စီးပွားရေးတိုးတက်ဖို့ လိုသည်
“သမိုင်းကြောင်းအရ လူ့အဖွဲ့စည်းတစ်ခုလုံး၏ ဘ၀အခွင့်လမ်းများကို ဖွင့်ပေးရန် စီးပွားရေးတိုးတက်မှုက လွဲ၍ မည်သည့်အရာကမျှ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ခြင်း မရှိသေးပေ”
Dani Rodrik, Harvard University (2007)
လူ့အဖွဲ့စည်း၏ ပဓာနလိုအပ်ချက်သည် စီးပွားရေး အဆင်ပြေ အဆက်မပြတ် တိုးတက် နေဖို့ဖြစ်ပေသည်။ စီးပွားရေး အဆင်ပြေတိုးတက်မှုကသာ လူ့အဖွဲ့စည်းကို ဆင်းရဲတွင်းကနေ ဆွဲထုတ်နိုင်ပြီး ပိုမိုကောင်းမွန်သည့် ဘ၀အတွက် ပိုမိုကျယ်ပြန့်သော ရည်မှန်းချက်များကို အကောင်ထည်ဖော်ရန် အကောင်းဆုံး အထိရောက်ဆုံး နည်းလမ်းဖြစ်ပေသည်။
(၂၀၀၂) ကမ္ဘာ့ဘဏ်နှင့် အခြားသော သုတေသနများအရ နိုင်ငံတစ်နိုင်ငံသည် ၀င်ငွေ ဆယ်ရာ ခိုင်နှုန်း တိုးတက်ခဲ့မည်ဆိုလျှင် ၎င်းနိုင်ငံ၏ ဆင်းရဲမွဲတေမှုကို နှစ်ဆယ်ရာခိုင်နှုန်းကနေ သုံးဆယ် ရာခိုင်နှုန်းထိ လျှော့ချနိုင်သည်ဟု ဖော်ပြထားပေသည်။ တစ်ဦးတစ်ယောက်ချင်းစီ၏ ပျမ်းမျှဝင်ငွေ တစ်ရာရာခိုင်နှုန်း တိုးတက်ခြင်းသည် ဆင်းရဲမွဲတေမှု ၁.၇ ရာခိုင်နှုန်း လျှော့ချနိုင်ပေသည်။
သုတေသနတွေ့ရှိချက်များအရ စီးပွားရေးတိုးတက်မှုကြောင့် ၁၉၇၉-ခုနှစ်ကစပြီး တရုတ်နိုင်ငံ၏ ပြည်သူ သန်းပေါင်း ၄၅၀ ကျော်ကို ဆင်းရဲမွဲတေမှုကနေ ဆွဲထုတ်နိုင်ခဲ့သည်၊ အိန္ဒိယနိုင်ငံမှာတော့ ၁၉၈၀-ခုနှစ်ကစပြီး ဆင်းရဲမွဲတေမှု သိသာစွာ ကျဆင်းလာခဲ့ပြီး ၁၉၉၀-ခုနစ်အလွန်မှာတော့ အချိန်မြှင့် လျော့ကျလာခဲ့သည်၊ ဗီယက်နမ်နိုင်ငံ၏ ၁၉၉၃-ခုနှစ်ကနေ ၂၀၀၂-ခုနှစ်အထိ ဆင်းရဲ မွဲတေမှု ကျဆင်းသွားသည့်အနေထားကတော့ အံ့သြစရာကောင်းသည်၊ တစ်နှစ်လျှင် ၇.၈ရာခိုင် နှုန်း လျော့ကျခဲ့ပြီး ဆင်းရဲနွမ်းပါမှု ၅၈ရာခိုင်နှုန်းမှ ၂၉ ရာခိုင်နှုန်းထိ ထက်ဝက်မျှ ကျဆင်းသွား ခဲ့သည်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ဆင်းရဲနွမ်းပါးသော သို့မဟုတ် အလုပ်လက်မဲ့ လုပ်သားလူထု အတွက် အလုပ်အကိုင် အခွင့်လမ်းများကို ဖန်တီးပေးနိုင်သည်။ အပြန်အားဖြင့် အလုပ်အကိုင် အခွင့်လမ်းများ တိုးမြင့် ဖန်တီးပေးနိုင်ခြင်းသည် စီးပွားရေးတိုးတက်ဖို့ တွန်းအားတစ်ရပ် ဖြစ်ပေသည်။ ထိုင်း၊ ဗီယက်နမ်၊ တရုပ်နှင့် အိန္ဒိယတို့သည် အလုပ်အကိုင် အခွင့်လမ်းများကို ဖန်တီး ပေးနိုင်သော နိုင်ငံအများစုတွင် ပါဝင်နေဆဲဖြစ်သည်။
စီးပွားရေးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်လမ်းများကြားက ဂေဟစနစ် တည်မြဲခိုင်မာဖို့ ရွေးချယ် နိုင်သော အလုပ်အကိုင်အရေတွက်နှင့် အလုပ်အမျိုးစားများကို ကဏ္ဍအလိုက် ဖော်ဆောင် ပေးဖို့လိုသည်။
ငွေအား၊ နည်းပညာအားဖြင့် စိုက်ပျိုးရေးကို ပံ့ပိုးခြင်း၊ ကုန်ထုတ်စွမ်းအားနှင့် ၀န်ဆောင်မှုများကို တိုးမြှင့်ခြင်း၊ ငွေကြေး ဖောင်းပွမှု ထိန်းချုပ်ခြင်း၊ ပို့ကုန်တိုးမြင့်ခြင်း၊ ကဏ္ဍအစုံ အလုပ်အကိုင်များ ဖန်တီးပေးခြင်း၊ အလုပ်သမားအခွန် လျှော့ချခြင်း၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံမှုများကို အားပေးခြင်း၊ တရားမ၀င် အလုပ်အကိုင်များကို တရားဝင် ဖော်ဆောင်ပေးခြင်းဖြင့် အခွန်ကောက်ခြင်းတို့သည် မက်ခရို စီးပွားရေး ရေရှည်ဖွံ့ဖြိုး တိုးတက်မှုကို ပံ့ပိုးနိုင်ရုံသာမက လုပ်သားလူထုအတွက်ပါ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး အခွင့်လမ်း တစ်ရပ်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ ပြည်ပပို့ကုန်ထက် ပြည်တွင်းသွင်းကုန် အများပြား စီးဝင်နေခြင်းသည် ပြည်တွင်း ထုတ်လုပ်စွမ်းအားကို လျော့ကျစေသည့်အပြင် အလုပ်ကိုင်အခွင့်လမ်းများ ရှားပါးစေနိုင်သည်။ ဥပမာ၂၀၀၁၊ ၂၀၀၈၊၂၀၁၃-ခုနှစ်ကာလများမှာ အမေရိကန်နှင့်တရုတ်တို့ကြား သွင်းကုန်၊ ပို့ကုန် မညီမျှမှုက အမေရိကန်ပြည်တွင်း အလုပ်လက်မဲ့ ၃.၇သန်း ဖြစ်ပေါ်ခဲ့ဖူးသည်။
စီးပွားရေးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်လမ်းများ ရရှိခြင်းသည် လူသားအရင်းမြစ်များကို ဖွံ့ဖြိုးစေမည့် ပြည်သူ့ဝန်ဆောင်မှုများ၊ လူနေမှုအဆင့်တန်းနှင့် ပိုမိုကောင်းမွန်သော ကိုယ်ကျင့် တရားဆိုင်ရာ လူ့အသိုင်းအဝိုင်း ကျယ်ပြန့်မှုကို တိုးမြင့်နိုင်ရုံသာမက နိုင်ငံတစ်နိုင်ငံ၏ မျိုးဆက်များ အတွက် တီထွင်ကြံဆမှုနှင့် အသိပညာဖွံ့ဖြိုးမှုဆိုင်ရာ ပညာရေးကဏ္ဍများကို နေရာအလိုက် ချဲ့ ထွင် ပံ့ပိုးနိုင်ပေသည်။
စီးပွားရေးတိုးတက်လာလျှင် လူ့အသိုင်းအဝိုင်း ဖွံ့ဖြိုးကျယ်ပြန့်လာမှုနှင့်အတူ နေ့စဉ်အမျှ ကျွမ်းကျင် မှုဆိုင်ရာ နည်းပညာနှင့် အသိပညာအတွက် အချိန်နှင့်ငွေ ရင်းနှီးမြှုပ်နှံရာမှ အကျိုးမြတ် ကြီးကြီး မားမား မျှော်လင့်ထားသော လူ့အဖွဲ့စည်းသည် ပညာရေးလိုအပ်ချက် တိုးပွားလာမှာ ဖြစ်သည်။ ပညာရေးလိုလာသော လူ့အဖွဲ့စည်းတိုးပွားလာခြင်းသည် လူနေမှုအဆင့်တန်းတိုးတက်ဖို့အတွက် ကောင်းသောလက္ခဏာဖြစ်ပြီး နိုင်ငံတစ်နိုင်ငံအတွက် ရေရှည် တိုးတက်စေနိုင်သော အပေါင်း လက္ခဏာ ဖြစ်သည်။ ထို့ကြောင့် စီးပွားရေးတိုးတက်မှုသည် လူ့အဖွဲ့စည်း ရေရှည်ဖွံ့ဖြိုးဖို့အတွက် အခအရာဖြစ်နေသည်ဟု ဆိုနိုင်ပေသည်။
