပါတ် – ၉

Naing Swe Oo
Thayninga Institute for Strategic Studies

Source: China Global Television Network(CGTN)

Share.

About Author

Leave A Reply