စီးပွားရေးတိုးတက်မှုနှင့် လူ့အဖွဲ့စည်း ပေါင်းစည်းနိုင်ခဲ့မည်ဆိုလျှင် တိုးပွားလာသော နိုင်ငံတော် ၀င်ငွေမှ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍအတွက် အသုံးစာရိတ်များ တိုးမြှင့်နိုင်ရုံသာမက ၀င်ငွေ မြင့်မားလာသော အိမ်ထောင်စု အသီးသီး လူ့အဖွဲ့စည်း၏ အလာတူကဏ္ဍများမှာ ရင်းနှီး မြှုပ်နှံမှု ပိုမို တိုးလာနိုင်ခြင်းကြောင့် နိုင်ငံတစ်နိုင်ငံ၏ ရေရှည်ဘက်စုံဖွံ့ဖြိုးမှုကို အထောက်ပံ့ဖြစ်စေသည်။
စီးပွားရေးတိုးတက်မှုကြောင့် နိုင်ငံတော်ဝင်ငွေနှင့် တစ်ဦးချင်းဝင်ငွေ တိုးပွားလာခြင်းသည် သုတေ သနအချက်လက်များအရ ပြည်သူ့ဝန်ဆောင်မှုများကို တိုးမြှင့် ခွဲဝေချထားခြင်းကနေ တဆင့် ၎င်းနိုင်ငံ၏ မွေးကင်းစ ကလေးများ သေဆုံးမှု လျော့ကျခြင်း၊ ကျောင်းထွက်နှုန်း နဲပါးစေပြီး ကျောင်းတက်နှုန်း မြင့်မားစေခြင်း၊ ကူးစက်မြန်ရောဂါများကို ထိန်းချုပ်နိုင်ခြင်း၊ တစ်ဦးချင်း ၀င်ငွေ ကောင်းခြင်းကြောင့် သက်တမ်းရှည်ခြင်းနှင့် နိုင်ငံတစ်နိုင်ငံ၏ လူမျိုးစုများအကြား ထိတွေ့ ဆက်ဆံမှုနှင့် နာလည်မှုရရှိကြခြင်း များစွာသော အကျိုးကျေးဇူးဖြစ်ထွန်စေမှုကို တွေ့ရပေသည်။
စီးပွားရေးတိုးတက်မှုသည် အရင်းနှီးနှင့် လုပ်အားများမှာ ရင်းနှီးမြုပ်နှံမှုနှင့် တိုက်ရိုက်ဆက်စပ်နေသလို တီထွင်ဆန်းသစ်မှုနှင့် ဆန်းသစ်သော နည်းပညာပံ့ပိုးမှုကို အဓိက လိုအပ်သည်။
ရုပ်ပိုင်းဆိုင်ရာ ရင်းနှီးမြုပ်နှံမှုအပိုင်းမှာဆိုလျှင် ထုတ်လုပ်မှုဆိုင်ရာ အလုပ်ရုံစက်ရုံများ၊ နည်းပညာနှင့် စက်ပိုင်းဆိုင်ရာ ပစ္စည်းများ၊ ကုန်ကြမ်းများနှင့် ဘဏ္ဍာရေးဆိုင်ရာ ကုန်ကျစာရိတ် အရင်းနှီးများ ပါဝင်နေသည်။ အနုတ်လက္ခဏာအနေနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်သည် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံကြသော လုပ်ငန်းရှင်များအတွက် အတားဆီး တစ်ခုဖြစ်နေတတ်သည်ကို သတိပြုသင့်ကြသည်။ ဘဏ္ဍာရေးကို ကောင်းစွာ လည်ပတ်စေနိုင်သော နိုင်ငံများသည် လျင်မြန်စွာ စီးပွားရေးတိုးတက်ကြသည်ကို တိုးတက်ပြီးနိုင်ငံများက သက်သေပြနေသည်။
လူ့စွမ်းအားအရင်းနှီးအနေနဲ့ မြှုပ်နှံရာဖြစ်သည့် ပညာရေးနှင့် ကျွမ်းကျင်ရေးကဏ္ဍသည် စီးပွားရေး တိုးတက်မှု၏ အရေးကြီးသော အစိတ်ပိုင်းတစ်ရပ်ဖြစ်သလို လူသားအရင်းမြစ် ဖွံ့ဖြိုးရေးအတွက်လည်း ဖြစ်ပြန်သည်။ ပညာရေးနှင့် ကျွမ်းကျင်ရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုသည် သင်ယူအထောက်အကူပြု တိုက်ရိုက်ကုန်ကျစရိတ်နှင့် လုပ်ခလစာဆိုင်ရာ သွယ်ဝိုက်သော ကုန်ကျစရိတ်အဖြစ်ဖြင့် ထင်ရှားနေသည်။
လူ့စွမ်းအားအရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်ဖို့ အဓိက မောင်းနှင်အား ဖြစ်သလို စီးပွားရေးတိုးတက်မှုသည်လည်း လူ့စွမ်းအား ဖွံ့ဖြိုးဖို့ အရင်းနှီး ဖြစ်ပြန်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျွမ်းကျင်လူ့စွမ်းအား ရှားပါးနေခြင်းသည် စီးပွားရေးတိုးတက်ဖို့ ဖြေရှင်းနေရသော ပြဿနာကြီးတစ်ရပ် ဖြစ်နေပြန်သည်။ လူသားစွမ်းအားကို တိုးမြှင့် ရင်းနှီးမြှုပ်နှံနိုင်မှသာလျှင် စီးပွားရေးဖွံ့ဖြိုးရေးအတွက် အသိပညာနှင့် ဆန်းသစ်သော နည်းပညာများကို ဖန်တီးနိုင်၊ အသုံးချနိုင်မည် ဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရမှာ ဥပဒေစိုးမိုးရေးဆိုင်ရာ အကာကွယ်ပေးမှုက အခအရာကျ ပြန်သည်။ ရင်းနှီးမြှုပ်နှံသူများ၏ အလုပ်ရှင်အခွင့်အရေးများ၊ လုပ်ငန်းပတ်ဝန်းကျင်နှင့် ပိုင်ဆိုင်မှုများကို ရာဇ၀တ်ကျူးလွန်မှုများ၊ အကျင့်ပျက်ခြစားမှုများ၊ နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ခြိမ်းခြောက် အနိုင်ကျင့်မှုများမှ ဥပဒေအရ အကာကွယ်ပေးနိုင်ဖို့ လိုသည်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လိုလာသော အစိုးရတစ်ရပ်သည် ဈေးကွက်ယှဉ်ပြိုင်မှုကို ဖော်ဆောင် အားပေးရမည် ဖြစ်သည်။ ဈေးကွက်လက်ဝါကြီးအုပ်စိုးမှုစနစ်သည် ၀ယ်ယူ သုံးစွဲစားသုံးသူများ အကြိုက် ရွေးချယ်ခွင့် မရှိပေ။ ဈေးကွက်ယှဉ်ပြိုင်မှုသည်သာ စိတ်ကြိုက် ဈေးနှုန်းအလိုက် စားသုံးသူများကို ဆွဲဆောင်နိုင်သလို ရင်းနှီးမြှုပ်နှံသူများကိုလည်း ထုတ်လုပ်မှုစွမ်းအားမြှင့်ဖို့ တွန်းအားပေး ရာလည်း ရောက်သည်။
နိုင်ငံတစ်နိုင်ငံ၏ မက်ခရိုစီးပွားရေးတိုးတက်ဖို့ ရင်းနှီးမြှုပ်နှံသူများအတွက် စွန့်စားမှုနဲသော ပတ်ဝန်း ကျင်များကို ဖန်တီးထားရမည်အပြင် သယ်ယူပို့ဆောင်ရေးအခြေအဆောက်အအုံများ၊ လုံလောက်သော လျှပ်စစ်နှင့် အခြားသော ၀န်ဆောင်မှုများ၊ မိုဘိုင်လ်ဆက်သွယ်ရေးများ၊ သတင်းအချက်လက်များနှင့် ကောင်းမွန်သော ဘဏ်စနစ်များကို အစိုးရတစ်ရပ်အနေနဲ့ ၀န်ဆောင်မှု ပေးနိုင်ဖို့လိုသည်။
အထူးသဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပွင့်လင်းမြင်သာစွာ ချမှတ်ထားဖို့ လိုသည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးသည် ကမ္ဘာလုံးဆိုင်ရာဈေးကွက်နှင့် မပေါင်းစည်းနိုင်သရွေ့ ဖွံ့ဖြိုးတိုး တက်မှုကို မရနိုင်ပေ။ သို့အတွက်ကြောင့် ကုန်စည်ဈေးကွက် ပေါင်းစည်းခြင်း၊ သွင်းအားစု ဈေးကွက် ပေါင်းစည်းခြင်းနှင့် ဘဏ္ဍာရေးအရင်းနှီး ပေါင်းစည်းခြင်းတို့ကို အစဉ်တစိုက် ပံ့ပိုးနေသင့် ပေသည်။
ကုန်သွယ်ရေး ပွင့်လင်းမြင်သာမှုသည် နိုင်ငံအချင်းချင်း စွန့်စားမျှဝေနိုင်ခြင်း၊ ကုန်စည် ဈေးကွက်ကို တိုးတက်စေခြင်း၊ နည်းပညာလွှဲပြောင်းမှုဆိုင်ရာ လွယ်ကူချောမွေ့စေခြင်း၊ ယှဉ်ပြိုင် မှုဈေးကွက် မြင့်တက်လာခြင်းနှင့် စားသုံးသူများ အကျိုးကျေးဇူး ခံစားရခြင်းစသော စီးပွားရေး တိုးတက်မှုကို ပိုမိုဖြစ်ထွန်းစေသည်။
အရှေ့တောင်အာရှနိုင်ငံများသည် စိုက်ပျိုးရေးအခြေခံသော လူ့စွမ်းအားဖြင့် လယ်ယာကဏ္ဍများကို အမှီပြုကာ နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့ကြသည်။ လယ်ယာစိုက်ပျိုးရေး ကုန်ထုတ်စွမ်းအားကို သုတေသန၊ နည်းပညာ၊ အရင်းနှီးမြှုပ်နှံမှုများနှင့် လူ့စွမ်းအားများကို ပေါင်းကာ အစဉ်တစ်စိုက် တိုးမြှင့်ကြမည်ဆိုလျှင် အခြေခံလူတန်းစားများ ၀င်ငွေမြင့်တက်လာမှုနှင့်အတူ ပိုမိုကောင်းမွန်သော ကျန်းမာရေးနှင့် ပညာရေး တိုးတက်မှုရရှိကာ ဆင်းရဲနွမ်းပါးသော လူ့အဖွဲ့အစည်း ၀န်းကျင်မှ လွတ်မြောက်လိမ့်မည်။
အချုပ်အားဖြင့် ဆိုရသော် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် လူ့အဖွဲ့စည်း တိုးတက်မြင့်မာမှုသည် ဂဟေစနစ်တစ်ခုအနေဖြင့် ချိပ်ဆက်နေပေသည်။ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု နိမ့်ကျလျှင် နိုင်ငံတစ်နိုင်ငံ၏ လူ့အဖွဲ့စည်းသည် ကျန်းမာရေးနှင့် ပညာရေး နိမ့်ကျလေသည်။ ကျန်းမာရေးနှင့် ပညာရေး နိမ့်ကျသော နိုင်ငံတစ်နိုင်ငံသည် စီးပွားရေးတိုးတက်ဖြစ်ထွန်းဖို့ မဖြစ်နိုင်ပေ။ သို့အတွက်ကြောင့် နိုင်ငံတစ်နိုင်ငံ၏ လူ့အဖွဲ့စည်း တိုးတက်မြင့်မားလာဖို့ စီးပွားရေးတိုးတက်ဖို့ လိုသည်။
အောင်သူ